Pages

Thursday, August 4, 2011

၈၄ လမ်းပေါ်က အော်တာများ


From sanna to panna

 ' မှတ်သားခြင်းမှ ပညာသို့ '

မန္တလေးမြို့၊ ၃၁ လမ်း ၃၂ လမ်းကြားတွင် ရှိသော ဗုဒ္ဓတက္ကသိုလ်ကြီး၏ အဓိပတိ ဆရာကြီး ဦးမြင့်ဆွေ ပြောလေ့ရှိသော စကားလေး တစ်ခွန်းဖြစ်ပါသည်၊

‘အရှင်ဘုရားတို့၊ ဦးဇင်းတို့ များများမှတ်မှတ်ရတယ်၊ အဲလိုမှတ်ပါများရင် ပညာတတ်ဖြစ်လာမယ်’
ဆရာကြီးသည် ဆိုပါစာသားကို white board ပေါ်တွင် ဆော့ပင်( maker) ဖြင့်ရေးပြသည်၊  

ဆိုပါဗုဒ္ဓတက္ကသိုလ်ကြီးသည် ပါဠိ( pali) သက္ကတ( Sanskrit)နှင့် English တို့ကို ပို့ချသည်၊
အထက်တန်းများတွင် ဟင်ဒီ၊ ပြာကတ၊ ဗြဟ္မီ( အသောက ခေတ်က ပါဠိ) တရုတ်ဘာသာ စသည်တို့ကို သင်ကြားပေးသည်၊ သင်တန်းများတွင် ရဟန်းတော်များပါသည်၊ လူပုဂ္ဂိုလ်များလဲပါသည်၊ သီလရှင်များကိုလဲ တွေ့နိုင်သည်၊ ကျောင်းသား အရွယ်များသာမက ကျောင်းအုပ် အဟောင်းကြီးများလဲ လာရောက်တက်ကြသည်၊ သင်ယူလေ့လာကြသည်၊  

သင်တန်းမချိန်မှာ နေ့လည်ပိုင်းမှ စတင်သည်၊ နေ့ခင်း တစ်နာရီမှ ညနေလေး နာရီ အထိဖြစ်သည်၊ ကျောင်းချိန်မီရန် အနောက်ပြင် ချမ်းသာကြီးကျောင်းတိုက်မှ အရောက်ပြေးရသည်၊ ဆွမ်းစားပြီး ထမင်းလုံးစီချိန် မရပါ၊ နေပူပူတွင် သွားရသည်၊

မန္တလေးမြို့နေပူမှန်း အဲဒီအချိန်တွေကျမှ ကောင်းကောင်းသိပါသည်၊ မန်းမြို့  ကိုချစ်လွန်းလို့ အပြစ် မဆိုချင်ပေမယ့် သူကတော့ ရက်စက်တာ အမှန်ပါ၊

ကျောင်းသွားဖော် အဖြစ် ဦးသြဘာသ( ကဗျာ ဆရာ၊ သက်တန့်လှိုင်း) အတူသွားရလေ့ရှိသည်၊ သူသည် ကဗျာဆရာစစ်စစ်ဖြစ်သည်၊ နေ့တိုင်း ကဗျာရေးသည်၊ သူ့အိပ်ယာဘေးက စာအုပ်ထူထူကြီးတွင် စာမျက်နှာတိုင်းနီပါး ကဗျာတွေ သိုသိပ်ထားသည်၊ အိပ်ယာနီးချင်းဖြစ်သောကြောင့်လဲ ပိုပြီးသိသည်၊

သူကဗျာ ရေးပြီးလျှင် ကျုပ်ကို အဖတ်ခိုင်းတတ်သည်၊ အသံနေအသံထားလေးနဲ့ လုပ်ပါလို့လဲ အဆစ်တောင်းတတ်သည်၊ ဘာရယ်တော့ မသိ သူ့ခြင်ချင်း ပြေပါစေတော့လို့ တွေးပြီး ဖတ်ချင်တဲ့ အသံနဲ့ဖတ်ပြလိုက်သည်၊ ကျုပ်သူ့ကဗျာကို ဖတ်ပြီးတိုင်း ကောင်းလိုက်တာတဲ့ သူပြောတတ်သည်၊
သူ့ကဗျာကိုလား၊ ကျုပ်အသံကို ပြောတာလားတော့ မခွဲခြားတတ်ပါ၊

သူကကျောင်းသွားလျှင် ခပ်စောစောသွားတတ်သည်၊ သွားပြန်လျှင်လဲ ၂၆ ဘီလမ်းကနေ နာရီစင်ကြီး အထိလမ်းလျှောက်သည်၊ ပြီးတော့မှ တောင်ဘက်တည့်တည့်သို့ ထောင်တက်သည်၊ ၃၁လမ်းရောက်လျှင် ဘယ်ဘက်ချိုးကွေ့ပြီး ၈၃ လမ်းတက်သည်၊

ကျုပ်က သူသွားသလို မသွားဘူး၊ ဖြတ်လမ်းဆိုပြီး ဂွေးချိုတိုက်ထဲ စ၀င်သည်၊ နောက် မိုးကောင်းကို ဖြတ်ထွက်သည်၊ အိမ်တော်ရာတိုက် ဒက္ခိဏ၀န်ကနေ တဆင့် ကိုင်းတန်းဈေး ဆက်လျှောက်သည်၊ သကျသီဟဘုရားနားရောက်တော့ အရှေ့ဘက်ဖြတ်တက်ပြန်သည်၊
၃၁ လမ်းရောက်တော့ အရှေ့ဘက်ဖြတ်လိုက်သည်၊ အလာလမ်း မတူသော်လဲ အပြန်တွင် ကဗျာဆရာနှင့် လမ်းချင်း တူနေတတ်သည်၊

‘ကိုဉေယျ ခင်ဗျားလမ်းက ဘယ်နဲ့ ဖြတ်လမ်းကျရဲ့လား’

‘အဲဒါတော့ မသိဘူးဖျာ့၊ ဒါပေမယ့် တပည့်တော်က လမ်း အရှည်ကိုကြီးကို တစ်မျှော်တစ်ခေါ်လျှောက်ရတာ စိတ်မရှည်ဘူး၊ ခဏသွားလိုက် ကွေ့လိုက်၊ ခဏသွားလိုက် ဖြတ်တက်လိုက်ကို ကြိုက်တာ၊ တပည့်တော်သွားတဲ့ လမ်းကို ဖြောင့်လိုက်ရင်တော့ လမ်းရိုကြီး အတိုင်း မကွာဘူးထင်တာပဲ၊

‘အော် အင်း၊ ခင်ဗျားက အော်တာ သမားပဲ’

‘ဘုရား ဘာလဲ အော်တာ မသိဘူးနော်’

‘တင်ပ၊ Alter ၊ ဒါမှမဟုတ် Alternative လို့လဲခေါ်ပါတယ်၊ ကဗျာလိုပြောရရင်တော့ ဖောက်ထွက်ပေါ့၊ 
 အကြီး အကျယ် မပြောင်းလဲတဲ့ လှည့်ကွက်လေးတွေပေါ့’

‘အော် အဲလိုလား’

ညနေပိုင်း ၅နာရီလောက်တွင် ကျောင်းပြန်ရောက်သည်၊ လမ်းတွင် ကဗျာဆရာ့ အာဘော်များကို ကြားရသည်၊
ဆရာကြီးပြောသော ‘များများမှတ် ပညာတတ်ဖြစ်လာမယ်’ ဟူသော စကားကို တက္ကသိုလ်သင်ခန်းများ အတွင်း သာမက ၈၄ လမ်းတစ်လျှောက် သက်တန့်လှိုင်း၏ Alter ၊ Alternative တွေကိုပါ နားထောင်ရင်း မှတ်မိနေတတ်သည်၊

သူပြောနေကျ သူ့ကဗျာခေါင်းစဉ်တွေ
ထရံပေါက်က ချောင်းကြည့်တဲ့ လမင်း
အလွမ်း အသိုးတွေ
ရင်ထဲပြိုဆင်းလာတဲ့ တိမ်တွေ
တမ်းချင်းတစ်ပုဒ် အတွက် ပန်းတစ် တစ်ဆုပ်
အလွမ်းနာရီ အိုဟောင်း စက္ကန့် မပြောင်း
ဆိုတာတွေကြားနေရတော့
ဆရာကြီးပြောတဲ့ from sanna to panna ၊ ‘မှတ်သားခြင်းမှ ပညာသို့ ‘ ဆိုတာ တွေတစ်မျိုးပြောင်းသွား သလိုလိုကြီးဖြစ်နေတတ်ပါသည်၊  

နောက်တစ်နေ့ ၈၄ လမ်းပေါ်ရောက်တော့-

‘ကိုသြ၊ ကျုပ်လဲ တစ်ခါ တစ်လေ အော်( Alter) ချင်စိတ်တွေပေါက်နေတယ်ဖျာ့’

‘မပြောင်းလဲတဲ့ သမားရိုးကျ လှည့်ကွက်တစ်ခုပေါ့’

အဲဒါ သူကပြောတာပါ၊ သူ့ကြည့်လိုက်တော့ ငေးနေ၏၊ ကဗျာရေးနေပုံရသည်၊

‘လာပြန်ပြီ မှတ်ဟ၊ အော်( Alter) လိုက်ဦး’

အဲဒါက ကျုပ်ပြောတာပါ၊

မှတ်ချက်၊ ။သူ့ကဗျာများကို မြန်မာနိုင်ငံ အတွင်းရှိ မည်သည့် ဂျာနယ်၊ မဂ္ဂဇင်း၊ လုံချင်းဝတ္ထု၊ နှစ်ပတ်လည် စာစောင်၊ အထိမ်းအမှတ် စာစောင် စသည်တို့တွင် ဖော်ပြသည်ဟု မကြားဖူးသေးပါ၊ 
သို့သော် သက်တန့်လှိုင်းသည် ကဗျာ ဆရာစစ်စစ်ဖြစ်သည်။

No comments:

Post a Comment