ညနေခင်း နေရောင်သည် မှုန်ပြပြသာရှိတော့သည်၊ ကမ်းခြေတွင် နှင်းမှုန်တို့ ဝေစီနေသည်၊ ချင်းတွင်းမြစ် သဲသောင်ပြင်သည် ညနေခင်း မှောင်ရီရီအောက်တွင် မကြာမီ ပြောက်တော့ မည်ထင်ရသည်၊ လေညှင်းပြေပြေတိုက်ခတ်နေသည်၊ အရှိန်နှင့်ပြေးနေသော မော်တော်ကြောင့်ထင်ရသည် တိုက်ခက်နေသော လေသည် ပို၍အေးသည်၊ တောကြီးတောင်ကြီး အရိပ်မိနေ၍ လားမပြော တတ်တိုက်ခတ်သောလေသည် စူ၍အေးသည်၊
ဆောင်းဓာတ်သိသိသာသာပါနေသည်၊ တောရိပ် တောင်ရိပ်လဲထင်ထင်ရှားရှား ခိုနေသည်၊
ရင်တွင်း စိမ့်ပြီးအေးပါသည်၊
တစ်ဘက်ကမ်းသို့ ထိုးဆိုက်လိုက်သော မော်တော်သည် ကမ်းနဖူးနှင့် တိုက်မိသောကြောင့် ဘယ်ညာယိမ်းပြီး လှုပ်ယမ်းသွားသည်၊ မော်တော်နှင့် အတူပါလာသော လှိုင်းတို့သည် ကမ်းပေါ်သို့တက်ပြီး ပြန်အကျတွင် ကမ်းသို့ ကပ်လုလုဖြစ်နေသော မော်တော်ကို ဗြမ်းကနဲ့နေအောင် ၀င်ဆောင့်သည်၊
မော်တော်မကပ်သော မြစ်တစ်ဘက်ခြမ်းသည် တဖြောဖြော အသံပေးလျှက် စီးဆင်းနေသည်၊ ဆိုပါ တစ်ဘက်ကမ်းတွင် သစ်ပင်မြင့်မြင့်ကြီးများ အုပ်မိုးနေသည်၊ ကမ်းပါးစောက်မြင့်မြင့်ကြီးကို မြင်ရသည်၊ ခန္တီးမြို့မှ ဆန်တက်လာသော မော်တော်သည် နှင်းမှုံများစီဝေလျှက် မြစ်ရေစီးသံ စီညံသော ညနေချမ်းတစ်ခုတွင် ခန္တီးမြို့နယ်၊ ချင်းတွင်း အထက်ပိုင်းရှိ နာဂတောင်တန်း ပဒူးမုန်း နာဂရွာလေးသို့ ရောက်သည်၊
‘ဟေ့ ဒါနင်တို့ရွာမှာကျောင်းထိုင်မယ့် ဆရာတော်ပဲ အထုပ်တွေလာယူကြ’
မိမိထက် တစ်နှစ်စောပြီးတာဝန်ထမ်းဆောင်နေသော နန်ဖာနာဂရွာလေးတွင်နေတာဝန်ကျ၊
မန္တလေးမြို့၊ သာသနာ့တက္ကသိုလ်တွင် စာသင်ဖက်ဖြစ်သည့် ဘ၀တူတောင်တန်းရောက် မိတ်ဆွေက အော်ပြောလိုက်သဖြင့် ပဒူးမုန်း နာဂရွာသူများ လှေပေါ်မှ အထုပ်များကို ၀ိုင်းကူ သယ်ပေးကြသည်၊
တောင်တန်း သာသနာပြုဘ၀ဖြင့် ချင်းတွင်း ကမ်းခြေကို ခြေချမိ ချိန်တွင် ရုတ်ကနဲ့ တိုက်ခတ်လိုက်သော လေသည် လန့်ဖြန့်သွားလောက်အောင် အေးနေတော့သည်၊
ချင်းတွင်းမြစ်ထဲမှ တက်လာသောသော အခါ ပုပြတ်ပြတ် တောစပ်လေး တစ်ခုကို ဖြတ်ပြီး တောင်ကုန်း မော့မော့လေးကို တက်ရသည်၊
တောင်ကုန်းထက်တွင် ရွှေတိဂုံ ပုံတူစေတီတော်လေး တည်ထားသည်၊ ညနေခင်း လေ အနော့တွင် ဆွဲသံသည် ကြည်လင်ပြီး အေးမြနေသည်၊
‘ကိုယ့်လူ ဒါကိုယ့်လူအရင်က သာသနာပြု ဆရာတော်တွေ ဦးဆောင်တည်ထားခဲ့တဲ့ဘုရားပေါ့’
လိုက်ပါပို့ဆောင်သော မိတ်ဆွေက ရှင်းပြသည်၊ တံတိုင်း အကာ အရံများ အကြားတွင် သပ်သပ်ရပ်ရပ်ရှိနေသော စေတီတော်ကို ၀င်ရောက် ဖူးမြော်လိုက်သည်၊ အအေးဒဏ် သက်သာသွားသလို ခံစားမိသည်၊
စေတီတော်မှ အထွက်တွင် ရွာဆီသို့ သွယ်တန်းနေသော လမ်းလေးသည် ကောက်ကွေးကွေး မျဉ်ကြောင်းတစ်ကြောင်းလို ရှိနေသည်၊ လမ်းကို ခပ်ပုပြတ်ပြတ်တောတန်းက ရံထားသလိုရှိနေသည်၊ ရွာအ၀င်တွင်လမ်းသည် နှစ်ခွဖြစ်သွားသည်၊ ဘယ်ဘက်က လမ်းလေး ရွာထဲသို့ဝင်သည်၊ ညာဘက်က လမ်းလေးသည် တောင်တန်းသာသာနာပြုဘ၀ဖြင့်နေရမည့် တောကျောင်းလေးသို့ ဦးတည်သည်၊
ကျောင်းသို့ ဦးတည်သော လမ်းသည် ဘယ်ကွေ့၊ ညာယိုင်၊ နိမ့်တစ်ချည် မြင့်တစ်လှည့်ဖြင့် သွားရင်းပင် ပျောက်သွားတော့မယောင် ထင်ရသည်၊ ညနေခင်း မှောင်ရီသန်းသောကြောင့်လည်း ဖြစ်နိုင်သည်၊ တာဝန်ကျ သာသနာပြု ဆရာတော် ကင်းနေသောကြောင့်လည်း ဖြစ်နိုင်ပေသည်၊
ကျောင်းဝင်းတွင် မြက်ရိုင်းပင်တို့ အစီ အရီပေါက်နေကြသည်၊
ရွာထဲမှ ဒကာကြီး တစ်ယောက်ရောက်လာသည်၊ ကျောင်းတံခါးကို ဖွင့်ပေးသည်၊ ရွာထဲမှ နာဂမိန်းကလေးများ ဘုရားပန်းတင်ကြသည်၊ တံမြက်လှည်းကြသည်၊ သောက်ရေအိုး ရေဖြည့်ကြသည်၊ စကား အထွေ အထူး မပြောကြပါ၊ လုပ်စရာများပြီးစီးလျှင် ပြန်သွားကြတော့သည်၊ ညခင်းသည် ရုတ်တရက်ဝင်ရောက်လာသလို ထင်မိသည်၊
တောင်တန်းဒေသ အမှောင်သည် သိသာသည်၊ ဖယောင်းတိုင်းသည် အမှောင်ကို အနိုင်နိုင်လုလျှက် လင်းနေသည်၊ အမည်မသိ ငှက်များအော်သံသည် တစ်ချက် တစ်ချက် စူးစူးဝါးဝါးရှိသည်၊
လိုက်ပို့သော မိတ်ဆွေက တွေ့ကြုံရမည့် အခက် အခဲများကို ပြောပြနေသည်၊ ငှက်ဖျားဖြစ်လေ့ရှိသည်၊ ရေကြက်အေး သောက်ရန်ပြောသည်၊ အဆီ အဆိမ့်များ များများ မစားရန်မှာသည်၊
မိတ်ဆွေ၏ မှာတမ်းကို နာခံရင်း စောင်ပုံတွေ အကြား တိုးဝင်ခဲ့ကြသည်၊
ညဥ့်လဲနက်ပြီ၊
ရုပ်ပွားတော်ရှေ့ဆီမှဆီမီးရောင်သည်လည်း ပြတ်တောက် ပြတ်တောက် မျက်တောင်ခတ်လျှက် ငြိမ်းလေပြီ၊ တရွှီရွှီ တိုက်ခတ်နေသော လေတို့သာ ကျောင်းအပြင်တွင် မင်းမူလျှက်၊
တောင်တန်းဒေသ၏တဖြူးဖြူး တိုက်ခတ်နေသော လေအေးအေးသည်လည်းကောင်း၊
ညဥ့်ငှက်တို့၏ အော်သံတို့သည်လည်းကောင်း၊
အတိုင် အဖောက်ညီညီဖြင့် နာဂဆောင်းညကို ပုံဖော်နေတော့သည်၊
No comments:
Post a Comment