Pages

Saturday, August 13, 2011

အလွမ်း မပြေ ပန်း ခရေ

မန္တလေးတွင် တစ်လနီးပါးကြာသည်၊ တက္ကသိုလ်ကို ပြန်ရောက်သည်၊ 
တက္ကသိုလ်ကြီးကို သံယောဇဉ်ကြီးပြီး တစ်နှစ်ပိုနေသော(နှစ်ကျ) အတန်းဖော်များကို တွေ့ရသည်၊ မိတ်ဆွေများသည် နုလို့။ ပျိုလို့၊ စိုလို့၊
တောင်တန်း အကြောင်းများမေးကြသည်၊ 
အဆင်ပြေရဲ့လားဆိုကြသည်၊

တစ်ချို့လဲ မမှတ်မိတော့သလို ကြည့်ကြသည်၊ 
သူတို့ အကြည့်များကို သဘောပေါက်မိသည်၊ 
ကိုယ်တိုင်ကလဲ နာဂတောင်တန်းရောက်ပြီး နာဂသွေး၊ နာဂအမွေးမျိုးဖြင့် တော်တော်လေး မည်းနေပေလိမ့်မည်  ၊ သေချာကြည့်ပြီးမှ အလို ‘မောင်ဉေယျပါလား’ လို့  
ဝမ်းပန်တသာ နှုတ်ဆက်ကြသည်၊

နယုန်လ မိုးရေ ဆေးကြောထားသဖြင့် ကုသိုလ်တော် ဘုရားဝင်း အတွင်းက ခရေပင်တို့သည် စိမ်းစိမ်းညက်နေသည်၊ နေသာတုန်း အခိုက် လေတွင်ဝဲပြီးပျံကျလာသော ခရေမွှေးမွှေးတို့ကို အလု အယက်ကောက်ပြီး ပျော်နေကြသည့် သူများကို ကြည့်ပြီး လွမ်းမိသေးတော့သည်၊

သူငယ်ချင်းတွေနဲ့အတူ ခရေတွေကောက်ပြီး ဘုရားလှူဖူးသည်၊ စာမေးပွဲနီးလျှင် ခရေတောက 
နားခိုရာ ဇရပ်တန်ဆောင်များတွင် သူငယ်ချင်းများနှင့် အတူ စာတိုင်ပင် ဆွေးနွေးကြသည်၊ 
စုစုဝေးဝေးဖြင့် ခရေတွေ ပွင့်သလို ကြည်နူးခဲ့ကြရဖူးးသည်၊

ပြီးတော့လဲ ခရေတွေလိုပဲ တစ်ယောက်လက် တစ်ပွင့်ရောက် တစ်ယောက်က တစ်ပွင့်ယူဖြင့် 
တစ်နယ်စီ ခွဲခွာရပြန်သည်၊

မန်း သာသနာ့တက္ကသိုလ်က ပန်းပွင့်များသည် ချင်းတောင်တန်းတွင် ပွင့်နေသည်၊ 
ရှမ်းတောင်တန်းတွင်လဲ ရှိနေသည်၊ နာဂ ကချင်စသော ဒေသများတွင်လဲ ဖူးပွင့်ဝေပါသည်၊ 

‘ဒကာရေ တို့ကို ဆေးခန်း အရင်ပို့၊ ပြီးရင် မုံရွာ ကားဂိတ်ကို ဆက်နင်း’

ဆိုက္ကားသမားက ဆေးခန်းပို့ပေးသည်၊ 
ဆရာဝန်ကဆေး နှစ်လုံး ထိုးပေးသည်၊ 
ရာသီဥတု ဖောက်လျှင် ကောက်ကာ ငင်ကာ ဖျားတတ်သည်၊
တောင်တန်းဘ၀တွင် ငှက်ဖျားသည် မိတ်ဆွေရင်းလိုဖြစ်နေသည်၊
နေ့စဉ်နီးပါး ဖျားသည်၊ မဖျားသောနေ့ဆိုလျှင် ပုံမှန် မဟုတ်ဟု ပင်ထင်ရသည်၊

မန္တလေးမြို့မှ မုံရွာ၊ မုံရွာမှ မော်တော်စီးပြီး ချင်းတွင်းတစ်လျှောက် ဆန်တက်ရသည်၊
ပြာလဲ့လဲ့ ကောင်းကင်ပြင်ကြီး  နောက်ခံထားကာ လှနေတတ်သော ချင်းတွင်းသည်
ငြိမ့်ငြိမ့်ငြောင်းငြောင်း စီးဆင်းသည်၊

မော်လိုက်မြို့တွင် တစ်ည အိပ်ရသည်၊ 
ညအခါ လှိုင်းလေ ခတ်သဖြင့် အိကနဲ့ အိကနဲ့ ဖြစ်နေသော မော်တော်သည် 
ခရီးသွားများကို ချော့ သိပ်နေသလို ထင်ရသည်၊ 
အစောင့်တာဝန်ကျ ပဲ့ကိုင်သည် တေး တအေးအေး၊
ဆေးလိပ်မီး တရဲရဲဖြင့် မော်တော်ဦးတွင် ထိုင်လျှက်၊

တစ်ပြည်တစ်ရွာ အသွားလေလား၊ မွေးရပ်မြေ အပြန်လေလား မသိရသော ခရီးသွားတစ်ချို့သည်  
တိုးတိုး ညင်းညင်းဖြင့် ဘုရားဝတ်တက်နေကြသည်၊ သူတို့  ကိုယ်စီတောင်းဆု ပြုနေပေလိမ့်မည်၊ 

မြစ်ရေလှိုင်းရိပ်တွင် လမင်းသည် အလု အယက် ရေကူးနေသည်၊
မြုပ်ချည် တစ်ခါ ပေါ်ချည်တစ်လှည့်ဖြင့်……..

အိပ်လဲ မပျော်၊ တေး မကြော်ပဲ အဖော်မဲ့ဖျားနေသူကား မိမိတစ်ယောက်သာ၊
ရောက်ခါစက နာဂရွာသူကြီးကို မေးဖူးသည်၊

‘ဒကာကြီး ဒီရွာတွေမှာ ငှက်ဖျားရောရှိတယ်ပြောပါတယ်၊ 
ဦးဇင်း မဖျားချင်ဘူး၊ အဲဒါ ဘာဆေးတွေ သောက်ရမလဲ ပြောပါဦး’

‘ဘာမှသောက်လို့ မရဘူး၊ ဖျားမှပဲ၊ နောက်တော့ အဆင်ပြေပါလိမ့်မယ်၊ အောက်ကမြန်မာတွေလဲ ဒီလိုပဲ အစတော့ဖျားတယ်၊ နောက်တော့ အသားကျသွားပါတယ်’

သူတို့ပြောတာမှန်ပါသည်၊ နောက်တော့ အဖျားနှင့် လူ၊ လူနှင့် အဖျားသည် သံယောဇဉ်ဖြစ်နေတော့သည်၊ 

No comments:

Post a Comment