Pages

Sunday, August 14, 2011

လွတ်လပ်သော မဇ္ဈိမ


အိန္ဒိယသည် ခက်ခဲကြမ်းတမ်းသော ရာသီဥတု၊ ခြောက်သွေ့သော ရာသီရှိသော်ငြားလဲ အီဂျစ်၊ တရုတ်၊ မက်ဆိုပိုတေးမီးယားတို့နှင့်တန်းတူ လူတို့၏ ယဉ်ကျေးမှုဖြစ်ထွန်းရှင်ခဲ့ရာ ကြီးကျယ်သော နေရာ တစ်နေ ရာဖြစ်ခဲ့သည်။ အဓိကအားဖြင့်အိန္ဒိယသည် ဂင်္ဂါမြစ်ဝှမ်းဒေသတွင်ရှိခဲ့သည်။ မဇ္ဈိမဒေသ အမည် တွင်သော ဆိုပါဒေသသည် များစွာသော အိန္ဒိယ၏ လူနေမှုစနစ်ကြီးကျယ်သော အတွေးအခေါ်များ၊ ဆန်းသစ်သော အတွေး အခေါ်များပေါ်ထွက်ခဲ့ရာဒေသကြီးဖြစ်၏။

မြတ်စွာဘုရားရှင်သည် အိန္ဒိယတွင်မွေးဖွားခဲ့သည်။ ဘုရားရှင်၏ သက်တော်တစ်လျှောက် လုံးကို ဆိုပါ ဒေသ ကြီတောများအတွင်း တရားဘာဝနာရှုပွားရင်း၊ မြို့၊ ရွာ၊ နိဂုမ်းတို့၌ တရားလှည့်လည် ဟောကြား ခြင်းဖြင့် ကုန် ဆုံးတော်မူခဲ့သည်။ အိန္ဒိယသည် စစ်မှန်သော နေရာ၊ ဤနေရာ သည်ပင် အသင့်လျှော်ဆုံးအဖြစ် မြတ်စွာဘုရာ ယူဆတော်မူခဲ့သည်။ မဇ္ဈိမဒေသသည် ပထမ ရာစုနှစ်များဆီက ခက်ခဲကြမ်းတမ်း ခဲ့သော်လည်း နောက်ပိုင်းတွင် မြတ်ဗုဒ္ဓ၏ တရားတော်တို့သည် အိန္ဒိယ တစ်ဝှမ်းလုံးနှင့်ပြင်ပ အာရှဒေသများတိုင်အောင် ပျံ့နှံ့သွားခဲ့ပြီး ဗုဒ္ဓဘာသာ၏ ဗဟိုချက်မဖြစ်ခဲ့သည်။

ဗုဒ္ဓဘာသာဝင်တို့သည် အိန္ဒိယကို မိမိတို့ကိုးကွယ်အားထားရာ ဗုဒ္ဓဘာသာ၏မွေးရပ်မြေအဖြစ် အမြဲတမ်းမှတ်ယူခဲ့ကြပါသည်။
ဗုဒ္ဓပိဋကတ်ကျမ်းများတွင် မဇ္ဈိမဒေသ၏ အကျယ်အ၀န်းကို တိတိကျကျဖွင့်ဆို ရှင်းပြထားသည်။ ၀ိနယပိဋကတွင် မဇ္ဈိမဒေသ၏ အကျယ်အ၀န်းကို ဤသို့မှတ်သားရသည်။
အရှေ့ဘက်အရပ်တွင် ကဇင်္ဂလနိဂုမ်း၊ အရှေ့တောင်ဘက်တွင် သာလာဝတီမြစ်၊ အနောက်တောင်ဘက်တွင် သတကန္နိကမြို့၊ အနောက်အရပ်တွင် ထူဏဗြဟ္မဏရွာနှင့် မြောက်ဘက် အရပ်တွင်  ဥသိရဒ္ဓတောင်တို့ဖြစ်သည်၊

ယနေ့ခေတ်တွင်ထိုအပိုင်းအခြားတို့ဖြင့် မသတ်မှတ်နိုင်တော့၊ အကြမ်းဖျင်းအားဖြင့်မဇ္ဈိမဒေသကို ဘီဟာနယ်၊ ဥတရာပရာဒေ့ရှ်နှင့် နီပေါနိုင်ငံ၏ တရိုင်နယ်တို့ဟုသတ်မှတ်နိုင်သည်။
နိုင်ငံရေးအနေအားဖြင့် အိန္ဒိယသည် ပြည်နယ်မဟာဇနပဒကြီး တစ်ဆယ့်ခြောက်ခုတို့ ဖြင့်ဖွဲ့စည်း ထားသည်။ ဆိုမဟာဇနပဒကြီးများတွင် မြတ်ဗုဒ္ဓသည်တရားဟောရင်း ဓမ္မဒူတခရီးများကို လှည့်လည် သွားလာ တော် မူခဲ့ သည်။

ဆိုပါတစ်ဆယ့်ခြောက်နယ်တွင် မဂဓတိုင်းသည် အရေးအပါဆုံးဖြစ်၏။ မဂဓတိုင်းကို ဗိမ္ဗိသာ မင်းအုပ်  ချုပ်၏။ မြတ်စွာဘုရားရှင်သက်တော် နောက်ပိုင်းကာလများတွင် ဗိမ္ဗိသာရမင်း၏ သားတော် အဇာတသတ်မင်း က မဂဓ ကို မင်းလုပ်အုပ်ချုပ်ပြန်သည်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက်နှစ် အတန်ကြာတွင် မဂဓတိုင်း၏ မြို့တော်သည် ရာဇဂဟမှ ပတ္တနားသို့ပြောင်းလိုက်သည်။ ထို့နောက်နိုင်ငံရေးချဲ့ထွင်မှုများကို လဲစတင် လုပ် ဆောင်ခဲ့သည်။

ဘီ စီ ၃ရာစုခန့်တွင် မဂဓတိုင်းသည် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့အပါအ၀င် အိန္ဒိယ တစ်တိုက်လုံးကို အောင်မြင်စွာလွှမ်း မိုးအုပ်ချုပ်နိုင်ခဲ့သည်။ မဂဓတိုင်း၏ အရှေ့ဘက်တွင် ဂင်္ဂါမြစ်ကမ်းက သေးငယ်သော အင်္ဂနိုင်ငံရှိ၏။ ထိုနယ်ကိုလဲ ဗိမ္ဗိသာရမင်း  လက်ထက်ကတည်းကပင် မဂဓတိုင်းက သိမ်းပိုက်ပြီး ချုပ်နေပြီဖြစ်၏။
အင်္ဂနိုင်ငံငယ်လေး၏ မြို့တော်မှာ ကမ္ပါဖြစ်၏။ မဂဓတိုင်း အဓိကရန်ဖက်နိုင်ငံမှာ နိုင်ငံ၏ အနောက်တောင်ဘက်က ကောသလနိုင်ငံဖြစ်၏။ ထိုကောသလနှင့် မဂဓတို့သည် ဘုရားရှင် လက်ထက်တော် ကပင် စစ်ပွဲများစွာဆင်နွှဲတိုက်ခိုက်ခဲ့ကြသည်။

မြတ်ဗုဒ္ဓသည် သူ၏ နောက်ပိုင်း ၀ါတော်နှစ်ဆယ်ကို ကောသလတိုင်းတွင် သီတင်းသုံးတော်မူခဲ့သည်။ ကေသလတိုင်း၏ မင်းပသေနဒီမင်းသည်လည်း ဘုရားရှင် အား အထူးကြည်ညိုလေးစားသော ဥပါသကာ တစ်ဦးဖြစ်ခဲ့သည်။ မဂဓတိုင်း၏ အနောက် ဘက်တွင် လူမျိုးစုများ သမဂ္ဂဖွဲ့ထားသော ၀ဇ္ဖီတိုင်းရှိသည်။ အဓိကလူမျိုးစုများမှာ လိစ္ဆ၀ီမင်းနှင့် ၀ိဒေဟမင်း တို့ဖြစ်သည်။ မြတ်စွာဘုရားရှင် လက်ထက်တော်က လိစ္ဆ၀ီမင်းတို့သည် အဓိက လူမျိုးစုကြီးဖြစ်လာခဲ့ပြီး သူတို့မြို့တော် ဝေသာလီမှာလဲ လူမျိုးစုသမဂ္ဂများ၏ အုပ်ချုပ်ရာ မဟာမြို့တော်ကြီး ဖြစ်ခဲ့သည်။

မြတ်စွာဘုရားရှင် နောက်ဆုံးသက်တော်ကာလများတွင် မဂဓဘုရင်က၀ဇ္ဖီတိုင်းကို သိမ်းပိုက်ရန် အစီအစဉ် များရေးဆွဲထားခဲ့သည်။ ထိုနိုင်ငံနှစ်ခုဖြစ်သော ကောသလနှင့်ဝဇ္ဖီနိုင်ငံ အကြားတွင် မြတ်ဗုဒ္ဓမွေးရပ်မြေ သက္ကတိုင်းရှိသည်။ သက္ကတိုင်းသည် လွတ်လပ်သောနိုင်ငံဖြစ်လင့်ကစား သူတို့ထက်သာလွန်ကြီးမားသော အိမ်နီးချင်းနိုင်ငံများ၏ အုပ်ချုပ်ခြင်းခံရသည်များကို ပိဋကတ်စာပေများတွင်  လေ့လာတွေ့ရှိနိုင်သည်။ သက္ကတိုင်း သည်ကောသလတိုင်း လက်အောက်ခံဖြစ်သည်။ သက္ကတိုင်းသားတို့သည် ဘုရင်ကောသလမင်း ကိုအလေး အမြတ်ပြုရသည်။ ကောသလမင်း၏ အမိန့်ကိုလိုက်နာ ကျင့်သုံးရသည်။ အခွန်တော် ဆက်ရာနိုင်ငံကြီး အဖြစ် အလေးထား ဆက်ဆံရသည်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီးမကြာမီပင် သက္ကတိုင်းသည် ကောသလမင်း၏ ရုတ်တရက်စစ်ပွဲ ဆင်းနွှဲပြီးသိမ်းပိုင်ခြင်းခံရသည်။

မြတ်စွာဘုရားရှင်သည် အခါအားလျှော်စွာ ကာသီတိုင်းသို့ကြွတော်မူသည်။ ကာသီတိုင်းသည် မဇ္ဈိမဒေသတွင် သြဇာကြီးမားခဲ့ရုံမျှမကသေး နိုင်ငံရေး အနေအားဖြင့်လဲအရေးပါအရာရောက်သည်။ ကာသီတိုင်း၏ မြို့တော် ဗာရာဏသီသည် နိုင်ငံရေး အနေအားဖြင့် ကျဆုံးခြင်းများရှိခဲ့သော်လဲ ယနေ့ထက်တိုင်အောင်ပင် ဘာသာ အယူဝါဒ ယဉ်ကျေးမှုနှင့် ကုန်သွယ်မှုတို့၏ အရေးပါနေဆဲဖြစ်နေသည် ကိုတွေ့နိုင်သည်။ မြတ်ဗုဒ္ဓသည် တော ထွက်တော်မမူခင် အလောင်းတော်ဘ၀က ဗာရာဏသီမှတင်သွင်းသော ချည်ထည်နှင့် အမွှေးနံ့သာ တို့ကို သုံးလေ့ရှိသည်။ ယနေ့တိုင်အောင်လဲ ဗာရာဏသီသည်သူ၏ခန့်ထည်သော ထုတ်ကုန်များဖြစ်သည့် ချည်ထည်နှင့် အမွှေးနံ့သာ တို့တွင် ကျော်ကြားနေဆဲပင်ဖြစ်သည်။

ကာသီတိုင်းနှင့် ခပ်လှမ်းလှမ်း အနောက်ဘက်နှင့် ကောသလတိုင်း၏ တောင်ဘက်တွင် ဘုရားရှင်လက်ထက်တော် ကာလများဆီက ဥဒေနမင်း အုပ်ချုပ်သော ၀ံသတိုင်း ရှိသည်။ ကောသမ္ဗီမြို့တော်သည် ယမုံနာမြစ်ကမ်းတွင် တည်ရှိပြီး အခါအားလျှော်စွာ ဘုရား ရှင် ကြွရောက်တော်မူသည်။ ဗုဒ္ဓဘာသာ၏ ထူးခြားမြင့်မြတ်သော နေရာဖြစ်သည့် အလျှောက် ဤမဇ္ဈိမဒေသသည် မြတ်ဗုဒ္ဓနှင့် ပတ်သက် သောနေရာမြတ်တို့ကို ဖူးမြော်လိုကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အား လမ်းပန်းခက်ခဲခြင်း၊ အသက် အန္တရာယ်တွေ့ကြုံမှုများ ရှိပေမယ့် ဆွဲဆောင်နေဆဲပင်ရှိပါသည်။ 

မှတ်ချက်။ အိန္ဒိယနိုင်ငံလွပ်လပ်ရေးနေ့ကို ဂုဏ်ပြုရေးသားပါသည်။

No comments:

Post a Comment