တပေါင်းလနေသည်ပူသည်၊
တပြိုက်တပြိုက်တိုက်ခတ်လိုက်သောလေနုအေးသည် ရင်တွင်းစိမ့်ပြီး အေးသည်၊
တိုက်ခတ်သောလေသည် မိုးနံ့သင်းသည်၊
မိုးရိပ်တိမ်တောင်တို့လဲ အကွက်စုံဆင်လျှက် ကောင်းကင်တွင် ဖြန့်ကျက်ထားသည်၊
အေးချမ်းသာယာတော့မည့် အရိပ်အယောင်တို့သည် အထင်းသားပေါ်လွင်လျှက်၊
လူစုံလဲစုံပြီ၊တောင်တန်းဗဟိုဆရာတော်ကြွရောက်သည်၊ အေးချမ်းသာယာရေးအကြီးအကဲများပါသည်၊
ရွာသူရွာသားများ ကျောင်းတွင်းကျောင်းပြင်မြိုင်နေပြီ၊ အားထုတ်ကြိုးပမ်းခဲ့ရသမျှတို့အကောင်အထည်
ပေါ်လေပြီ၊
‘တပည့်တော်တို့ရွာမှာ ဘာသာတရား စုံပါတယ်၊ ရိုးရားတောင်ယာ နတ်ကိုးကွယ်တဲ့ သူတွေလဲ ရှိပါသေးတယ်၊ဘာသာတရားနဲ့မရင်းနှီးသေးတဲ့သူတွေလဲရှိပါတယ်၊ ခရစ်ယာန်ဘာသာဆို နှစ်မျိုးတောင်
ရှိပါတယ်၊ ကက်သလစ်တွေလဲ ရှိသလို၊ နှစ်ချင်းတွေလဲရှိပါတယ်၊
ဒါပေမယ့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းအနေနဲ့က အခုမှ စတင်ကြရမှာပါ၊ တပည့်တော်က ဘုန်းကြီးကျောင်းထွက်ပါ၊ ခန္တီးမြို့၊ ပေါမိုင်းကျောင်းထွက်ပါ၊ ဘုန်းတော်ကြီးတွေနဲ့ သက်ပတ်လို့ တပည့်တော်များ နားလည်တာက ဘယ်လိုလူပဲဖြစ်ဖြစ် ခွဲခြားမှုမရှိပဲ ရောက်လာတဲ့သူတွေကို ယဉ်ကျေးလာအောင်သင်ပြပေးခြင်းပါပဲဘုရား၊
တပည့်တော်တို့ ဘုန်းတော်ကျောင်းမှာ နေရစဉ်က မနက်တိုင်း ဘုရားဝတ်တက်ရပါတယ်၊ ကျောင်း သန့်ရှင်းရပါတယ်၊ အချင်းချင်းလဲ တဲ့အောင်နေရပါတယ်၊ ညီညွတ်ခြင်းဆိုတာ အဲဒီကတည်းက တပည့်တော်သိပါတယ်၊
ဒ်ီနေ့ကျောင်းတင်ပွဲဖြစ်တော့ကား ရွာသူရွာသားများကို သွန်သင်ပေမယ့် ခေါင်းဆောင် တစ်ဦးတော့ရပြီလို့ ၀မ်းသာမိပါတယ်ဘုရား’
အထက်ပါစကားများကို လျှောက်ထားသွားသူမှာ ပဒူးမုန်းရွာသစ်ရွာမှ ကျေးရွာဥက္ကဌဖြစ်သည်၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းထွက် ခရစ်ယာန်ဖြစ်သည်၊
ကျောင်းတင် ပူဇော်ပွဲနေ့က လျှောက်ထားသွားခြင်း ဖြစ်သည်၊
အခက်အခဲအမျိုးမျိုးကြားထဲမှ ၀ိုင်းဝန်းလုပ်အားများကြောင့် အိမ်ခြေတစ်ရာ့ရှစ်ဆယ်နီးပါးရှိသော
ကျေးရွာကြီးတွင် တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်းပေါ်ထွန်းခဲ့ပြီ၊ ဗုဒ္ဓဘာသာဝင်များ
အတွက်အားတက်စရာဖြစ်ခဲ့ပြီ၊ တောင်တန်းကျောင်းသည် ရွှေတူးဖော်ရေး ကုမ္ပဏီတစ်ခုမှ အသုံးမပြုတော့သော ဂိုထောင်ကို ကျောင်း အဖြစ်လှူထားခြင်းဖြစ်သည်၊
ခြေတိုင်ရှည် ခပ်မြင်မြင့် အဆောက်အဦးဖြစ်သည်၊ လူမနေတာကြာပြီဖြစ်သောကြောင့် ရောက်ခါစဘုန်းကြီး အဆင်ပြေစေရန် ကျောင်းကို ကျားကန် ထားရသည်၊
ကျောင်းတင်ပွဲနေ့က လူစုံသဖြင့် ကျောင်းသည် ယိမ်းထိုး လှုပ်ယမ်းနေသည်၊ ဘုရားတရသည်၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းနှင့် ကပ်လျှက် ခရစ်ယာန်ကျောင်းရှိသည်၊
ဤပဒူးမုန်းရွာသစ်သည် တစ်ချိန်က ကချင်လူမျိုးများနေထိုင်သော ရွာဖြစ်သည်၊ နတ်မှော်ရွာဟု ထင်ရှားသည်၊
၁၉၇၀ ကျော်ကာလများဆီက နတ်မှော်ရွာလေးတွင် သေနတ်သံတွေညံခဲ့ဖူးသည်၊ ချင်းတွင်းကမ်းပါယံတွင် ယမ်းခိုးငွေ့တို့ တလူလူ လွင့်ပျံ့အုံ့ဆိုင်းခဲ့ဖူးသည်၊ စစ်သားနှစ်ယောက် ကျဆုံးသည်၊ ထို့နောက် စစ်တပ်ရောက်လာပြီးနောက် ရွာလုံးကျွတ်ပြောင်းရွှေ့လိုက်သည်၊
ကချင်လူမျိုးများအများစုဖြစ်သောကြောင့် ထိုပြောင်းရွှေ့သွာသောရွာလေးကို ကချင်ရွာဟုခေါ်သည်၊ ယနေ့ ခန္တီးမြို့တဘက်ကမ်း တွင်ရှိသည်၊ တောင်တန်းသာသနာပြုရဟန်းတော်များ ကျေးဇူးကြောင့် ဗုဒ္ဓဘာသာကို အများစုကိုးကွယ်ကြသည်၊
ယခင်က နတ်မှော်ရွာလေးသည်၊ နှစ်အတန်ကြာ လူသူကင်းမဲ့ပြီး အထီးကျန်နေခဲ့သည်၊ ချင်းတွင်းနှင့် ပဏာရသော ထိုရွာလေးကို တောင်ပေါ်ဒေသမှ နာဂလူမျိုးများဆင်းလာကြသည်၊ တစ်စုရောက်၊ တစ်စုရောက်လာနှင့် ရွာပြန်ဖြစ်တော့သည်၊
‘ငါ့ကို ဒီနတ်မှော်ရွာမှာမွေးတာပေါ့၊ဟိုဘက်ကမ်းက သဲလုံလေ၊ အဲဒီနောက်ဘက်မှာ ပဒူးမုန်းရွာရှိတယ်၊
နဂိုက တို့ရွာကို ပဒူးမုန်းလို့ မခေါ်ဘူး၊ နတ်မှော်ရွာလို့ခေါ်တယ်လေ၊
ပြည်သူ့စစ်တွေနဲ့ တိုက်ပွဲဖြစ်လို့ တို့ပြောင်းကြရတာပေါ့’
တစ်ခါတစ်ရံ ရွာသားဟောင်းများကြီးများက ပြန်ပြောတတ်ကြသည်၊ သူ့ အပြောဖြင့် ကိုယ်တိုင်ပင် လွမ်းလိုက်မိသေးရဲ့၊
ယနေ့ကာလများတွင် ချင်းတွင်းမြစ်ရေကြည်လင်သည်၊ ကျေးငှက်မြည်သံ သာယာသည်၊
တောင်ကမ်းပါးယံက တောင်ယာခင်းတို့ စိမ်းစိုသည်၊ ရွာသူရွာသားများ ညီညီညွတ်ညွတ်ရှိကြသည်၊ ခရစ်ယာန်ကျောင်းခေါင်းလောင်းသံ ကြားရသည်၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းက အမျှဝေသံ ကြားရသည်၊
တစ်ချိန်က ယမ်းခိုးငွေ့တို့ အကြား ဓမ္မတေးသံတို့မြိုင်မြိုင်ဖြင့် သာယာဝေစည်နေပြီဖြစ်သည်၊
No comments:
Post a Comment