နောက်နေ့မနက်တွင် ဟုမ္မလင်းမြို့သို့ ဆက်လက်ဆန်တက်သည်၊
ကမ်းပေါ်ကျန်ရစ်သော ဈေးသည်များသည် လက်ပြကျန်ရစ်သည်၊ ဈေးသည် တစ်ချို့ ခရီးသည်များနှင့် ဈေးဆိုင်နေတုန်း မပြီးပြတ်ပဲ မော်တော်ပေါ်ပါလာသည်၊ ခရီးတော်တော်ပေါက်မှ ချင်းတွင်းရေလည်တွင် ခုန်ချကျန်ရစ်သည်၊ ရေပြင်တွင် ယက်ကန်ယက်ကန်နှင့်မြင်ရသူတို့ကို ရင်တဖိုဖိုဖြစ်စေသည်၊
ညနေမှောင်ရီရီတွင် ဟုမ္မလင်းမြို့သို့ ဆိုက်ရောက်သည်၊ မြို့မကျောင်းတွင် တည်ခိုသည်၊ အဖျားမပြတ်သဖြင့် နောက်နေ့မနက်စောစော မော်တော်ဖြင့်မလိုက်နိုင်ပဲ ကိုးနာရီတွင် ဆန်တက်မည့် ထမံသီမော်တော်ဖြင့် လိုက်ခဲ့သည်၊ ထမံသီသို့ နေ့လည် တစ်နာရီ ခန့်တွင်ရောက်ပါသည်၊
ထမံသီရွာသစ် တာဝန်ကျ မိတ်ဆွေဖြစ်သော အရှင်ခေမာနန္ဒကျောင်းတွင် နှစ်ညအိပ်သည်၊ သူလိုက်ပို့သဖြင့် ချင်းတွင်းတစ်ဘက်ကမ်းက စွယ်ခေါင်းငေါ ( ငုတန်း) ရွာကို ရောက်ပါသည်၊ ရှမ်းရွာကြီးဖြစ်ပါသည်၊
ချင်းတွင်းမြစ်ရိုး တစ်လျှောက် ရှမ်းရွာကြီးများ မကြာခဏတွေ့ရတတ်သည်၊ ကောယား၊ မောင်းခမ်း၊ ဟင်နောင်၊ ဟူနောင်ရွာကြီးတို့မှာ ချင်းတွင်းမြစ်ရိုးတွင် စုန်ဆန်ဖူးသူ အတွက် ရင်းနှီးသော ရှမ်းရွာကြီးများဖြစ်သည်၊
ငုတန်းရွာမှာလည် ဟုမ္မလင်းမြို့နှင့် ရှေ့ဆင့်နောက်ဆင့်လောက် သက်တန်းရှိသည်၊ ဘာသာရေး အလေးထားသော ရွာကြီးဖြစ်ပါသည်၊ နောက်နေ့ အရုဏ်တက်သောအခါ ရှမ်း အမျိုးသမီးကြီးကြီး ငယ်ငယ် ရွယ်ရွယ် လတ်လတ်တို့ ကျောင်းရောက်လာပြီး ဆွမ်းချက်ကြသည်၊ ၀ိုင်ဝန်းပြင်ဆင်ကြသည်၊
နောက်နေ့တွင် ခန္တီးမြို့သို့ ဆန်တက်သည်၊ သွားဖူးခဲ့သမျှခရီးတွင် ပျင်းရိဖွယ် အကောင်းဆုံး ခရီးတစ်ခုဖြစ်သည်၊ လူခြောက်ယောက်ခန့်သာ လိုက်ပါနိုင်သော မော်တော်တွင် အထပ် အပိုးများဖြင့် ကျပ်ညပ်နေသည်၊ စက်သံပြင်း၍မော်တော်တစ်ခုလုံး တဒုန်းဒုန်း ခုန်နေသည်၊ အရှိန်မြှင့်မောင်းလိုက်ပါလျှင် ရေများ ဗြမ်းကနဲ့ ၀င်လာတတ်သည်၊
မိုးသည် အဆက်မပြတ်ရွာသည်၊ ပေါင်းမိုးက မလုံသဖြင့် မိုးရေ တစ်စက်စက် ကျသည်၊ နေစရာနေရာရှာမရတော့ပါ၊ အေးပြီးခိုက်ခိုက်တုန်းနေသည်၊ ချင်းတွင်းရဲ့ရေစီးအားကို အံခဲဆန်တက်နေသောမော်တော်သည်ဘယ်ညာယိမ်းပြီး ယောက်ယက်ခတ်နေတတ်သည်၊
ဖြစ်ချင်တာဖြစ်ရော့ဆိုပြီး လိုက်ခဲ့ရသည်၊
ညနေပိုင်း ခြောက်နာရီခန့်တွင် ခန္တီးမြို့သို့ ဆိုက်ရောက်သည်၊
မိုးအေးအေးကြားထဲက မာကြောကြော ချင်းတွင်းမြစ်ကို ပြန်ကြည့်ပြီး အံကြိတ်မိသည်၊ လှိုင်းကြီးလှေအောက်လို့ ဆိုပေမယ့် အခုတစ်ခေါက် မသေမပျောက် ပြန်ရောက်ရသည်ကို ၀မ်းသာနေမိသည်၊
နှင်းလိုလို မိုးလိုလို အခိုးအငွေ့တို့က ဝေ့၀ဲလာသည်၊
ကျောထဲစိမ့်ကနဲ့ လန့်သွားသလိုရှိသည်၊ ချင်းတွင် မာယာများသည်၊
မီးမတောက်နိုင်ဘု၊ ထင်းခြောက်ကယ်က ထုံတာတေ၊
အခိုးတလူလူနှင့်၊ မှုတ်ရသူဖားဖိုကျလောက်ရဲ့၊ ပါးပွလို့ ပြာသာပေ။
နှင်းတစ်ဖြောက်ဖြောက်ကယ်နှင့်၊ မိုးပေါက်က ၀ိုက်ကာစွေ၊
မြောက်လေက သုတ်ချီသွင်း၊
နေကိုတသော်လဲ၊ ဌာနဤရွှေတောင်သို့၊ မလာပေါင် ရက်တွေညောင်းခဲ့ပေါ့၊
ဘယ်စောင်းညာပြန်နှင့်၊ စီဝရံဖျင်ထည်လွှမ်းပါလို့၊ ကျောင်းခန်းတောင်ယံမြေက၊
သာသနေ ပြုစုပျိုးပါရ၊ ခါတစ်လေ ခုမှဖြင့်ဆိုးလှတယ်ဟယ်၊
အဖိုးအနဂ္ဃ အခင်းမို့ပေမို့သာကွယ် ကျိုးရလက်ငင်း။
တောင်တန်းသာသနာပြု ဦးဥတ္တမသာရ အရှင်မြတ်ကြီး၏ အခက်နဲ့နှိုင်းပြီး ဖြေသိပ်ရသည်၊
ကျောင်းခန်းနံရံကို တဗြမ်းဗြမ်းလာရိုက်နေသော မိုးရေစက်၊
ဝုန်းဝုန်းခတ် စီးဆင်းနေသော ချင်းတွင်းမြစ်တို့ သည် လျှပ်ပန်းဖွေးဖွေးဖြင့်........
ကြောက်မက်ဖွယ် ညကို ပုံဖော်နေတော့သည်၊
No comments:
Post a Comment