Pages

Tuesday, August 2, 2011

ဆောင်း မနက်ခင်း ပန်းချီ

ညဥ့်နက်မှ အိပ်ယာဝင်ခဲ့သော်ငြား နောက်နေ့မနက်တွင် အစောကြီး နိုးနေမိသည်၊ အားလုံးသည် တိတ်ဆိတ်နေသည်၊ လိုက်ပို့သော မိတ်ဆွေမှာနာဂဒေသသည် ကိုယ့်ရပ်ကိုယ့် ရွာလိုဖြစ်နေပြီ ထင်ရသည်၊
စောင်ပုံကြားတွင် ကွေးနေသေးသည်၊

နာဂတောင်တန်းက ဒီဇင်ဘာလဆောင်းညများသည် မန္တလေးဆောင်းထက် သိသိသာသာ ပိုအေးသည်၊ မန္တလေး ဆောင်းညများသည်လည်း ရင်တွင်း အေးနေဆဲပင် ရှိသေးသည်၊

၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် တောင်တန်းဒေသသို့ ထွက်ခွာခဲ့ရသည်၊ ခန္တီမြို့၊ ဗဟိုဌာနတွင် လုပ်ဆောင်စရာများ လုပ်ဆောင်ပြီးနောက် နန်ဖာရွာလေးတွင် မိမိထက်စောပြီး တာဝန်ထမ်းဆောင်နေသော ဦးကောသလ္လရှိရာ သို့ထွက်လာခဲ့ရသည်၊

ထိုရွာလေးတွင်နေပြီး ပဒူးမုန်းရွာလေးမှ လာပြီးကြိုမည့်သူများကို စောင့်နေမိသည်၊ ရောက်မလာသဖြင့် ဒီဇင်ဘာလ ၃၀ ရက်တွင် တာဝန်ကျသည့် ချင်းတွင်းမြစ်ထက်ဖျားဆီက နာဂရွာလေးသို့ဆန်တက်ခဲ့ရသည်၊ ကျောင်ဝရံတာမှလှမ်းကြည့်လိုက်သောအခါ နာဂရွာလေးသည် ကြိုးတိုးကြဲတဲ ဖြစ်နေသည်၊

အရှေ့အနောက် ခပ်မျောမျောဖြစ်လေးဖြစ်သည်၊  ကျောင်းဝင်းနှင့် ရွာလေးအကြား နှင်းငွေ့တို့လဲ ရှိနေသည်၊ နှင်းမှုံတွေအကြားက နာဂရွာသူများ ကျောင်းးသို့ဆွမ်းပို့လာကြသည်၊

‘ဦးကောသလ္လရေ၊ ရွာထဲက ဆွမ်းပို့လာတယ်ထင်တယ်၊ ထတော့ဗျ၊’
‘ကိုယ့်လူ အိပ်မပျော်ဘူးထင်တယ်’
‘အိပ်ပျော်ပါတယ်’

မိတ်ဆွေနန်ဖာဆရာတော်နှင့် အတူ ကျောင်းအောက်သို့ ဆင်းခဲ့ကြသည်၊ နန်ဖာဆရာတော်သည် ဆွမ်းလာပို့ကြသော ရွာသူလေးများနှင့် အတော်တန် ရင်နှီးနေပြီထင်ရသည်၊ သူသည် နာဂစကားလည်း ပြောတတ်သည်၊  အကြောင်းပေါင်းသင့်ပြီး စကားပြောကြသည်၊

နာဂလူမျိုး နာမည်များမှာ ထူးဆန်းသည်၊ ယွန်စိုင်း၊ အင်ဆန်းပူ၊ အင်စော၊ အင်ဒန်းတို့ဖြစ်သည်၊ ကိုရီးယား နာမည်များလိုလိုထင်မိသည်၊ ရှမ်းတိုင်းရင်းသားများလို အသားဖွေးကြသည်၊
နုနုညက်ညက်များဖြစ်ကြသည်၊ သူတို့ပို့သောဟင်းများသည် တိုင်းရင်းသား ဟင်းများဖြစ်ကြသည်၊ ပိန်းဥပါသည်၊ ကြိမ်ဖူးဟင်းချို သောက်ရသည်၊ တောင်ပေါ်ဆန်များ စားရသည်၊ 
ဝါးလိုက်ရင်မာဆတ်ဆတ်ရှိပြီး ပေါ်ယံအခွံမာလေး ပေါက်သွားရင် စီးစီးလေးဖြင့် အရသာတစ်မျိုးရှိသည်၊

အားလုံးသည် အသစ်ချည်းဖြစ်သည်၊ မြင်ကွင်းသည် တောဆန်ရုံမျှမက လက်ဝဲသုန္ဒရ မဲဇာရောက်နေသလို ခံစားနေရသည်၊ နှင်းတွေလဲ ကျနေသည်၊ ဒီဆောင်းမြောက်လေမြူးတော့သည်၊ အခုတော့သိပြီ တောင်တန်းသာသနာပြုဘ၀ရောက်ခဲ့ပြီ၊

‘ကိုယ့်လူ အစတော့ အစား အသောက်ခက်ခဲလိမ့်မယ်၊ နောက်တော့ပြေသွားမှာပါ၊ ကိုယ်လဲရောက်စကတော့ အတော်လေး ခက်တယ်၊ အခုတော့ နာဂစကားတောင်နဲနဲပေါက်နေပြီ’

မန္တလေး အမှတ်တရာများကို သူမေးသည်၊ ဆရာများ မာကြောင်း သာကြောင်းမေးသည်၊ အနီးအပါးရှိ မန်းတက္ကသိုလ်မှ မိတ်ဆွေများရှိသည့် နေရာများကို ပြောပြသည်၊ သူတို့၏ သာသနာပြုနေပုံများကို ပြောပြသည်၊ အောင်မြင်နေသည့် အဖြစ်များကို ကြားသိရသဖြင့် ၀မ်းသာမိသည်၊

နောက်တစ်နေ့ မိတ်ဆွေများပြန်သွားပြီးနောက်

‘ဒကာကြီးများ အရင် ဘုန်းကြီးက ဘာတွေမှာခဲ့သလဲ၊ လုပ်စရာရှိ ရင်ပြောပါ၊ ဦးဇင်းတို့က ဆက်ပြီးလုပ်သွားရမှာမို့ပါ’

‘တပည့်တော်တို့ရွာမှာ နှစ်စဉ် ဘုရားပွဲရှိပါတယ်၊ တပေါင်းလပြည့်ကျော် ဂ ရက်နေ့ပါဘုရား၊ ဘုရားပွဲအတွက် အလှူခံရပါတယ်၊ မြစ်ဆိပ်မှာပါဘုရား၊ ဘုရားပွဲက မော်တော်တွေဆီအလှူခံပြီးမှ လုပ်ရပါတယ်ဘုရား၊ ဒီလကစပြီး အလှူခံရပါတယ်၊ ရွာထဲကနေပြီး အုပ်စုလိုက်ဖွဲ့ပြီး နေ့စဉ်ပါဘုရား’
ရွာထဲမှ သာသနာရေး ဆောင်ရွက်နေသော လူသာသနာပြုဖြစ်သော နာဂလူမျိုးကြီး ဦးကျီးမိုး ခေါ် ဦးကျော်လွင်က လျှောက်ထားပါသည်၊

‘အဲလိုဆိုရင်လဲ စောစောလေးလုပ်ကြတာပေါ့၊ ဦဇင်း ဒီရောက်တော့ တစ်ချို့ကပြောကြတယ်၊ နာဂလူမျိုးတွေက အသစ်ရောက်လာတဲ့ဘုန်းကြီတွေကို စောင့်ကြည့်ကြတာ သုံးလလောက်ကြာတယ် ပြောကြပါတယ်၊ ဦးဇင်းကိုတော့ စောင့်ကြည့်မနေပါနဲ့၊ လုပ်စရာရှိတာဆက်လုပ်ကြတာပေါ့’

ပဒူးမုန်းနာဂရွာလေးသို့ ရောက်ပြီး သုံးရက်မြောက်တွင် အစည်းအဝေး ခေါ်ခဲ့ရသည်၊ မှတ်မှတ်ရရပြောရလျှင် ထိုညနေခင်း အစည်း အဝေးမဆုံးမီ ရွာအနောက်ပိုင်းက ဦးကြာနောင်အိမ် မီးလောင်သည်၊ ရုတ်ရုတ်သဲသဲဖြစ်သွားသည်၊ စိတ်ထဲလဲ ထင့်သွားမိသည်၊ ဘာရယ်မသိ၊

မီးငြိမ်းပြီးနောက် ကျောင်းပြန်ရောက်လာသောအခါ ဆက်လက်ဆွေးနွေးခြင်းများ မလုပ်တော့ပဲ အစည်း အဝေးကို ရုတ်သိမ်းလိုက်သည်၊ ချမှတ်ပြီးသော ဘုရားပွဲ အလှူခံရက်ကိုကား မပြောင်းလဲ ပဲ အတည်ပြုလိုက်သည်၊ ၁၃၆၉ ခုနှစ် ပြာသိုလ်လဆန်း ၃ ရက်ဖြစ်သည်၊ တပေါင်းလ ဘုရားပွဲ အတွက် အလှူခံခရီးစတင်ကြရပြီ၊

မနက်စောစော ရွာထဲမှ အလှည့်ကျသူများ ကျောင်းသို့ လာပြီး ဘက်ထရီအိုး၊ ငွေဖလား၊ ဓာတ်စက်
( ဟွန်း )ကျောက်ပုံးတို့ကို လာယူကြသည်၊ အလှည့်ကျ အဖွဲ့သည် လူငယ်များသာ မဟုတ် အဖွားအိုနှင့် ကလေးများလဲပါသည်၊ 

သူတို့နှင့်အတူချင်းတွင်းသောင်ပြင်တွင် ရေနွေးအိုးတည်ပြီးသောက်ကြသည်၊
ဆောင်းလေတို့ တိုက်ခတ်သည်၊ လေတွင်ဝဲနေသော သဲပွင့် သဲမှုံ တဖြူးဖြူးတို့  ယိမ်းထိုး လှူပ်ခါနေသည်မှာ လှနေသေးတော့သည်၊ 

နာဂလူမျိုးများ အတွက် မဆန်းသော်လည်း မျက်စိအောက်က ချင်းတွင်းမြစ်ပြင်၊ တောင်ကမ်းပါးယံကြီး တစ်ခု၊ အောက်ချင်းငှက်၏ တောင်ပံခတ်သံ၊ စမ်းချောင်းရေကျသံ၊ 
နာဂကလေးများ၏ အော်ဟစ် ငိုကြွေးသံတို့သည် ဆောင်းနေ တပြိုက်တွင် နှင်းကြဲခိုက်တွင် ထင်ထင်ရှားရှားမြင်ရ ကြားရတတ်သည်၊   

နာဂ   ဆောင်းမနက်ခင်းသည် စုတ်ချက်ပြင်းသော ပန်းချီ မြင်ကွင်း တစ်ခုပါပေ၊

No comments:

Post a Comment