လသာသာ ပျိုအိုကြိုက်၊ လမိုက်လျှင်လည်း၊
အဖော်ငယ်စုံ၊ ဖော်မစုံလျှင် လည်း၊
ပွင့်ဖူးငုံ အကုန်လန်း၊ နွမ်းနယ်လျှက် လည်း၊
စုန်ပြန်ရ အဖန်ဖန်၊ ဆန်ပြန်ရ တလဲလဲ၊
မဗေဒါ ဒီရေကြောမှာ၊ မျောလျှက်သာပဲ။
နှစ်ဆန်း ၃ရက်နေ့တွင် ရွာထဲအန္တရယ်ကင်းခြင်းကိစ္စကို ကိုရင်များဖြင့် ဆောင်ရွက်ကြသည်၊ ကိုရင်များကို အထူး ရွတ်ဖတ်ခိုင်းသည် မရှိရ၊ ကိုရင်များ အာလုံးသည် မင်းကွန်းဆရာတော်ဘုရားကြီး၏ အရပ်ဆယ်မျက်မှာ မေတ္တာပို့ကို ညီညီညာညာရွတ်ဆိုကြသည်၊
ကျေးရွာများ အန္တရယ်ကင်းခြင်းကိစ္စကို နှစ်စဉ်နှစ်ဆန်းတစ်ရက်နေ့ ဆောင်ရွက်မြဲဖြစ်သည်၊ သို့သော် ပဒူးမုန်းနာဂရွာလေးတွင် နှစ်ဆန်း ၃ရက်နေ့မှ ရွတ်ဖတ်ကြရသည်၊ ထိုသို့ဖြစ်ရခြင်းသည် ဘုန်းကြီးရှားပါးခြင်းက အဓိက အကြောင်းဖြစ်သည်၊
နာဂတောင်တန်းရောက် ဗမာများသည် အောက်ရပ်အောက်ရွာများကဲ့သို့ မိမိတို့နေထိုင်ရာရွာများတွင် အန္တရယ်ကင်း ပရိတ်ရွတ်ဖတ်ချင်ကြသည်၊ ကြိုတင်ပြီးလဲ ပင့်ဖိတ်ထားကြသည်၊ ထို့ကြောင့် မိမိတာဝန်ကျရွာလေးကို ထားပြီး ချင်းတွင်း တစ်လျှောက် စုန်လိုက်၊ ဆန်လိုက်ဖြင့် သာသနာပြုကြရသည်၊
တံခူးကုန်ခါနီး၍ လကဆုန် ချဉ်းလုလုတွင် တိမ်မည်းညိုတို့ ပြိုဆင်းပြီး ချင်းတွင်းမစ်ကြောင်းတွင် မိုးတို့ရွာချေပြီ၊ မြစ်ကြောင်း မိုးအုံ့ပြီးဆိုလျှင် ဗြုန်းကနဲ့ ရွာချတတ်သည်၊ အဘယ်မှာလျှင် မိုးကို ရှောင်နိုင်အံ့နည်း၊ ကမ်းပြိုအောင် မိုးရွာသည်၊ ကမ်း အနီးအနားက သစ်ပင်များကို အမြစ်ပါကျွတ်လဲသွားအောင် ချင်းတွင်းရေစီးသန်သည်၊ ချင်းတွင်းသည် စိန်နားကပ် အရောင်နဲ့ ပါးပြောင်လုပ်လေပြီ၊ မိုးအားကိုးဖြင့် ထင်တိုင်းဆိုးတော့သည်၊
တစ်ခါတစ်ရံချင်းတွင်းမြစ်ကြောင်း ရေကြီသောကြောင့် ခရီးအသွား အလာ နားရန် သက်ဆိုင်ရာက ထုတ်ပြန်ရသည် အထိဖြစ်သည်၊ မီးစောင်း၊ လေစောင်း တို့ထက် ရေစောင်း သာလွန်ပုံကို ချင်းတွင်းက သက်သေပြလေပြီ၊ အာဏာရှင်များကို ဆွံ့အသွားစေနိုင်တော့သည်၊ အထက်က အမိန့်ထုတ်သည် ချင်းတွင်းမြစ်ကြောင်း စုန် ဆန်ခွင့် ပိတ်ပင်သည်၊
သူတို့ အာဏာပြပြီး ပိတ်ချင်လဲ ပိတ်စေတော့ တောင်တန်းရောက် သာသနာပြုရဟန်းတော်တစ်ပါးအနေနှင့် မိုးရွာလဲ မငြင်းသာ၊ ရေကြီးလဲ အပြစ်မဆိုနိုင်၊ လေထန်လဲ အကြောင်း မဟုတ် ပင့်သူရှိက အရောက်ကြွရတော့သည်၊ တာဝန်ရှိချေပြီမို့၊ တောင်တန်းရောက် ဘုန်းကြီးဘ၀ကိုး…။
ဆရာဇော်ဂျီ၏ မဗေဒါကို သတိရသည်၊ ချင်းတွင်းတွင်း ဗေဒါကို တွေ့ရသည့် အခါ မရှိပါ၊ ဇော်ဂျီ၏ မဗေဒါသည် ချင်းတွင်းတွင် စုန်ဆန်ရန် ၀န်လေးသည် ထင်မိသည်၊ ချောင်းရိုးတွင်သာ အနေများသော မဗေဒါ ချင်းတွင်းတွင် စုန် ဆန် မလုပ်သော်လဲ မဗေဒါ မဟုတ်သော သူများ အဖို့ အစုန်လဲ ရှိသည်၊ အဆန်လဲ ရှိပေသည်၊
‘ဒကာကြီးများ ဦးဇင်းတို့ အခုရွာထဲမှာ အန္တရယ်ကင်း ရွာတ်လို့ ပြီးသွားပါပြီ၊ ကိုရင်များလဲ ဒီညနေထွက်လို့ရပါပြီ၊ ဦးဇင်းက နှစ်ဆန်း နှစ်ရက်နေ့လို့ ပြောထားပေမယ့်လို့ ကိုရင်တွေနဲ့ အတူ အန္တရယ်ကင်းရွတ်ချင်သေးလို့ပါ’
ကိုရင်များ လူဝတ်လဲကြလေပြီ၊ ကျောင်းသည် ချက်ချင်း အထီးကျန်ဆန်တော့သည်၊ ညို့ညို့မှို်င်းမှိုင်း ဟိုတောင်ရိုးတွေဆီက လျှပ်ပန်းတို့ကိုသာ အဖော်လုပ်ရတော့သည်၊
‘ကဲ ဒကာကြီးများ အခု ဦးဇင်းအောက် ကို ခဏပြန်မယ်၊ မန္တလေးကို ရောက်တုန်း တစ်ခုလုပ်ချင်ပါတယ်၊ အဲဒါကတော့ ရွာက အမျိုးသမီးတွေကို ၀တ်ရွတ်အသင်း ဖွဲ့ချင်ပါတယ်၊ ပိုက်ဆံတော့မရှိဘူးပေါ့၊ ဒါပေမယ့် ဦးဇင်းမှာ အစီအစဉ် ရှိပါတယ်၊ အဲတော့ ရွာထဲ ရွတ်ဖတ်နိုင်မယ့် သူတွေကို စာရင်းကောက်ပါ၊ ပြီးရင် ဦးဇင်းဆီ ပို့ပါ’
နောက်တစ်နေ့တွင် စားရင်းရောက်လာပါသည် အားလုံး တစ်ဆယ့် နှစ်ယောက်ဖြစ်သည်၊
ကဆုန်မိုးဖြင့် သစ်ပင်များ စိမ်းစိမ်း စိုနေသည်၊
တော တောင် တစ်ခုလုံး ကမ္ဗလာ အစိမ်းကြီးခြုံထားသလို ထင်မိသည်၊
သောင်ပြင်တွင် သပိတ်လွယ်ငှက်က တောင်ပြေး မြောက်လျှောက်ဖြင့် ဟန်ရေးပြနေသည်၊ ချင်းတွင်းမြစ်ရေက ကမ်းခြေကို လာလာ ခတ်သဖြင့် လကဆုန် မိုးဦးတေးကို စည်းဝါး လိုက်နေသလိုလို …….။
‘ကဲ ဒကာကြီး မော်တော်လဲ ရောက်ပြီ၊ ဦးဇင်းလဲ မန္တလေးမှာ သိပ်ပြီမကြာပါဘူး၊ အလွန်ဆုံး တစ်လပေါ့၊
အဆင်ပြေရင်တော့ ချက်ချင်း ပြန်နိုင်ကောင်းပါတယ်’
လိုက်ပို့သော နာဂ အမျိုးသားကြီးများကို နှုတ်ဆက်လိုက်သည်၊
ချင်းတွင်းကို စုန်ရပြန်ချေပြီ၊ မိုးသည် ပြိုတော့ မယောင်ယောင်၊
ဆရာကြီးဇော်ဂျီရဲ့ မဗေဒါကို ကြည့်မိသေးသည်၊
ခရီးကြုံရင်ဖြင့် အတူစုန်ရအောင်လို့…….။
No comments:
Post a Comment