Pages

Friday, June 3, 2011

တွေ့ထိခံစား ခရီးသွား

 ၁

လူသည် မမြင်ရဖူးသေးသော အရာကို မြင်ဖူးချင်သည်၊ မကြားရဖူးသေးသော အရာကို ကြားချင်သည်၊ မနမ်းရှုက်ဖူးသေးသော အနံ့ထူးကို နမ်းဖူးချင်သည်၊ မစားရဖူးသေးသော အစာထူးကို စားဖူးချင်သည်၊ မခံစားဖူးသော အတွေ့ထူးကို ခံစားချင်သည်၊ ထို့ကြောင့်ပင် ခရီးသွားဖြစ်ရသည်၊ 

လူသည် လူ့ အဖြစ်၌ တည်လျှက် နတ်ပြည်ရောက်ရေး အလှူပေးပြီး ခရီးသွား လက်မှတ်ဝယ်သည်၊ လူ့ပြည်တွင် ခံစားရသည်ထက် သာလွန်သော ကာမဂုဏ် အရသာထူး ကိုခံစားချင်လွန်း၍ ဖြစ်သည်၊ ခရီးသွားဖြစ်သွားသည်၊
တွေ့ရကြုံရသော ခရီးများစွာတွင် မိမိဘာသာ စိတ်ဆန္ဒအရ သွားရသည်ရှိသည်၊ တစ်ပါးသူ စေလွှတ်၍ သွားရသည်လဲ ရှိသည်၊
 တစ်ယောက်သော သူ

မြန်မာ့စာပေလောကတွင် စံတင်ထားသော စာဆို နှစ်ဦးရှိသည်၊ သူတို့ ခရီးသွားရင်း စာဆိုကြသည်၊

‘ပေါ်နွေလလျှင်’ အစရှိသော ရတုအရှင် စာဆိုသည် ခရီးသွား တစ်ယောက်ဖြစ်သည်၊ တိုင်းပြည်ရေး အတွက် စစ်ထွက်နေရသည်၊ လိုအပ်၍ သွားရ သောခရီး ဖြစ်သည်၊ ရင်တွင်းကစေသော တိုင်းချစ် ပြည်ချစ်စိတ်ကြောင့် မင်းနေပြည်နှင့် ဝေးကာ ခရီးသွား နေရသည်၊ စာစီသည်၊ တိုင်ပြည်ကို လွမ်းကြောင်း၊ ညက်ညက် ၀င်းဝင်း ရွှေစင်ထွတ်ကဲ့သို့ရှိသော လှသော ချစ် ရသူကို လွမ်းမိသည်၊ သို့ရာတွင် ချစ်သူကား မင်းနန်းတွင် စံလျှက်၊ မိမိမူကား စစ်မြေပြင်တွင် ခရီးနှင်လျှက်….

ခရီးသွားတစ်ယောက် ဖြစ်နေသည်၊ တိုင်းပြည်ကို လွမ်းတိုင်း ငှက်လိုပျံချင်သော စိတ်တို့သည်လဲ ရုန်းကြွ နေတော့သည်၊
 သူလဲတစ်ယောက်

ရှိပါသေးသည် နောက်တစ်ယောက်၊
သူလဲခရီးသွားပင် ဖြစ်သည်၊ သို့သော် မိမိဆန္ဒအရ သွားခဲ့ရခြင်းမျိုး မဟုတ်ပါ၊ မင်းဒဏ်သင့်၍ အဝေးနေ ရခြင်း ဖြစ်သည်၊

‘ မဲဇာတောင်ခြေ၊ စီတွေတွေတည့်’ ဖြင့် တိုင်းပြည်ကို လွမ်းသည်၊

‘သဲသာသောင်ခြေ’ ဖြင့် ရာသီ ကြမ်းကြမ်း လေထန်ထန်၊ ခိုက်ခိုက်တုန်အေး နေပျောက်မထင် အရှေ့နောက်ပင်မှားလောက်သော တောကြီး မျက်မည်းတွင် နေရသော ဒုက္ခကို စာစီသည်၊ ပွဲခါညောင်ရေ စသည်ဖြင့် တိုင်းပြည်က ငယ်ကျွမ်းကို လွမ်းကြောင်း သီကုံး ပြန်သည်၊

‘တောင်ငွေ့ဝေေ၀၊ အထွေထွေနှင့်၊ လေလည်းရောရာ၊ မိုးမပါပဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်း ပေါက် လည်း၊ မိုးလောက်ပြင်းထန်၊ သွန်ချပြန်သော်’ ဖြင့် ချစ်သူကိုလွမ်းရသည်ပင် လွတ်လွတ် လပ်လပ် မရှိလှသော အဖြစ်ကို ဖွဲ့သီသည်၊
 သူတို့နှစ်ယောက်

သို့သော်ငှက်လို မပျံ တတ်မှန်း သူသိသည်၊ ပျံနိုင်ဦးတော့၊ သူ့တွင် ပျံခွင့်မရှိပါ၊ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ခွင့် သူ့တွင်မရှိပါ၊ သူကား ရာဇဒဏ်သင့်သူ၊

ငှက်လို ပျံချင်သူကား နတ်ရှင်နောင် ဖြစ်သည်၊ အောင်ပန်းဝင့်ဝင့်ဖြင့် ပြည်တော်ပြန်နိုင်သူမို့ ထင်ပါသည်၊ သူသည် အသက်လဲ ငယ်သေးသည်၊ စိတ်လိုက်မာန်ပါ ရှိလှသည်၊

လက်ဝဲသုန္ဒရကား အမတ်ကြီးဖြစ်ခဲ့သူတည်း၊ သူ့ခရီးသည် အချစ်ရေးထက်၊ လက်ရှိအခြေအနေကို ကမ္ဘာတစ်ခု ဆန်စေလေ၏။ ငှက်သည် ငှက်သာဖြစ်မှန်း သူသိသည်၊

 ၂

 "....................................
......................................
......................................"

သူတို့ နှစ်ဦးသည် ခရီးသွားတို့သာတည်း။

No comments:

Post a Comment