Pages

Thursday, August 4, 2011

ဖတစ်ဆိုး ရှင်ပြု

နှင်းတို့ပါး၍ ပါး၍ လာလေလျှင် တောင်လေ သုတ်ဖြူးတော့သည်၊ 
ချင်းတွင်းသောင်ပြင်သည် ယောက်ယက် ခတ်နေတတ်သည်၊
နွေဦးတောင်လေကြောင့် လှိုင်းကြက်ခွပ်များမြူးသည်၊
ဆောင်းကြွင်းမြောက်လေ အလှည့်တွင် ရင်တွင်း စိမ့်နေပြန်တော့သည်၊ 

ချင်းတွင်းမြစ်ရေအကျဆုံး အချိန်ဟုလဲပြောနိုင်သည်၊ ချင်းတွင်းမြစ်ကို ဖြတ်ပြီးကူးလျှင် ရနိုင်စွထင်မိသည်၊ ချင်းတွင်းသည် မိုးရာသီလို မင်း မမူနိုင်ပေ၊ သူ့ကျောပြင် ကလေးများ မြူးကြသည်၊ 
ကိုတံငါ ပိုက်ကွန်ဖြန့်သမျှ ခေါင်းငုံခံရရှာသည်၊

ဘုရားပွဲကျန်ပစ္စည်းများသိမ်းဆည်းနေရင်းစဉ်းစားမိသည်၊ နာဂ အမျိုးသားများသည် မြေပြန့်ဒေသလို
နှစ်စဉ် ရှင်ပြု၊ ရဟန်းခံရှိကြမည် မဟုတ်၊ တန်ခူးလ သင်္ကြန်နှင့် တွဲပြီး ရှင်ပြုပွဲလုပ်ရလျှင်     ကောင်းမည်ဟု စဉ်းစားမိသည်၊ 

ရွာထဲက လူသာသနာရေး အရာရှိ ဦးကြီးမိုးကို   ခေါ်ပြောရသည်၊ သူ့ အပြောအရ လွန်ခဲ့သော ဆယ်နှစ်လောက်ကတော့ ဆရာတော်တစ်ပါး ၀တ်ပေးသဖြင့် ရှင်ပြုပွဲပြုလုပ်ဖူးကြောင်း သိရသည်၊ ယခုနှစ်လဲ လုပ်လျှင် ဖြစ်နိုင်မလား ဆွေးနွေးကြည့်သော အခါ ဖြစ်နိုင်ကြောင်း သိရသဖြင့် စီစဉ်ရတော့သည်၊ 

အလုပ်မရှိလျှင်ပျင်းစရာဖြစ်လာနိုင်သည်၊ အလုပ်ထဲပျော်အောင်နေရပေတော့မည်၊
တောထဲ တောင်ထဲ ပျင်းလျှင် စဉ်စားမိရုံဖြင်ပင် အတော် အနေရခက်သည်၊

‘ဒကာကြီး ဒီနှစ် ကျုပ်တို့ ရွာမှ ရှင်ပြုပွဲ လုပ်မယ်၊ ကိုရင် ၀တ်ချင်တဲ့သူရှိရင် ကျောင်းကို လာခဲ့ပါ၊ ပိုက်ဆံ မပေးရပါဘူး၊ အသက်ကြီးတဲ့သူတွေရှိပေမယ့် ရဟန်းခံဖို့ အတွက်တော့ မဖြစ်နိုင်ဘူး၊ ကိုရင်ပဲ ၀တ်ရမယ်၊ သင်္ကြန် အကြိုနေ့မရောက်မီ ကျောင်းအရောက်ဖြစ်ရမယ်၊ အဲဒီညနေကိုရင် ၀တ်ပေးမယ်၊
ကျောင်းမှာ ခုနှစ်ရက်  နေရမယ်၊ အဲဒါထက်ပိုပြီးလဲ လက်မခံပါဘူး’

အားတက်စရာဖြစ်ခဲ့သည်၊ စုစုပေါင်း တစ်ဆဲ့လေးယောက် ကိုရင်ဝတ်သည်၊ နာဂလူမျိုးစစ်စစ် ဆယ်လောက်ပါသည်၊ အခြေ အနေမျိုးမျိုးကြောင့် နာဂတောင်တန်းရောက်နေသော ဗမာလူမျိုး လေးရောက်ပါသည်၊ နာဂတောင်တန်းတစ်နေရာက ပဒူးမုန်းရွာလေး၏ ရှင်ပြုပွဲသည် လူဦးရေနှင့် စာသော် အကြီး အကျယ်စည်ကားနေခဲ့ပါသည်၊

‘ဒါနက တဝေေ၀၊
ရေတွေက တရွှဲရွှဲ၊
ပျော်ပွဲက တ၀င့်ဝင့်၊
ကဲလို့သာ ဆင့်ရော့၊
အရွယ်သင့် အရွယ်ငယ်၊
မြန်မာတွေ ထည်လိုက်ကြ’
ဆိုသောစာသားလေးကို သတိရမိသေးတော့သည်၊

ရွာထဲ လူငယ်လူရွယ်အကုန်လုံးနီးပါး ကိုရင်ဝတ်ကြသည်၊ ဆယ်နှစ်သားအရွယ် နာဂလူငယ် ရာမိုးပါသလို၊ အသက်ခြောက်ဆယ်နီးနေသောဦးကျီရောင်လဲပါသည်၊ မနက်ခင်းစောစောထပြီးဘုရားဝတ်တက်ရသည်၊
ပြီးလျှင် ဆွမ်းဒကာများ ဆက်ကပ်လှူဒါန်းသော ဆွမ်းကို ပစ္စဝေက္ခဏာဆင်ခြင်လျှက် ဘုဉ်းပေးကြရသည်၊ 

ခဏနားပြီး မနက်ခင်း ခုနှစ်နာရီခွဲမှ ရှစ်နာရီခွဲအထိ တရားထိုင်ခိုင်းသည်၊ ခဏနား၊ ပြီးလျှင် ဆယ်နာရီအထိ တရားထိုင်ရပြန်သည်၊ ဆယ်နာရီထိုးလျင်ရေချိုး၊ ဆွမ်းတော်တင်ကြရသည်၊ ဆယ့်တစ်နာရီတွင် ဆွမ်းစားကြရသည်၊

နေ့လည်တစ်နာရီတွင် တရားစကား နဲနဲပြောပေးသည်၊ နှစ်နာရီတွင် တရားထိုင်ကြရသည်၊ သုံးနာရီတွင် လမ်းလျှောက် အမှတ်ခိုင်းသည်၊ လေးခွဲ၊ တစ်ခါတစ်ရံငါးခွဲခန့်တွင် တရားပြန်ထိုင်ရသည်၊ 
ထို့နောက် ဘုရားဝတ်တက်ကြရသည်၊ ညခင်း ခုနှစ်နာရီခန့်တွင် အထွေထွေ ဗဟုသုတပြောပေးရသည်၊ 
ညကိုးနာရီ အထိ တရားထိုင်ကြရသည်၊  တရားဖြုတ်လျှင် ဆိတ်ငြိမ်စွာနေကြရသည်၊ 
အိပ်လိုက အိပ်နိုင်သည်၊ စကားကျယ်ကျယ်မပြောရပါ၊

နေ့စဉ် ခုနှစ်ရက်ခန့် ပြုလုပ်ပေးနိုင်သဖြင့် ၀မ်းသာရသည်၊ တောကျောင်းလေးသည် မနက်ခင်း ဆွမ်းပို့သူများ၊ ညနေခင်း တရားနာသူများဖြင့် စည်ကားနေလေ့ရှိသည်၊ ကိုရင်များနှင့် အတူ ဘုရားဝတ်တက် မေတ္တာပို့ရခြင်းသည် ညီညီညာညာ အားပါးတရဖြင့် ကြည်နူးစရာကောင်းလှသည်၊

ဆွမ်းကိုလဲ ကျောင်းက ချက်ပြီး ကပ်ရသည်မရှိပါ၊ နေ့စဉ်ဆွမ်း အလှူရှင်များနှင့် ပြည့်နေလေသည်၊ နာဂရှင်ပြုသည် အဘက်ဘက်က   ပြည့်စုံစွာဖြင့် ကြည်ကြည်နူးနူး ၀မ်းမြောက်ဖွယ်ဖြစ်ခဲ့ရသဖြင့် ကြည်နူးမဆုံးတော့၊ တနည်းအားဖြင့် ရွာသူ ရွာသားများကို ပြောချင်တာလေးတွေကို ညစဉ်ပြောပြရင်း၊
နေ့ခင်းပိုင်း ရွာသူ ရွာသားများအား တတ်သလောက်၊ မှတ်သလောက် တရားဟောရင်းဖြင့် နေရသည်မှာ တောင်တန်း  ရောက်ရသည့်ဘ၀ကို ဂုဏ်ယူနေမိပြန်သည်၊

ကိုရင်များကို ရွာမှနာဂ အမျိုးသားတို့လဲ ဆွမ်းကပ်ကြသည်၊ ပျော်စရာကောင်းသေးတော့သည်၊ ဘုရားဝတ်တက်ရသည်မှာ တောကျောင်းလေးမို့ တစ်ကျောင်းလုံး သိမ့်သိမ့်တုန်နေတော့သည်၊
ကျောင်းစည်းကမ်း အနေအားဖြင့် ကိုရင် များ အကြောင်းမရှိပဲ ရွာထဲ မသွားလာရပေ၊ သာသနာရေး အရာရှိနှင့် ဥက္ကဌကို ထိန်းသိမ်းပေးရန် ပြောထားရသည်၊ ကိုရင်များကိုလဲ သတိပေးထားရသည်၊ အကယ်၍ ကိုယ့် သဘောအရ ရွာထဲထွက်ခဲ့လျှင် ကျောင်းပြန်မ၀င်ရဟု ပြောထားရသည်၊

တောကျောင်းလေးတွင် ရွာထဲ လူငယ်လူရွယ် များကို ရှင်ပြု ပေးလိုက်သဖြင့် ရင်းနှီးမှု ပိုလာသည်၊ ရွာသူ ရွာသားများလဲ မိမိတို့သား၊ တူ၊ မြေး၊ မောင်၊ အကို စသည် တို့အား ဤကဲ့သို့ကိုရင် အဖြစ်နှင့် ပြန်လည် ဆွမ်းကပ်ရသည်ကို ကြည်နူးနေကြပေလိမ့်မည်၊
သူတို့တော့မည်သို့ ခံစားရမည်မသိ မိမိကိုယ်တိုင်တော့ ၀မ်းသာလွန်းလို့ မျက်ရည်များတောင်လည် ရှာတယ် ပြောရမလိုဖြစ်နေသည်၊

အမှတ်ရမိသည်၊ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်က ဖြစ်ပါသည်၊ သာသနာ့ဘောင် မ၀င်ရောက်သေးမီ၊ အိမ်နီးနားချင်းက မိသားစုတစ်စု ရှင်ပြုပွဲအဖြစ် ရှင်လောင်းလှည့်သည်၊ ရှင်လောင်းကို ဦးလေးက ထမ်းသည်၊ ရှင့် အမေက နောက်က သင်္ကန်းဗန်းကိုင်ပြီး လိုက်သည်၊ ဗျောသံသည် မိုးယံကို ဟိန်းနေစေတော့သည်၊

စာရေးသူတို့ အိမ်ခေါင်းရင်းတွင် သစ်ငုတ်တိုကြီးရှိသည်၊ ပင်စည်ကြီးမှ အခက်အလက်တို့ ဖွာထွက်နေသည်၊ အရိပ်ရသဖြင့် ထိုသစ်ပင် အနီးတွင် ကုလားထိုင်တစ်လုံး ချထားသည်၊
အဖေသည် ထိုကုလားထိုင်တွင် ထိုင်ကာ မျက်ရည်များ ကျနေသည်၊ အဖေမျက်ရည်ကျသည်ကို အရင်က မတွေ့ဖူးပါ၊ အမေ့ကို မေးကြည့်ရာ ရှင်ပြုပွဲကြောင့် ပြောပါသည်၊ အဖေငယ်ငယ်က ရှင်ပြုပွဲတွင် အမေသာရှိပြီး အဖေမရှိတော့လဲ ဟုသိရပါသည်၊

နာဂတောင်တန်းရောက်မှ တောရှင်ပြုပွဲလေး ဦးစီးလုပ်ဆောင်ရသဖြင့် ရုတ်ကနဲ့ စိတ်ထဲ ပေါ်လာသော ထိုဖြစ်ရပ်သည် ဆန်းတော့သည်၊ အဖေလဲ ဘ၀တစ်ပါးပြောင်းခဲ့သည်မှာ ဆယ်နှစ်တိုင်တော့မည်၊  ဘာရယ်မသိ ၀မ်းသာဝမ်းနည်း မျက်ရည်လည် မလိုလိုဖြစ်ရသည်၊ စိတ်သည် ဆန်းတော့သည်၊

No comments:

Post a Comment