Pages

Tuesday, August 9, 2011

ပြေးသင့် ပြေရာ



‘ဦးဇင်း တပည့်တော်တို့လဲ အခက်အခဲတွေရှိပါတယ်၊ တစ်ချို့ဆို တောင်တန်းဘ၀က အနားယူခဲ့ပြီ၊ ဒါပေမယ့် တောင်တန်း သာသနာပြုပါဆိုပြီး ငွေ အလှူခံကြပါတယ်၊ တစ်ချို့ကြတော့လဲ တောင်တန်း သာသနာပြု မဟုတ်ပေမယ့် ပြောတတ်ဆိုတတ်နဲ့လာပြီး အလှူခံကြတာတွေရှိပါတယ်၊ ဦးဇင်းတို့ကို ဆိုလိုတာတော့ မဟုတ်ပါဘူး၊ 
တပည့်တော်တို့ကတော့ ဘယ်လိုပဲ လာလာ အဆင်ပြေရင်တော့ လှူလိုက်တာပါပဲ၊ တပည့်တော် ကြုံရတာကို ပြောပြတာပါ၊ 
အခုဘယ်လိုလဲ ပြေတယ်မို့လား၊ ဥက္ကဌနဲ့ကောတွေ့ပြီးပြီလား၊ သူတို့မှတ်တမ်းတွေ ရှိပါလိမ့်မယ်၊ အဆင်ပြေရင်တော့ ရနိုင်ကောင်းပါတယ် ’

မန္တလေးမြို့၊ အရှေ့ပြင် ၆၂ လမ်း၊ တောင်စလင်းတိုက်သစ်၊ တောင်တန်းသာသနာပြု ထောက်ပံ့ရေး အသင်းထူထောင်ပြီး သာသနာပြုနေသော မန္တလေးမြို့၊ ဗြာဟ္မစိုအသင်းကြီး၏ ဦးဆောင်နာယက ဆရာတော်ကြီးမှ သြ၀ါဒပေးခြင်းဖြစ်ပါသည်၊

တွေ့ရကြုံရ ဘုံဘ၀၀ယ်၊ ဝေဿန္တရာမင်းကြီးလို ပါရမီမြောက်အောင် မဟာဒါနကြီးပြုသူရှိသလို၊ 
ဇူစကာလို လူမျိုးများလည်း ရှိတတ်သည်မှာ ထုံးစံတစ်ခု ဖြစ်နေပေလိမ့်မည်၊

တောင်တန်းရောက်သာသနာပြု ဘ၀မျိုးဖြင့် တာဝန်ကျရာဒေသတွင် တိုးတက်ဖွံ့ဖြိုးဖို့ အတွက် ဦးဆောင် အလှူခံနေရသော်လည်း အားတော့ငယ်မိပါရဲ့၊

သို့သော် ဆရာတော်ကြီးသည် လက်တွေ့၊ ကိုယ်တွေ့များကို ပြန်လည် မျှဝေ ခံစားရင်း အသိပေးလိုက်သဖြင့် ၀မ်းသာရပါသေးသည်၊

ဆရာတော်ကြီးဆီ လမ်းညွှန်သည့် ဒုတိယ ဥက္ကဌဖြစ်သော ဒကာမကြီးက လိုက်ပို့သဖြင့် စာကြည့်တိုက်ကိုလဲ ၀င်ရောက်လိုက်ရသေးသည်၊ ဆရာတော်ကြီးဟောကြားသော ပရိတ်တရားခွေများ ဆရာတော်ကြီး၏ အိန္ဒိယနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံစသည့် ထေရ၀ါဒ ခရီးစာအုပ်ကို လည်း စာကြည့်တိုက်တာဝန်ကျ သီလရှင် ဆရာလေးမှ လှူဒါန်းလိုက်ပါသေးသည်၊

‘လူဘုံလောက၊ လူ့ဘ၀ကား၊
အိုရ နာရ၊ သေရဦးမည်၊
မှန်ပေသည်တည်း၊ သို့တပြီကား၊
သင်သေသွားသော်…….

ဆရာကြီးဇော်ဂျီ၏ ကဗျာကို ရွတ်ပြပြီး တရားဟောခြင်းခံရပြန်လေပြီ၊ တစ်ပုဒ်ချင်း အဓိပ္ပာယ်များကို ဖွင့်ဆိုရှင်းလင်းနေသည်မှာ မိမိပြောရမည့် အလှည့်သို့ရောက်မှ ရောက်ပါ့မလားတွေးနေမိသည်၊

ယခုတစ်ကြိမ်သော သူကား ရဟန်းတော်တစ်ပါး မဟုတ်ပါ၊ တောင်တန်းဒေသထောက်ပံ့ရေး အသင်ကြီး၏ ဥက္ကဌဖြစ်သူကြီးဖြစ်ပါသည်၊ သဘောကောင်းပါသည်၊ အပြောလဲကောင်းပါသည်၊

‘ကိုယ့်တော်ကြည့်ရတာ ဖျားနေပုံရတယ်၊ ဆေးသောက်လိုက်ဦး’

တောင်တန်းရောက် သာသနာပြုရဟန်းတော်များ အတွက် အဖျားသည် မိတ်ဆွေဖြစ်တော့သည်၊
‘စက္ကံဝ ၀ဟတော ပဒံ- လှည်းဘီးနောက် အရိပ်ပါသလို’ဟု ဥပမာရှိသည်၊
တောင်တန်း အဖျားသည်လည်း လူနောက် ကပ်လျှက်လိုက်ပါသည်၊ တောင်တန်းဘ၀သည် ဤမျှလောက် သစ္စာကြီးသည်၊

အနီးအနားရှိ ၀ိုင်းဝန်းလုပ်ကိုင်နေသော အကူတစ်ယောက်ကို ခိုင်းလိုက်သဖြင့် ဆေးနှင့် ရေခွက် လာချပေးသည်၊ လာချပေးသူများမှာ မိန်းကလေးများဖြစ်သည်၊ နာဂ အမျိုးသမီးလေးများဟု သိရသည်၊ မိတ်ဆက်ပေးသည်၊

‘ဦးဇင်းသူတို့နဲ့ စကားပြောလို့ဖြစ်သလား’

‘အာ ဒကာကြီး နာဂဆိုတာက လူမျိုးစုများပါတယ်၊ ဦးဇင်း အခုတာဝန်ကျတဲ့ ပဒူးမုန်း နာဂရွာလေးမှာ အိမ်ခြေ ၂၃ အိမ်ရှိပါတယ်၊ 
သို့သော် လူမျိုးစု အနေအားဖြင့် ခြောက်မျိုးလောက် ရှိပါတယ်၊ နာဂတောင်တန်းက နာဂလူမျိုးများပင် ဖြစ်သော်လည်း စကား မတူ ကြပါဘူး၊ တစ်ချို့ဆို တစ်ရွာထဲမှာတောင် စကား မတူကြပါဘူး၊ 
ဥပမာပြောရရင် အရှေ့တောင် အာရှတ၀ိုက်ကို ဆင်းလာတဲ့ လူမျိုးစုကြီးရဲ့ မူရင်းကတော့ မွန်ဂိုလွိုက် လူမျိုးကြီးလို့ သိရပါတယ်၊ အဲဒီ အထဲကမှ ဆက်ပြီးတော့ မျိုးစုကွဲတွေ ဆက်ပွားလာပါတယ်၊ တိဗက်တိုဗားမင်း အုပ်စု အဲဒီကမှ ဆက်ပြီး နာဂ၊ ချင်း၊ ဗမာ၊ ရခိုင် စသည်ပေါ့ဗျာ၊ 
အဲဒီ အုပ်စုထဲကမှ ဒီကနေ့နာဂဆိုပြီး………............
ကို့ကို ပြောလိုက်သည်၊

သူတို့တိုက်လိုက်သော  ဆေးက အစွမ်းပြသည်လား၊ သို့တည်းမဟုတ် တစ်မနက်လုံး သြ၀ါဒ တရားနာရပါများသဖြင့် စိတ်ချဉ်ပေါက်သွားသလား မပြောတတ်ပါ၊ စိတ်ထဲရှိတာတွေပြောချလိုက်သည်၊

‘ဟေ့ ဒီကိုလာကြအုန်း၊ ဒီကိုယ်တော်ကို ၀တ္ထုငွေတစ်သိန်းလှူလိုက်ပါ၊ ပြီးတော့ စာရင်းမှတ်ထား၊ ဒီကိုယ်တော် မပေးရင် ပြန်မှာ မဟုတ်ဘူး’ ဟုရယ်ရယ်မောမောပြောပါသည်၊

ဥက္ကဌကြီး ဦးလှဝင်း ကျမ္မာစွာဖြင့် တောင်တန်းရောက် ရဟန်းတော်များ အတွက် ကြိုးစားနိုင်ပါစေကြောင်း ဆုတောင်းမိပါသည်၊

ပြီးတော့ ဆေးများလှူသည်၊ အ၀တ်အထည် အဟောင်းများလဲလှူပါသည်၊ စာအုပ်များ လှူသည်၊ ထိုနေ့က အထုပ် အထည်ကြီးကြီးမားမားများ ရလိုက်သည်၊ ဆိုက္ကားခ ပါစိုက်ပေးပြီး လိုက်ပို့ လိုက်ပါသည်၊ နောက်ထပ် တောင်တန်းတရားဟောမှာ ကြောက်၍များလား မပြောတတ်ပါ၊

‘ဘဒ္ဒန္တလေး ဘာကိစ္စများရှိလဲ ပြောဗျာ’

ဤအပြောလေးများသည်ပင် ဆရာတော် ဦးကုမာရ( ဓမ္မဓရ၊ အင်္ဂလိပ်စာဌာန၊ ကထိက)၏ မူရင်းများဖြစ်ပါသည်၊ ဆရာတော်သည် မိမိတပည့်များကို နာမည်ခေါ်ပြီး ပြောလေ့ပြောထမရှိပါ၊ ဘဒ္ဒန္တလေး ဟုသာခေါ်လေ့ရှိသည်၊

‘တင်ပ တပည့်တော်၊ အခုတောင်တန်းက ပြန်လာတာပါ ဆရာတော်၊ ဘုန်းကြီးဆီလာတာကတော့ တပည့်တော် တာဝန်ကျတဲ့ရွာမှာ ၀တ်ရွတ်အသင်းထောင်ချင်လို့ အဲဒါ…..’

ဆရာတော်သည် အတွေ့အကြုံရင့်လေပြီ၊ စကားကုန်အောင်ပင် မပြောလိုက်ရပါ၊

‘ဘယ်လောက်ကုန်မှာလဲ ကိုယ်တော်လေး’
‘၀တ်စုံ အပါအ၀င်၊ စာအုပ်၊ အသံချဲ့စက်၊ ဆောင်ဘောက်တို့ပါဆိုရင်တော့ တပည့်တော်ရေးလာတဲ့ ဒီစာရင်း အရဆိုရင်တော့ …..လေးသိန်းကျော်လောက်ရှိပါတယ်’
‘အလို များလှပါလားဗျ’
ဆရာတော်သည် စာရင်းများကို ဖတ်ကြည့်သည်၊

‘ကဲ ကိုယ်တော်လေး တပည့်တော်က အကုန်လုံးတော့ မလှူနိုင်ဘူးဗျ၊ ၀တ်ရွတ်အသင်းသူတွေ အတွက် ၀တ်စုံဖိုးတော့ လှူလိုက်ပါ့မယ်’

ဆရာတော်မှ အလှူငွေ တစ်သိန်း ခြောက်သောင်းလှူပါသည်၊ သို့သော် တစ်သိန်းခွဲသာ မှတ်တမ်းတင်ပါ။ ကျန်တဲ့ တစ်သောင်းကတော့ ကိုယ်တော်လေး လမ်းစရိတ် ဟုပြောပါသည်၊ သင်္ကန်းနှစ်စုံလဲ လှူလိုက်ပါသေးသည်၊

ပြေသင့်သလောက် ပြေသဖြင့် အပြန်ခရီး သာသနာ့ တက္ကသိုလ်မှ အထွက်တွင် မန်း တောင်တော်ကြီးဆီ လှမ်းကြည့်လိုက်မိသည်၊  မန်းတောင်ရိပ် တစ်ခွင်လုံးသည် စိမ်းစိမ်း စိုနေသည်၊ ထုံးဖွေးဖွေး စေတီတော်မြတ်များသည် ရင်တွင်းသို့ တစ်စု တစ်ဝေးတည်း ရောက်လာသလို ထင်မိသည်၊ ဦးခိုက်ပူဇော်လိုက်ပါသည်၊

‘ပြေရာ ပြေးရသည့် ဘ၀သည် ဘယ်တော့များမှ ပြေပျောက်မည် မသိနိုင်ပါတကားလို့လဲ’တွေးမိပါရဲ့………။

မန်း တောင်တော်ပေါ်မှ ပြေးဆင်းလာသော လေးနု အေးအေးလေးများသည် တစ်စုံတစ်ခု ပြောပြီး အားပေး နှစ်သိမ့်နေသလိုလို ……….။ ခံစားမိသည်။

No comments:

Post a Comment