Pages

Tuesday, August 16, 2011

လမင်း ပုန်းတဲ့ လပြည့် ည

မြစ်ဟူသမျှကောက်ကွေ့သည်၊ ကြားဖူးပါသည်၊ ချင်းတွင်းသည်လဲ ကောက်ကွေ့ပါသည်၊ ခန္တီးမြို့မှ ပဒူးမုန်းနာဂရွာလေးသို့ ဆန်တက်ရာတွင် အဓိကအကွေ့ကြီး သုံးခုရှိသည်၊ ကင်းတော်ကွေ့၊ တစ်မျှော်တစ်ခေါ်ကြီး ကွေ့ဝိုက်သည်၊ မော်တော် မစီးပဲ သောင်ပြင်ပေါ်မှဖြတ်လိုက်လျှင် တော်တော်
နီးသော ခရီးဖြစ်ပါသည်၊

နောက်တစ်ကွေ့မှာ နန်ဖာနာဂရွာလေးနားတွင် ဖြစ်သည်၊ တိုက်ရိုက်ထောင့်ချိုး ဖြတ်ကွေ့သည်၊ မိုးခါဆိုလျှင် ၀ဲကြီးသော အကွေ့ကြီးဖြစ်သည်၊ ချင်းတွင်းကို အခေါက်ခေါက် အခါခါဆန်ဖူးသူများပင် နန်ဖာနာဂရွာလေးနားက ‘လပိုင်အိုက်’ ၀ဲကို လန့်ကြသည်၊ ချင်းတွင်းကြောတစ်လျှောက် မျောပါလာသော အမှိုက်၊ ဒိုက်၊ လှေငယ်များသည် လပိုင်အိုက်ဝဲတွင် ခုနှစ်ရက်တစ်ပတ်ကြာအောင် ၀ဲလည်နေတတ်သည်၊  ထို့နောက် ၀ုန်းကနဲ့နေအောင် မှုတ်ထုတ်လိုက်သော လပိုင်အိုက်၏ မာန်ဖီသံကို တစ်ရွာလုံးကြားနိုင်သည်၊

နောက်တစ်ကွေ့မှာ ပဒူးမုန်းနာဂရွာလေးနားက အကွေ့ဖြစ်သည်၊ ချင်းတွင်း အထက်ပိုင်းတွင် အလှဆုံးသောင်ပြင်ဖြစ်သည်၊ စာရေးဆရာများ စာဖွဲ့၍ မကုန်နိုင်သော အကွေ့ဖြစ်သည်၊ ပဒူးမုန်းသောင်ပြင်တွင် ဆရာကြီး ရန်ုကုန် ဘဆွေ၏ နန်းဟာဗီးပြေးခဲ့ရဖူးသည်၊ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဂျဝါဟလာနေရူးငေးရီရီဖြင့် လမ်းလျှောက်ခဲ့ဖူးသည်၊ လူထုဦးလှငေးရီရင်း စာတွေသီဖွဲ့သည်၊ ဆရာ ကိုတာ ရောက်တော့ ဘဆွေရဲ့ နန်းဟာဗီးလို တောနတ်ပျိုဖြူများကို  ရှာမိသေးသတဲ့၊

မလှခံနိုင်ရိုးလား၊ ချင်းတွင်းရဲ့ အစ၊ နတ်မှော်ချောင်း ပေါင်ဆုံးတဲ့နေရာ၊ တနိုင်ချောင်း ဆုံတဲ့နေရာ၊ ထိုမြစ်ခုပေါင်းပြီးချင်းတွင်ရယ်လို့ အမည်ပြောင်းကာ အောက်ရပ်အောက်ရွာတွေဆီ စတင်ပြီး စုန်တဲ့နေရာ ထိုမြစ်ဆုံနေရာ၏ အရှေ့ဘက်ကမ်းတွင် ပဒူးမုန်းနာဂရွာလေးရှိသည်၊ အနောက်ဘက်ကမ်းတွင် ပဒူးမုန်းရွာသစ်( လန်လယ်ကြီး) ရှိသည်၊ တနိုင်ချောင်းကို ဆန်တက်လျှင် ချီဗွေယန်၊ တနိုင်း၊ နန်းယွန်းတို့ဆီ ရောက်နိုင်သည်၊ နတ်မှော်ချောင်းကို ဆန်တက်လျှင် ဖားကန့်၊ တာမခန်၊ ဟောင်ပါး ကချင်ပြည်နယ်များသို့ ရောက်နိုင်သည်၊

ပဒူးမုန်း အကွေ့သည် နေသာလျှင်လဲ လှသည်၊ လေလာလျှင်လဲ လှသည်၊ နှင်းဝေလျှင်လဲ လှသည်၊ မိုးစွေလျှင်လဲ လှသည်၊ အလွမ်း အဆွေများဖြင့် ငေးရီလျှင်လဲ ရသည်၊ သမိုင်းကြောင်းနဲ့ ကြည့်ရင် နေရူးကို တွေ့နိုင်သည်၊ သေနတ်သံတွေ ကြားရမည်၊ လူထုဦးလှရှိနေမည်၊ ရန်ကုန် ဘဆွေ နန်းဟာဗီးနဲ့ စကားပြောနေတာမြင်နိုင်သည်၊ စာရေးဆရာ ကိုတာကို ဖျတ်ကနဲ့တွေ့နိုင်သည်၊ သုတေသီ ဂျာမန်လူမျိုးများနှင့် ကပေါက်တိ ကပေါက်ချာ ဖြစ်နေသော နာဂလူမျိုးများကို မြင်ယောင်နိုင်သည်၊


ချင်းတွင်း အကွေ့ကြီးများကို လွန်ခဲ့ပြီးနောက် မြစ်လည်က လှမ်းကြည့်လျှင် ရွှေရောင်တ၀င်းဝင်းနှင့် ပဒူးမုန်းရွာဦးက ဇိနမာန်အောင် စေတီတော်ကို လေတွင် လွန့်လျှက် ဈာန်ယဉ်စီးနေသလိုမြင်ရသည်၊

‘ကဲ ဒကာကြီးများ အဆင်ပြေသင့် သလောက်တော့ ပြေပါတယ်၊ ဒကာကြီးတို့ ပေးလိုက်တဲ့ စာရင်း အရတော့ ၀တ်စုံတွေ ၀ယ်ခဲ့ပါတယ်၊ မနက်ဖန် ဝေလိုက်တော့၊ ပြီးတော့ ၀ါဆိုခါလဲ နီးပြီ၊ ပရိတ် ရွတ်ကြရအောင် ဥပုသ်နေ့တိုင်းပေါ့၊ ကျောင်းကို ဥပုသ်နေ့တိုင်း ညနေ ခြောက်နာရီ အရောက်လို့ ပြောထားပါ’

ပဒူးမုန်းနာဂ ရွာလေးတွင် ရွှေပါရမီဝတ်ရွတ် အသင်းကို ထူထောင်နိုင်ခဲ့ပြီ၊ ခပ်ပါးပါး မှတ်တိုင်လေးတစ်ခု ဖြစ်လိမ့်မည် ထင်ပါသည်၊ 


ဝါဆိုလပြည့်ညဖြစ်သော်ငြား တောင်တန်းဒေသများ၌ လ မသာပါ၊   
ဝါဆိုညချမ်းသည် တစ်ယောက်တည်း၊

တွေးမိသည်ပါ၊ အလောင်းတော်  တောထွက်စဉ်က ၀ါဆိုလပြည့်ညသည် လသာပါလိမ့်မည်၊ မဟာပါရမီရှင်ကြီးကိုး၊ လရောင်က ကူညီပြီပေါ့၊

အခုတော့ တစ်ယောက်တည်း၊ 
တိမ်ယံ အကြားက ဖိုးလမင်းကို ကြည့်ပြီး...........
‘ချစ်သူမုန်း၍ ပုန်းရော့လေသလား’လဲ ဆိုစရာ မရှိခဲ့ပြန်ပေ၊

No comments:

Post a Comment