အပိုင်း ၁
သူ့ကို သိသည်။ ချင်းတွင်းမြစ်ကို သက်သေထားပြီး ပြောရဲသည်။ နာဂတောင်တန်းကို သက်သေတည်ပြီး ဆိုရဲသည်။ သူ့ကို မြင်ကြည့်ရာတွင် နောက်ခံ ရှုခင်းအနေဖြင့် နှင်းထုထူထူကြီးပါဝင်သည်။ တောင်တန်း ပြာပြာကြီးကိုလဲ တွေ့ရသည်။
ပထမဆုံးစီးနင်းခွင့်ရခဲ့သော လေယာဉ်အင်ကျင်၏ တုန်ခါမြည်ဟီးမှုသည် ရင်ကိုရိုက်ခတ်လာပြန်သည်။ လေယာဉ်အင်ကျင်စက်သံနောက်ကွယ်တွင်မန္တလေးမြို့၏ပစ္စင်ပြအိုးတို့အစီအရီပေါ်လာပြန်သည်။နန်းဆောင်မြင့်မြင့် တို့ရိပ်ကနဲ့ ရိပ်ကနဲ့ တွေ့ရသည်။ ကျုံးရေပြင်ပြာပြာတွင် သူ့အရိပ်ထင်နေသလိုမြင်ရပြန်သည်။ မန္တလေးမြို့၏ကျက်သရေဆောင် မန်းတောင်တော်နှင့် ထုံးဖြူဖြူစေတီတော်တို့၏ ဆွဲလည်သံ လွင်လွင်ကို ပီပီပြင်ပြင် ကြားရပြန်သည်။ သူ့ကို မန္တလေးမြို့တွင် တွေ့ကြုံ ခင်မင်ခွင့်ရခဲ့သည်။ စာသင်ခန်းများတွင် သူ့ကိုတွေ့ရသည်။အမြဲတမ်းပြုံးနေတတ်သည်။စာသင်ခန်းတွင်သာမကမန္တလေးလမ်းများပေါ်တွင်လဲအတူလျှောက်လှမ်းခဲ့ကြဖူးသည်။ကုသိုလ်တော်ဘုရားဝင်အတွင်းကခရေဖွေးဖွေးတွေကိုကောက်ပြီးဘုရားတင်လှူပူဇော်ခဲ့ကြဖူးသည်။ ရွှေနန်းတော်ကြီး အရှေ့ဘက်ကျုံးလမ်းက ကုက္ကိုတန်းတွင် လေညှင်းခံခဲ့ကြဖူးသည်။ ၆၂လမ်းပေါ်က သာသနာ့ တက္ကသိုလ်တွင် အခြေချကာ လေးနှစ်တာကာလအတွင်း သူ့နှင့်ပတ်သက်ပြီး ပြောပြစရာတွေများခဲ့သည်။ တခါတရံ အဆောင်(၂) ကမိမိအခန်းကိုရောက်လာတတ်သည်။ အများအားဖြင့် သူဖတ်နေကြ the light စာစောင်က အမေးအဖြေကဏ္ဍကို လာရောက်ပြီး ဆွေးနွေးလေ့ရှိသည်။ သူ့အတွေး ကိုယ့်အမြင်ကိုပွင့်ပွင့်လင်းလင်းဖွင့်ဟပြောပြခဲ့ကြဖူးသည်။မန္တလေးမြို့နန်းရှေ့သာသနာ့တက္ကသိုလ်ပထမနှစ်မှသည် နောက်ဆုံးနှစ်အထိ အနီးကပ် ခင်မင်ခွင့်ရသော ကျနော်၏ မိတ်ဆွေနည်းနည်းတွင် သူပါသည်။ စတုတ္ထနှစ်ပြီးဆုံးအောင်မြင်ပြီးနောက်တာဝန်ကျရာအရပ်ဆီသွားကြရတော့မည်ဆိုတော့သူ့ကိုလဲခွဲခွါရာတော့မည်မိတ်ဆွေစာရင်းတွင်ထည့်လိုက်ပါသည်။ကံတရားကိုထည့်မတွက်ရက်စက်လိုက်ခြင်းမျိုးဖြစ်ခဲ့သည်။ သို့သော်သူတာဝန်ကျရာဒေသနှင့်မိမိတာဝန်ကျရာဒေသမှာလမ်းကြောတစ်ခုတည်း၌ပင်တည်ရှိနေပြန်သည်။
၂၀၀၇ ရဲ့ ဒီဇင်ဘာ ၂၅ ရက်တွင်မန္တလေးမြို့ကသာသနာ့တက္ကသိုလ်ကြီးကိုအတူတူနှုတ်ဆက်ခဲ့ကြရပြန်သည်။ မြန်မာနိုင်ငံ မြောက်ဖျားတစ်နေရာတွင် မိမိတို့ နှစ်ဦးအတွက် တာဝန်ကျနေရာ ရှိသည်ဟူသော အတွေးဖြင့် တံတားဦး၊အပြည်ပြည်ဆိုင်ရာနိုင်ငံတကာလေဆိပ်ကနေဟုမ္မလင်းမြို့လေးကိုထွက်ခွာခဲ့ကြသည်။နှင်းတွေတွေ့တော့သူလဲအံ့သြသည်၊မိမိမှာလဲမင်သက်ငေးမောနေမိသည်။ သူကမိတ္ထီလာသား မိမိက ပျော်ဘွယ်သား ဆိုတော့ နှင်းတွေအကြားရောက်ခဲ့ရသည်ကိုပင် အထူးအဆန်းဖြစ်ခဲ့ရဖူးပြန်သည်။ နောက်တော့ သူတာ-န်ကျရာဒေသ မြန်မာပြည်၏ အအေးဆုံးဒေသများတွင် အပါအ၀င်ဖြစ်သော ဆွမ္မရာ တောင်တန်းအနီးတွင် သူ(၂)နှစ်နေခဲ့သည်။မိမိကချင်းတွင်းမြစ်ဖျားကငှက်ဖျားကြောတွင်မျောဝင်ပြီး(၂)နေခဲ့ရသည်။သူ့ကိုလမ်းတ၀က်က ထမံသီရှမ်းရွာကြီးမှာ လမ်းခွဲခဲ့ရသည်။ သူ့သတင်းများကြားပါသည်။ မိမိသတင်းလဲ သူကြားမိကြောင်း ပြောဖြစ်ကြသည်။
မန္တလေးမြို့သို့အပြန်ခရီးတစ်ခုတွင်သူ့ကိုထမံသီရွာကြီးတွင်ရုတ်တရက်တွေ့လိုက်ရသည်ကများစွာအံ့အားသင့်စေသည်။စစ်ဖိနပ်စီးထားသည်။ခါးတွင်ဓားလွယ်နှင့်ပြီးတော့စစ်သုံးကျောပိုးအိပ်ကိုလွယ်ထားသည်။အသားတွေရင့်ပြီးအက်နေသည်။မည်းပြီးလဲခြောက်သွေ့နေပြန်သည်။စစတွေ့တွေ့ချင်းနားမလည်ချင်သလိုလိုဖြစ်ခဲ့မိသည်။မော်တော်ပေါ်ရောက်၍သူ့ရွာအကြောင်းပြောပြတော့မှပင်အသက်နဲ့ကိုယ်တွဲလျှက်ရှိနေသေးသည်ကိုပင် အံ့သြမိပြန်သည်။မိမိတာဝန်ကျရာဒေသမှာသူ့ပတ်ဝန်းကျင်လောက်မခက်ခဲ။ရှိပြီးသားကိုထိန်းပေးရုံအဆင့်သာ ရှိ၏။
သူ့ပတ်ဝန်းကျင်တွင်ကား သူသာ ပထမဆုံး စွန့်ဦးတီထွင်သူ ဖြစ်ခဲ့၏။ နာဂကလေးများကို မန္တလေးမြိုသို့ပို့ပြီး စာသင်နိုင်သည်အထိလုပ်ပေးနိုင်ခဲ့သည်။သူ့ရွာအကြောင်းကိုပြောလာလိုက်သည်မှာချင်းတွင်းမြစ်သာခရီးတစ်ထောက်နား၍ မော်တော်မှ ဆင်းလိုက်ရသည်။ သူ၏ အတွေ့အကြုံတို့ကား စီးမျောနေဆဲပင်ရှိ၏။ မန္တလေးတွင် လုပ်ကိုင်စရာများပြီးတော့သူ့ရွာလေးတွင်ပထမအဦးဆုံးဗုဒ္ဓဘာသာခံယူပွဲရှိကြောင်းတတ်နိုင်လျှင်အကူအညီပေးဖို့ကမ်းလှမ်းလာပါသည်။စိတ်ပါဝင်စားသော်လည်ကိုယ့်ကိစ္စနှင့်ကိုယ်မို့ငြင်းလိုက်ရသည်။
နောက်တွင်သူပြန်လည်ပြောပြသဖြင့်အဲဒီတုန်းကမိမိမလိုက်ပါနိုင်လိုက်သည်ကိုတွေးပြီးအားမလိုအားမရဖြစ်မိသည်။မြေပြန့်တွင်ရောက်နေသောတောင်ပေါ်သူတောင်ပေါ်သားများအတွက်လဲအမြဲတမ်းကြိုးပမ်းနေသသည်ကိုတွေ့ရသည်။ တွေ့တိုင်းလည် ကလေးများ၏ အနာဂတ်ကို အလေးအနက်ထားပြီးပြောလေ့ရှိသည်။ ပြန်သာပြန်ခဲ့ရပေမယ့် လုပ်စရာတွေ အများကြီးကျန်နေသေးကြောင်း ပြောပြတတ်သည်။ အလုပ်ကိုသာ လွမ်းကြောင်းသိသာသည်။ အလုပ်ထဲတွင်သာ နစ်မြုပ်နေတတ်သည်။
တောင်တန်းတာဝန်ပြီးဆုံးပြီးရန်ကုန်မြို့၊သာသနာ့တက္ကသိုလ်တွင်ဘွဲ့ယူကြတော့သူ့ကိုကြွားကြွားဝင့်ဝင့်တွေ့ရပြန်သည်။တောင်တန်းဆောင်းအကြောင်း၊”ချင်းတွင်းမြစ်အကွေ့များကြောင်း၊ဘ၀ကလဲအဲလိုပဲတောင်တန်းတွေလိုထည်းထည်းမားမားရှိတယ်။ပြီးတော့မြစ်လိုလဲမထင်မှတ်တဲ့နေရာမှာဘယ်ယိမ်းညာကွေ့နဲ့မာယာများတတ်ကြောင်း ပြောပြတတ်ပြန်တယ်”တဲ့။ လက်ခံပါသည်။ ချင်းတွင်းမြစ်အတွင်းက ခရီးသည်တွေအကြားထဲမှာပဲ ဘွဲ့ရပြီးရင် နိုင်ငံခြားသွားပြီး ဆက်လက်လေ့လာကြမယ့် အကြောင်းကို ဘေးလူတွေ အမြင်ကပ်လောက်အောင် ဆွေနွေးခဲ့ကြဖူးသည်။နောက်တော့ရန်ကုန်မြို့တွင်နေထိုင်ပြီးနိုင်ငံခြားသွားဖို့ကြိုးစားခဲ့ကြသည်။ရုံးကိုဘယ်လိုဝင်ရမှန်းမသိလို့ကားလျှောက်စီးပြီးအသိမိတ်ဆွေတွေကိုလိုက်လံစုံစမ်းရသည်။မျက်စိလည်တိုင်းဆူးလေအ၀ိုင်းကားပြန်စီးပြီးအစကပြန်ကောက်ကြသည်။နဂိုကရှက်လို့မပြောခဲ့ပါ။
တစ်မြို့လုံးပတ်နေပေမယ့်အဆင်မပြေနိုင်တာကြောင့်သံရုံးနှင့်ရင်းနှီးသောသူနှင့်တွေ့ဆုံပြီးရုန်းကန်ကြရပြန်သည်။နောက်ဆုံးတော့သီရိလင်္ကာသံရုံးထဲအထိရောက်ခဲ့ရသည်။အားလုံးအဆင်ပြေ၍စိတ်လျှော့လိုက်သောအခါရန်ကုန်မြို့ကြီးလဲတို့အညာမန္တလေးလိုအတော်ကြီး အပူဒဏ်ပြင်ထန်းနေကြောင်း သိလိုက်ရသည်။
အပိုင်း ၂
နောက်တော့သီရိလင်္ကာနိုင်ငံကနိုင်ငံတကာတက္ကသိုလ်ကြီးမှာသူနဲ့အတူအတန်းဖော်ပြန်ဖြစ်ရပြန်တယ်။ဆရာသင်သမျှကိုမှတ်သားရရင်းတွေးတောဆင်ခြင်တတ်လာတယ်။
သူနဲ့ကျနော်ဆွေးနွေးတာလေးတစ်ခုအမှတ်ရနေမိတယ်။ဆရာကရှေ့ကပြောသွားတယ်။ကာလောဃသတိဘူတာနိအချိန်ဆိုတဲ့သဘောတရားကသတ္တ၀ါတွေကို ၀ါးမြိုတယ် တဲ့။ စဉ်းစားရခက်တဲ့အကြောင်းပြောပါတယ်။ ဟုတ်တယ် ကိုယ့်လူရေ၊ ဒီသဘောတရားကို ကိုယ့်လူတွေးသလိုမျိုး တွေးတဲ့ပုဂ္ဂိုလ်ရှိခဲ့ဖူးတယ်လို့ ပင့်ပေးလိုက်တော့၊ ဘယ်သူလဲတဲ့ မေးလာတယ်။ ဆိုကရေးတီးဆိုတဲ့ လူပါလို့ပြောတော့၊ ဟုတ်လို့လားလို့ သူက ကွန့်တယ်၊အထောက်အထားနဲ့ပြောမယ်လို့ စိန်ခေါ်လိုက်ပါတယ်။ တို့ဗုဒ္ဓဘုရားရှင်က သူတို့ထက် အများကြီးစောတယ် ဆိုတာလက်ခံလားလို့မေးတော့၊ ခေါင်းညိတ်ပြတယ်။တို့ဘုရားဟောတွေဟာအချိန်တိုအတွင်းမှာပဲနေရာတော်တော်များများကိုရောက်သွားတယ်။
ဂရိတို့၊မာဆီဒိုးနီးယားတို့ဘက်လဲရောက်သွားခဲ့တယ်။အဲမှာဒီစကားလေးကာလော ဃသတိ ဘူတာနိ ကိုသူတို့ဆိုကရေးတီးအပါအ၀င်ဆွေးနွေးလိုက်ကြတာနောက်ဆုံးဆိုကရေးတီးဟာခေါင်းမှာဆံပင်နည်းနည်းပဲကျန်တော့တဲ့အထိတွေးလိုက်ရတယ်။ အခုလဲ သိပ်ပြီး မခက်ပါဘူး။ ဆံပင် မဆုံးမရှုံးခံနိုင်ရင်ပေါ့လို့ ပြောလိုက်တော့ သူခေါင်းပွတ်တယ်။ ပြီးတော့ ပြုံးတယ်။ ဘာမှတော့ ဆက်မလာပါဘူး။ နောက်ဆက်တွဲလားတော့ မသိပါ။
ကိုလံဘိုမြို့၊ မကုဋာရာမ မြန်မာကျောင်းတွင် အခုထိတိုင် သူ့ကို ပြောင်ကြီး သို့မဟုတ် ထိပ်ပြောင် လို့ခေါ်ကြတယ်။ အမည်ရင်းမှာ နန္ဒိယပါ။ ၀ိသေသတောင်ပါသေးတယ်။ တပ်ကုန်း-အရှင်နန္ဒိယ။ ဒီမနက်ပဲ အိန္ဒိယက မိတ်ဆွေ တစ်ယောက်နဲ့အတူ မဇ္ဈိမခရီးရှည်ကြီးကို စတင်ရွက်လွှင့်သွားပြန်ပြီ။ ဘယ်နေရာတွင် ဘယ်လိုပုံစံမျိုးဖြင့် တွေ့ရဦးမည်ကို ကံဇာတ်ဆရာမှ တစ်ပါး အခြားလူများသိပါလျှင် ပြောပြစေချင်ပါတယ်။
အပိုင်း ၃
သူ့ကိုသိသည် ချင်းတွင်မြစ်ကိုသက်သေထားပြီးပြောရဲသည်။
နာဂတောင်တန်းကိုသက်သေတည်ပြီး ဆိုရဲသည်။
မှတ်ချက်၊ မျက်စိလည်တိုင်း ရန်ကုန်မြို့ဆူးလေအ၀ိုင်းသို့ပြန်ပြီးကားစီးကာ အစမှပြန်ကောက်ရခြင်းသည် ရန်ကုန်မြို့ကြီးတွင် အရှေ့အနောက် ကို သေချာရေရာ ခွဲခြားပြနိုင်သော ကျုံး၊ မြို့ရိုး၊ နန်းတော်နှင့် မန္တလေးတောင်ကြီး မရှိခြင်းကြောင့်ဖြစ်ပါသည်။