Pages

Wednesday, August 31, 2011

အိုးဈေးနားက လူတွေ

Example is better than precepts

ကိုယ်တိုင်ကျင့်သုံးပြလိုက်ခြင်းသည် စည်းကမ်း၊ ဥပဒေများပြပြီး သတ်မှတ်ရသည် ထက်သာလွန်သည်

လူတစ်ချို့ရှိသည်၊ အပြော အဆိုကောင်းသည်၊ အသွင်အပြင်ကောင်းသည်၊ ဟန်ကောင်းသည်၊ ကြည်ညိုဖွယ်ဆောင်တတ်သည်၊ ထိုအရာအားလုံးသည် လူကိုတင့်တယ်စေသည်၊ အပေါ်ယံလှသည်၊ အဖုံးလှသည် ဆိုနိုင်သည်၊

သို့သော် စိတ်သည် ယောက်ယက်ခတ်နေသည်၊ အမှားမှန်ကို မသိ၊ အရှိဓမ္မကို အသိဖြင့် မညှိနိုင်၊
ရုပ်၊ နာမ်ဖြင့်ဖွဲ့စည်းထားသော လူမို့ ရုပ်လှသည်၊ နာမ်အလှလိုသေးသည်၊ သူလိုလူအတွက် ဥပမာရှိသည်၊ ဘာမှမရှိပဲ၊ ဘာမှ ထည့်မထားပဲ ပိတ်ထားသော အိုးနှင့်တူသည်၊ အနီးကပ်ကြည့်လျှင်သိနိုင်သည်၊

နောက်တစ်ယောက် ရှိသေးသည်၊ အပြောအဆိုအနေအထိုင် အဆင်မပြေလှ၊ ယဉ်ကျေးသိမ်မွေ့မှုမရှိ၊ ကြညိုဖွယ်မဆောင်တတ်၊ အပြောအဆို အပြုအမူတို့၌ အိနြေ္ဒမရှိ၊ သို့သော် အမှားအမှန်ကို သိသည်၊ အကြောင်း အကျိုး အကောင်း အဆိုးကို သိသည်၊ အရှိဓမ္မနှင့် အသိတရားတို့ မျှနေသည်၊ စိတ်၌စောင့်စည်းမှု အိနြေ္ဒရှိသည်၊ စိတ်အလှဖြင့် မွေ့လျော်သူဖြစ်သည်၊ 

သူ့အတွက် ဥပမာပေးထားသည်၊ အပြည့်ရှိလျှက် ဟင်းလင်းဖွင့်ထားသော အိုးနှင့်တူသည်၊ ထိုလူမျိုးနှင့် စိတ်ချင်းပေါင်းမိသော် ပျော်စရာကောင်းသည်၊

ရှိပါသေးသည်၊ နောက်တစ်ယောက်၊ အပြောအဆိုအနေအထိုင်လဲ မကောင်း၊ ရုပ်တရား သမ္ပတ္တိမရှိပေ၊ ကြည်ညိုဖွယ်မဆောင်တတ်၊ ယဉ်ကျေးသိမ်မွေ့မှုမရှိ၊ အရှိဓမ္မကို နားမလည်သလို အသိလဲ ကင်းဆိတ်နေသောသူ၊ စိတ်လဲယောက်ယက်ခတ်နေသည်၊ အဆင်းမလှသလို၊ အချင်းလဲ မလှသူ၊ ဘာမှလဲ မရှိ၊ ဘာမှ မရှိလို့ ဟန်ဆောင်ပြီးလဲ ပိတ်မထားတတ်၊ သူ့အတွက် ဥပမာရှိသည်၊ ဘာမှ မရှိသောအိုး ပိတ်မထားသည်နှင့် တူသည်တဲ့၊

ကျုပ်ကတော့ သူ့ကို ပျံကျရပ်ကွက်တွေမှာ တွေ့ရလေ့ရှိတယ်၊

သူလိုလူလဲရှိသေးသည်၊ အပြောအဆိုကောင်းသည်၊ အကောင်းပြောတတ်ရုံသာမဟုတ်၊ အရှိဓမ္မနှင့် ညှိပြီးပြောတတ်သည်၊ သူ့စကားတွင် အသိတရားတွေပါသည်၊ ကြည်ညိုဖွယ်ဆောင်သည်၊ အိနြေ္ဒရှိသည်၊ ရုပ်တရားကို အလှဆင်ထားသလို၊ စိတ်ကို တင့်တယ်စေသူလဲ ဖြစ်သည်၊
'ရှေ့ကကြည့်လဲယဉ်တယ်၊ နောက်ကကြည့်လဲ ယဉ်တယ်၊ အတွင်းကျကျသိလဲ လှတယ်'

သူ့အတွက် ဥပမာရှိပါသည်၊ အနှစ်တရား၊ အဆံများ အပြည့်ထည့်ထားပြီး ပိတ်ထားသော အိုးနှင့် တူသည်၊
တွေ့ရခဲပါသည်၊ အဆံရှိပြီး အသံမထွက်တတ်လို့ပါ၊

လောကလူသား အားလုံးအတွက် မိတ်ဆွေကောင်းကြီးတစ်ယောက်ပါ၊ 
ကျုပ်လဲ အဲလိုလူ ရှာနေတာပဲ။

1 comment:

  1. အိုးလေးတွေ………..
    အိုးလေးမျိုးအကြောင်းဖတ်ရပါတယ်
    ပထမအိုးက အတွင်းမှာ ဘာမှာမရှိပါတဲ့ အဖုံးကတော့ပိတ်ထားပါတယ်တဲ့
    ဒုတိယအိုးက အထဲမှာ အပြည့်ရှိပါတယ်တဲ့ ဒါပေသိ ဖွင့်ထားပါတယ်တဲ့
    တတိယအိုးက အတွင်းမှာ ဘာမှလဲမရှိပါဘူး ပိတ်လည်းမထားပါဘူးတဲ့
    စတုတ္ထအိုးက အတွင်းမှာ အပြည့်ရှိပါတယ်တဲ့ အဖုံးကလည်းပိတ်ထားပါတယ်တဲ့
    ကဲမိတ်ဆွေ
    သင်ကော ဘယ်အိုးအမျိုးအစားကိုကြိုက်ပါသလဲ
    လောကလူသားအားလုံးအတွက် မိတ်ဆွေကောင်းကို ရှာကြမယ်လေ
    အဲဒီလူက ဘယ်လိုလူ ဘယ်အိုးအမျိုးအစားမှာပါလဲ
    ကျွန်မလဲ အဲလိုလူကိုရှာနေတာပါ။
    ဘုန်းဘုန်းရေ...........
    အမိုး fb မှာ အဲလိုရေးချင်လို့ ခွင့်တောင်းတာပါ
    ရေးရမလား
    ပြောအုံးနော်
    အမိုး

    ReplyDelete