Pages

Friday, August 19, 2011

သံဝေဇနိယ လေးဌာန အပိုင်း ၂

 
 
ရာစုနှစ်ပေါင်းများစွာ ဤနေရာလေးဌာနသည် ဘုရားဖူးသွားကြသူများ၏ အဓိက နေရာများဖြစ်ခဲ့သည်။ ဗုဒ္ဓဘာသာ တရားတော်များ ကျယ်ပြန့်လာသည်၊ ဘုရားဖူးပုဂ္ဂိုလ်တို့လဲ အထူးတိုးပွားလာသည်နှင့် အမျှ သွားသင့် သွားထိုက်သော ဘုရားရှင်နှင့်ဆိုင်ရာ နေရာများလဲ လေးနေရာ သာမက တိုးပွားလာခဲ့လေသည်။ ခရစ် ၂ ရာစုတွင် ‘အသောက၀န္ဒနာ’ အမည်ပေးပြီး ဘုရားရှင်နှင့် ပတ်သက်သော သုံးဆယ့်နှစ် နေရာတို့ကို ရေးသား စီကုံးခဲ့ လေသည်။

၁၃ ရာစု ခန့်ဗုဒ္ဓဘာသာသည် အိန္ဒိယမှ ပျောက်ကွယ်လုနီး အချိန်နောက်ပိုင်းတွင် မဇ္ဈိမဒေသရှိ ဗုဒ္ဓ၀င်ဆိုင်ရာ ဘုရား ကျောင်းနှင့် သာသနိက အဆောက် အအုံများ လူသူကင်းမဲ့ပြီး စွန့်ပစ်ထားခြင်း ခံခဲ့ရသည်။ 

တစ်ချို့အဆောက် အုံများသည် တောခြုံများ၏ အောက်တွင် ပျောက်ကွယ်ခဲ့ရပြန်သည်။ အချို့သော သာသနိကအဆောက် အအုံ များသည် ဟိန္ဒူဘုရားကျောင်းများ အဖြစ်ပြောင်လဲခဲ့ကြရသည်။ အချို့သော ဗုဒ္ဓ၀င်ဆိုင်ရာ နေရာများ သည် မေ့ပျောက်ပြီး နေရာများပင် မမှတ်မိတော့အောင်ပင် ရှိနေတော့သည်။ အိန္ဒိယမြောက်ပိုင်းတွင် မူဆလင်များအုပ် ချုပ်မှုများ အရှိန် အ၀ါကြီးမားခဲ့သောကြောင့် ဤမဇ္ဈိမဒေသသို့ ဗုဒ္ဓဘာသာဝင်ဘုရားဖူးများ နှစ်ပေါင်း ခြောက်ရာခန့် ဖူးခွင့် မရပဲရှိခဲ့ကြသည်။

သို့သော် ၁၉ ရာစုခန့် ရောက်သော အခါ ဗုဒ္ဓ၀င်ဆိုင်ရာ သာသနိက အဆောက် အအုံများ ပြန်လည်ဖော်ထုတ်ပြီး ပြုပြင်ခြင်းများ ပြုလုပ်လာခဲ့သည်။ ထိုအချိန်က မဇ္ဈိမဒေသခရီးသည် စွန့်စား ခန်း ဆန်နေသော်လည်း ဘုရားဖူးများ တဖြည်းဖြည်းချင်း လာရောက်ကြသည်။

ခရစ်နှစ် ၁၈၉၆ ခုတွင် ထိုင်းနိုင်ငံမှ ရဟန်းတော် မဟာစန္ဒရိမသည် ဗုဒ္ဓ၀င်ဆိုင်ရာ နေရာမြတ်များ သို့လာ ရောက်ပြီး နောက်တွင် နောင်လာနောက်သား ဗုဒ္ဓဘာသာဝင်များ အတွက် လမ်းညွှန်အနေအားဖြင့် စာအုပ်ရေး သားခဲ့သည်။ ဤသေးငယ်သော လမ်းညွှန်စာအုပ်လေးသည် ဖတ်ရသူကိုစိတ်ဝင်စားစေသည်။ စာအုပ်ပါ အချက်အလက်ချို့သည် မှတ်သားထိုက်လှသည်။

ယနေ့ခေတ် ဗုဒ္ဓဂယာသို့လာရောက်ကြသော ဘုရားဖူး များအတွက် ရထားနောက်ကျခြင်း၊ ဆိုက်ကား သမားများ၏ အပိုတောင်းခြင်းများကြုံလာသော အခါ ဆင်ခြင်သင့် သည်များတွေ့ရသည်။ စန္ဒရိမ မထေရ်မြတ်သည် ဂေါရက္ခပူမှ လမ္ဗိနီသို့ လေးရက်ကြာ အောင်လာရသည်။ တစ်နေ့လုံး လမ်းလျှောက်ရသည်။ ဗုဒ္ဓဂယာမှ န၀ဒသို့သွားသော ရထားသည် မထေရ်မြတ်အတွက် ၇ အန်နှင့် ၉ ပိုင့်ကုန်ကျသည်။ န၀ဒမှ တဆင့် ရာဇဂဟသို့ နွားလှည်းခ နောက်ထပ် ၃ ရူပီးပေးရပြန်သည်။

ဘာရမ်ပူရ်( သာဝတ္ထိ)မှ ကာလကတ္တား အပြန် ခရီးအတွက် ယဉ်စီးခမှာ ခြောက်ရူပီးနှင့် နှစ်အန်န ကုန်ကျသည်။ စန္ဒရိမ မထေရ်သည် ရထားနှစ်ကြိမ်ပြောင်းခဲ့ရသည်။ မထေရ်မြတ်သည် နေရာ ထိုင်ခင်းများနှင့် ပတ်သက်ပြီး မှတ်ချက် တစ်စုံတစ်ရာပေး မထားပါ။ တကယ်တမ်းတွင်လဲ မည်သည့် နေရာထိုင်ခင်းမှ ပါဟန်မတူပါ။ 

သူ၏ သေးငယ်သော လမ်းညွှန်စာအုပ်၏ အဆုံးပိုင်းတွင် သူ၏ခံယူချက်ကို ဗုဒ္ဓဂယာ ဘုရားဖူး ခရီးကို ပြီးမြောက် အောင်ဆောင်ရွက်ခဲ့ကြသော သူများအား ရည်ညွှန်လျှက် ဖော်ပြခဲ့သည်။

“ ငါသည် မြတ်ဗုဒ္ဓနှင့် ပတ်သက် သောနေရာမြတ်တို့ကို ဖူးမြော်ရသောကောင်းမှုများကို စာဖတ်သူများအား အမျှပေးဝေပါ၏၊ စာရှုများသည် ဤနေရာမြတ်တို့ကို အာရုံပြုသောအားဖြင့် ဉာဏ် အမြင်ရရှိကြပါစေ”

ယနေ့ကာလများတွင် အိန္ဒိယဘုရားဖူး ခရီးသည် အတိတ်ကထက် အတော် အတန်လွယ်ကူနေပါပြီ။ အကျိုးရ လာဘ်များကတော့ ကြီးမားနေဆဲပင်ဖြစ်ပါသည်။

No comments:

Post a Comment