Pages

Friday, June 10, 2011

မဟာဗောဓိ


ပထမံ ဗောဓိပလ္လင်္ကံ၊ ဒုတိယဉ္စ အနိမိသံ။
တတိယံ စင်္ကမံ သေဌံ၊ စတုတ္ထံ ရတနာဃရံ။
ပဉ္စမံ အဇပါလဉ္စ၊ ဆဌံစ မုစလိန္ဒကံ။
သတ္တမံ ရာဇာယတနံ၊ သတ္တဌာန မဟံ နမေ။

ဘုရားရှင် သဗ္ဗညုတဉာဏ်တော်ရရှိတော်မူရာ မဟာဗောဓိစေတီတော်မြတ်ကြီး တစ်ဝိုက်တွင် လာရောက် ကြည်ညိုဖူးမြော်ကြသော သူတော်စင်တို့ဖြင့် စည်ကားနေပါသည်၊ အတိုင်းတိုင်း အပြည်ပြည်မှ လာရောက် ကြသော ဗုဒ္ဓဘာသာဝင်တို့၏ ပီတိဖြင့်ဖုံးလွှမ်းနေသော အသွင်အပြင်တို့မှာ မြင်ရသူတို့ကိုပါ ကြည်နူးစေ ပါသည်၊ ဆိတ်ငြိမ်စွာတရားရှုမှတ်နေသော ယောဂီတို့သည် ရွတ်ဖတ်ပူဇော်နေသော ဓမ္မသံစဉ်နှင့် အညီ ငြိမ့်ညောင်း ပဏာတင့်လှသည်၊ ဘုရားရှင်သည် အတုမဲ့ဉာဏ်ရှင်ဖြစ်တော်ပြီးနောက် တစ်နေရာလျှင် ခုနှစ် ရက်စီစံသော ဗုဒ္ဓ၀င် အစ ဌာနမြတ်များကို ကြည်ကြည်နူးနူးဖူးမြော်ရသည်မှာ ရင်တွင်းစိမ့်စိမ့်၊

ပတ်ဝန်းကျင်တစ်ခုလုံးသည် သာယာ နေသည်၊ နိုင်ငံတကာမှလာရောက်ကြသော သူတော်စင်တို့၏ ရွတ် ဖတ်သံသည် ၀န်းကျင်တစ်ခုလုံးကို ပဲ့တင်ထပ်နေသလိုရှိနေသည်၊

မဟာဗောဓိ စေတီတော်မြတ်သည် ဂယာရွာတွင်ရှိသော ဗုဒ္ဓဘာသာဝင်တို့၏ ရှေးဟောင်း အဆောက်အဦး ဖြစ်သည်၊ မဟာဗောဓိစေတီတော်မြတ်ကြီးသည် ပတ္တနားမြို့တော်မှ ၁၁၅ ကီလိုမီတာဝေးပြီး ဗီဟာပြည် နယ်တွင်ရှိသည်၊ မောရိယအင်ပါယာ၏အရှုင် အသောကမင်းတရားကြီးတည်ထားခဲ့ခြင်းဖြစ်သည်၊ 

လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ငါးရာက ဂေါတမအနွယ်ဝင် သိဒ္ဓတ္ထမင်းသား သဗ္ဗညုတဉာဏ်တော် ရရှိ တော်မူရာ နေရာတွင်အထွတ် အမြတ်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်၊ အစဉ်အလာအားဖြင့် မဟာဗောဓိ စေတီတော်မြတ်သည် ကမ္ဘာတစ်ဝန်းလုံးမှ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ နေရာဖြစ်ခဲ့သည်၊ နှစ်စဉ်နှစ်တိုင်း ကမ္ဘာအရပ်ရပ်မှလာရောက်ပြီး အတုမဲ့ဆရာသခင်အား ပူဇော်ကြသူတို့မှာ သန်းချီပြီးရှိ သည်၊

ခရစ်၁၂ရာစုတွင် ဂယာဝန်းကျင်နှင့် အနီး အနားကျေးရွာတို့သည် မူဆလင်စစ်သားများ၏ ကျူးကျော်သိမ်း ပိုက်ခြင်းကို ခံခဲ့ရပြီးလှစ်လျူရှုခြင်းခံခဲ့ရပြန်သည်၊ ခရစ် ၁၆ ရာစုတွင် ဟိန္ဒူသူတော်စင် တစ်ပါးသည် မဟာဗောဓိစေတီတော် အနီးအနားတွင် အဆောင်ငယ်တစ်ခု ဆောက်လုပ်ခဲ့သည်၊ ဆောက်လုပ်သော ပုဂ္ဂိုလ်၏ အမည်မှာ မဟန့်ဖြစ်သည်၊ သူသည် မဟာဗောဓိစေတီတော်နှင့် အနီးဝန်ကျင်ရှိ အဆောက် အဦး တို့ကို ပိုင်ဆိုင်သူ အဖြစ်ကြေငြာပြီး ထိုနေရာတစ်ဝိုက်တွင် အကြီးမှူးဖြစ်ခဲ့သည်၊

ခရစ် ၁၇ ရာစုနှင့် ၁၉ရာစုများတွင် မြန်မာဘုရင်များသည် သံတမန်များစေလွှတ်ပြီး လုံလောက်သော ဘဏ္ဍာတော်များဖြင့် မဟာဗောဓိစေတီတော်မြတ်ကြီးကို ပြင်ဆင်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်ခဲ့သည်၊ ဗြိတိသျှ အရာရှိတစ်ချို့တို့မှာလည်း မဟာဗောဓိစေတီတော်မြတ်ကြီး အစားထိုးပြုပြင်မှုတွင် အရေးပါ အရာရောက်ခဲ့ကြသည်၊ 

အကျွန်ုပ်တို့သည် ဆာ အလက်ဇန်ဒါ ကာနင်ဟန်( Sir Alexander Cunninggham ) ဆာ အက်ဒွင် အာနိုး
( Sir Edwin Arnold ) ဟာမီတန် ဘူချနန် ( Hamilton Bchannan ) ရာဇင်ဒရာလာ မိတြ ( Rajendralal Mitra ) နှင့် ဗုဒ္ဓဘာသာဆိုင်ရာ အမွေအနှစ် သမိုင်းတို့ကို ပြန်လည် ဖော်ထုတ်ကြသောသူများ ထိမ်းသိမ်း စောင့်ရှောက်ခဲ့ ကြသော သူများကို ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပါ၊

ခရစ် ၁၈၉၂ တွင် သီရိလင်္ကာနိုင်ငံ သားဗုဒ္ဓဘာသာ ၀င်သူတော်စင် အနာဂါရိကဓမ္မပါလသည် မဟာဗောဓိ စေတီတော်မြတ်သို့ ဘုရားဖူးအဖြစ်လာရောက်ခဲ့သည်၊ အနာဂါရိကဓမ္မပါလသည် သူတွေ့မြင်လိုက်ရသော မဟာဗောဓိစေတီဝန်ကျင်မှ ဆင်းရဲချို့တဲ့သော အခြေ အနေများက သူ့ကို အထိတ်တလန့်ဖြစ်စေခဲ့သည်၊  အနာဂါရိကဓမ္မပါလသည် မဟာဗောဓိ စေတီ တော် ပြုပြင်ရေးအတွက် လုံလောက်သော ဘဏ္ဍာများရှိပါ လျှက်နှင့် တစ်စုံတစ်ရာပြုပြင်ခြင်းမလုပ်ပဲ ဗုဒ္ဓဘာသာ ၀င်သူတော်စင်တို့၏ လှူဖွယ်ဝတ္ထုများကို ဟိန္ဒူဘုန်း တော်ကြီးက အပိုင်သိမ်းနေသည်ကို မြင်ရသောအခါ စိတ်ပျက်ဝမ်းနည်းခဲ့ရသည်၊

ဤသို့ဖြင့် အနာဂါရိကဓမ္မပါလသည် မဟာဗောဓိစေတီတော်ကို ဟိန္ဒူဘုန်း တော်ကြီး မဟန့်အာဏာစက် လက်တွင်းမှ လွတ်လပ်ရန် ဆုံးဖြတ်ခဲ့သည်၊ သူ၏ဆုံးဖြတ်ချက်ကို ထမြောက် အောင်မြင်စေရန် မဟာ ဗောဓိ စေတီတော်မြတ် ဗုဒ္ဓဘာသာဝင်သူတော်စင်တို့အုပ်ချုပ်မှု လက် အောက်ပြန် ရောက်ရန် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းကို တည်ထောင်ဖွဲ့စည်းခဲ့သည်၊

ကမ္ဘာတစ်ဝန်းလုံးမှ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် မဟာဗောဓိစေတီတော်မြတ်ကြီး ဗုဒ္ဓဘာသာ ၀င်သူ တော်စင်တို့လက်အောက်၌သာ ထားရှိရေးကို စတင် အရေးဆိုလာကြသည်၊ အနာဂါရိကဓမ္မပါလ၏ ဆောင် ရွက်ချက်တို့သည် ဟိန္ဒူဘုန်းတော်ကြီး မဟန့်ကို အလွန်အမင်းဒေါသထွက်စေခဲ့သည့်အတွက် ဗုဒ္ဓ ဘာသာရဟန်းတော်များကို ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုများကို ညွှန်ကြားစေခိုင်းခဲ့သည်၊ အနာဂါရိက ဓမ္မပါလည် ခြိမ်းခြောက်မှုများရှိနေသော်လည်း တုန်လှုပ်မှုမရှိခဲ့ပေ။

No comments:

Post a Comment