Pages

Friday, August 19, 2011

ဇာတ်စုံ


ချင်းတွင်းမြစ်ကြောင်းတွင် မိုးတို့ ပြိုတော့ မယောင်ယောင်၊
တောင်ခိုးတို့ဝေ…၊ ပင်စိမ်းစို အညိုရောင်လုလုတို့က ယိမ်းနွဲ့တေးဆို….၊ 
မိုးပန်းတို့က တလှိုင်လှိုင်ဖြင့် မြိုင်ထလို့……၊

တောင်တစ်ရိုး၊
ခိုးမင်သန့် တစ်ဝေေ၀၊
မဟာမြိုင်သာတဲ့နန်း၊
ပန်းကထွေထွေ၊
ချောင်း မြစ်ရေ တွေတွေကွဲ့သာမော၊
ဈာန်ပိုင်ရှင်မြတ်ရဟန်းသော်မှ၊
လွမ်းဘွဲ့ ဤတော။

မဟာထေရ်တို့ပင် လွမ်းမှဖြင့် အညတရ တစ်ယောက်အဖို့ တောက်တောက် မျက်ရည်စီးရချေပေါ့၊

ရွာထဲမှ ဒကာများရောက်လာကြသည်၊ ရွာလူကြီးလဲပါသည်၊ သာသနာရေးဆိုင်ရာ ပုဂ္ဂိုလ်လဲပါသည်၊ အကြောင်းထူးပြီထင့်၊

‘ဘုန်းကြီး၊ တပည့်တော်တို့က ဇရပ်ဆောက်ဖို့ဆိုပြီး ဘုန်းကြီး အရင်က ဆရာတော်ကို ဆယ်သိန်း လှူမယ်ပြောထားပါတယ်၊ တပည့်တော်တို့က အရင် ခုနှစ်သိန်း လှူပြီးပါပြီ၊ ဘာတွေ ၀ယ်သွားတယ် ဘာတွေ သုံးသွားတယ်တယ်တော့ မပြောတတ်ပါဘူးဘုရား၊ နောက်ထပ် သုံးသိန်း လှူရဦးမှာပါ၊ ဇရပ်ကို ဆက်ပြီးတော့ ဆောက်လုပ်ချင်ပါတယ်ဘုရား၊ ဘုန်းကြီး အနေနဲ့ ဆက်လက် ဆောက်လုပ်ပေးနိုင်မလားဘုရား’

နာဂရွာလေးတွင် သဒ္ဓါတရားကောင်းသော မိသားစုမှမတည်ပြီး ဇိနမာန်အောင်စေတီတော် အတွင်း ဇရပ်တစ်ဆောင်ဆောက်လုပ်ဖို့ ယခင်က တာဝန်ကျ သာသနာပြုဘုန်းတော်ကြီးနှင့် တိုင်ပင်ခဲ့ကြသည်၊ သို့သော် အကြောင်းကြောင်းကြောင့် ဖြစ်ဖြစ်မြောက်မြောက်ဆောင်ရွက်သွားသည် မတွေ့ရပဲထားရှိခဲ့သည်၊ တာဝန်သိသူမှာ တာဝန်ရှိသည်၊ တာဝန်သိသူမှာ တာဝန်ပိသည်တဲ့၊

‘ဟုတ်ပါပြီ၊ ဒကာကြီး၊ ဦးဇင်းတို့ကလဲ ဒကာကြီးတို့ တောင်တန်းဒေသတွေမှာ တိုးတက်ရေးတွေ ဆောင်ရွက်ဖို့ လာရောက်ခဲ့ကြခြင်းပါပဲ၊ 
အဲဒီတော့ ဒကာကြီးတို့ ပြောသလို ဇရပ်ကို ဆက်လက်ပြီးမြောက်အောင် ဆောင်ရွက်သွားမှာပါ၊ 
အဲ တစ်ခုရှိတာက ရှေ့က ဆောင်ရွက်သွားတဲ့ ဆရာတော်က ဘာမှ အချက် အလက် မပေးနိုင်ခဲ့ပါဘူး၊ 
သူနဲ့ ဒကာကြီးတို့ ဆောင်ရွက်ခဲ့တာလေးတွေကိုတော့ သိချင်ပါသေးတယ်’

သူတို့ ရှင်းပြသည်၊ သူတို့ အမေ့မှာ တမ်းအရ ရွာဦးစေတီတော်လေး အနီးတွင် ဇရပ်တစ်ဆောင် ဆောက်လုပ်ချင်ကြောင်း မတည် အလှူရှင် အနေအားဖြင့် ဆယ်သိန်းလှူပါမည်ဟု လျှောက်ထားခဲ့ကြသည်၊ သူတို့ လျှောက်ထားစဉ်က ဆယ်သိန်းသည် တန်ဖိုး ရှိနေသေးသည်၊ တစ်နှစ်ကျော်၊ နှစ် နှစ်နီးပါးကြာသော အခါ ငွေတန်ဘိုး ကျလာသည်၊ သို့သော် မတည် အလှူငွေထဲမှ အသုံး အနေအားဖြင့် ခုနှစ်သိန်းသုံးသွားခဲ့သည်၊ နောက်ထပ်သုံးသိန်းသာ ကျန်တော့သည်၊

‘ဒီလို အခြေ အနေဆိုရင်တော့ ဒကာကြီးများ မဖြစ်နိုင်ပါဘူး၊ သို့သော် အားမငယ်ပါနဲ့၊ ဒကာကြီးတို့လှူမယ့် လက်ကျန်သုံးသိန်းလှူပေါ့၊ ဦးဇင်းဘာသာ ရှာဖွေပြီးတော့ ဆက်လက်ဆောက်လုပ်သွားပါ့မယ်’

နယုန်မိုးသည် ဖြိုးဖြိုးဖြိုင်ဖြိုင်ရွာသည်၊ ချင်းတွင်းမြစ်ရေ ကမ်းပျောက်အောင် တိုးသည်၊ ရေစီးသံသည် တစ်ခုခုကို စိန်ခေါ်နေသလိုရှိသည်၊ ချင်းတွင်းကို ဆန်ပြီး နတ်မှော်ချောင်းဖျား သစ်သွားဝယ်ရသည်၊ မိုးရေရွှဲရွှဲတွင် ရွာသားများနှင့် အပြိုင် ရုန်းကန်ရသည်၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် စသည် အကြိမ်ကြိမ်သွားတော့ သစ်လဲစုံပြီ၊ ၀ါးလဲပုံမိပြီ၊

နယုန်လပြည့်နေတွင် ဇိနမာန်အောင် ဓမ္မာရုံ အတွက် ပန္နက်ချနိုင်ခဲ့ပြီ၊ တစ်ဝါတွင်းလုံးမနေမနားပြေးလိုက်၊ သွားလိုက်၊ ပြန်လိုက်၊ ချင်းတွင်းကို စုန်လိုက်၊ ဆန်လိုက်ဖြင့် ဘေးလူများမြင်လျှင်-

’ သူ့ကိုသူလျှင် ဘာထင်လေမသိ၊ ဟိုငါးပျံ လတာစွန်းမှာ သူ့ကျွမ်း( ဂျွမ်း)ဟန်ချည့်’

ဆိုကြလေမလား မပြောတတ်ပါ၊

တော်သလင်းလပြည့်တွင် တိုင်ထူလို့ ပြီးလေပြီ၊ သီတင်းကျွတ်လျှင် သွပ်ရောင် တစ်ဖွေးဖွေးဖြင့်၊ တန်ဆောင်မုန်း လပြည့်ကျော် ကိုးရက်တွင် ရေစက်ချ လှူဒန်းနိုင်ခဲ့ပြီ၊ ကုန်ကျစရိတ် သိန်းပေါင်း နှစ်ဆယ့်ငါးသိန်း နီးပါးရှိသည်၊

ဇရပ်ဆောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး အနယ်နယ် အရပ်ရပ်ရောက်ရသည်၊ နီးစပ်ရာ ဘုန်းကြီး ငွေချေးရသည်၊ သီးခြား အလှူရှင်များ ရှာပြီး တရားဟောရသည်၊ တစ်ယောက်ထည်းနှင့် ပွဲဖြစ်အောင် ကပြရသည်၊ မင်းသားလဲ လုပ်ရသည်၊ စည်းဝါးလဲ ကိုင်ရသည်၊ တစ်ခါတစ်ရံ လူကြမ်းပင်လုပ်ရသေးသည်၊ နောက်ပိုင်း ငိုချင်းများလဲ ပါသည်၊ 
သို့သော် ဇာတ်ပေါင်း ခန်းတွင် အောင်ပွဲဆင်သော အခါလဲ မိမိသာပင်၊

လှ၏၊ ..........
အတွေ့အကြုံ တစ်ပြုံ တစ်ပွေ့ကြီးရရှိလိုက်သော ဖြစ်ရပ်ပါပေ။

No comments:

Post a Comment