Pages

Wednesday, June 22, 2011

မနက်ခင်း တစ်ခုနှင့် အပူသည်

မနက်ခင်းတစ်ခုပါ၊ နေသည် ထန်းတစ်ဖျားကျော်ကျော်သို့ရောက်ချေပြီ၊ ကလေးတစ်အုပ် ခပ်သုတ်သုတ် ခရီးနှင်လာကြသည်၊ သူတို့နှင့်အတူ သံစုံမြည်ဟည်းသည်၊ ယူလာကြသော ဒန်အိုး ဒန်ခွက်တို့ ထိခိုက်ခြင်း ကြောင့် ထွက်ပေါ်လာခြင်းဖြစ်သည်၊သူတို့  ရေခတ်လာကြပြီ၊

မဂဓတက္ကသိုလ်ကြီး၏ အဆောင်၃ တွင်မြန်မာပြည်ဖွား ရဟန်းတော်များ သီတင်း သုံးကြသည်၊ အဆောင်ရှေ့ တွင် သုံးရန် ရေငုတ် တစ်ငုတ် စိုက်ထားသည်၊ မနင်ခင်း ဆယ်နာရီခန့်တွင် တစ်ကြိမ်နှင့် ညနေပိုင်း ငါး နာရီ ကျော်ကျော်တွင် တစ်ကြိမ် ရေလာသည်၊ ရေလာလျှင် အနီးအနားက ကလေးငယ်များ ရေလာခတ်ကြသည်၊ မည်းညစ်ပေ တေနေသော သူတို့မှာ တကယ့် ပီဘိ ကလေးတို့ဖြစ်သည်၊

အနီးရောက်မှ သေချာ ကြည်မိပါသည်၊ အပြုံးကလွဲ ခန္ဓာကိုယ်ပေါ် တင်ထားသမျှတို့သည် ညစ်နွမ်းလွန်းလှ သည်၊ ဆံပင်တို့သည် ဂျီး( ချေး) အထပ်ထပ်တို့ဖြင့် ဖွဲ့ရစ်ကာ ထိုးထိုး ထောင်ထောင် ဖြစ်နေကြသည်၊
ဂျယ်( gel) မသုံးရပဲ ထောင်နေကြသည်၊ မျက်နှာပေါ်ဝဲကျလာသော ချွေးစေးကြောင်းတို့မှာ အထင်းသာ၊ အပြေးတပိုင်းနှင့် လာကြသော သူတို့ တစ်အုပ်ကြောင့် ပတ်ဝန်းကျင်သည် အပူရှိန်ကြောင့် မှိန်းနေရာမှ ခဏပြန်နိုးလာသလို ဖြစ်နေပြန်သည်၊ သူတို့ ဤသို့ပြေးလာကြခြင်းမှာ  မနက်ခင်း တစ်ခု၏ ထုံးစံဖြစ်နေ သည်၊ 

ကလေးမ တစ်ယောက်လျှင် ဒန်အိုး ခပ်ကြီးကြီး တစ်လုံးနှင့် အပိုဆွဲပုံများကိုပါ တွေ့ရတတ်သည်၊ အပျိုရွယ်မိန်း ကလေးများကိုကား မတွေ့ရပါ၊ အိမ်တွင်း ပုန်းလုပ်လေပြီထင့်၊ တစ်ယောက်ခပ်နေလျှင် အလှည့် ကျစနစ်ဖြင့် တန်းစီ စောင့်နေကြသည်မှာ လေ့ကျင့်ပေးထားသလို ရှိနေသည်၊ သူတို့နေရာတွင် ရေပေါပေါများများ မရှိသဖြင့် ရေပေးချိန် အရောက်လာကြရသဖြင့် အမောလဲပြေ အလှည့် ကျလဲစောင့်ရင်း ရေငုတ်တွင် တစ်စုတစ်ဝေးကြီးနှင့် စည်ကားလှသည်၊ စကားတွေလဲ စုံသည်၊ ရယ်သံလွင်လွင်လေးများလဲ ကြားရသည်၊  နေ အပူကို လျှော့ချနိုင်သလို ရှိနေသည်၊

ပူပြင်းသောနေသည် တိမ်ကင်းသောကောင်းကင်တွင် ယှဉ်ပြိုင်သူမဲ့ မင်းမူနေသည်၊ အိန္ဒိယနိုင်ငံရေရှားပုံကို သတင်းစာထဲလောက်သာ မြင်ဖူးခဲ့ရသော မြင်ကွင်းသည် ခြောက်သွေ့လွန်းလှသည်၊ အုပ်ဘောင် ခပ်မထားသော ရေတွင်း နှုတ်ခမ်းတွင် ဆာရီခြုံထားသော အမျိုးသမီးတစ်စု စုပြုံတိုးနေသည်မှာ ပန်းချီဆရာ၏ လက်ရာကောင်း တစ်ကွက်လိုဖြစ်နေသည်၊ သို့သော် တစ်ကယ့် ဖြစ်ရပ် ပါဟု အောက်နား တွင် စာတမ်း ထိုးထားသည်၊ ရေခပ်လာသူတို့ အပျို အအို တစ်စုအား တစ်မျှော်တစ်ခေါ် လယ်ကွင်းပြင်ကြီး က ၀ိုင်းရံထားသည်၊ လယ်ပြင်တွင် ပတ်ကြားအက်တို့ကား အထင်းသား၊ ခပ်ဝေးဝေး တစ်နေရာတွင် ထနောင်ဆူး ရစ်ပင်တို့က တောထလျှက် အပြိုင်ပြိုင်၊ 

ထန်းပင်စုစုအောက်နားတွင်မြေစိုက်ဆောက်ထားသော တဲငယ်များ ကား အထီးကျန်ဆန်လှသည်၊ တဲနား တစ်ဝိုက်တွင် ချည်နှောင်ထားသောဆိတ် တစ်အုပ်နှင့် နွားလေးငါးကောင် မှာ ချည်တိုင်မှ လွတ်အောင် ရုန်းလိုစိတ်ရှိဟန် မတူတော့၊ ဥသြသံ သဲ့သဲ့ကြားရသည်၊ လေပူတစ်ချက် တိုက်သည်၊ ခန္ဓာကိုယ်တွင် ဖြင်းစပ်စပ်ဖြစ် ကျန်ရစ်သည်၊ မြင်ကွင်းတို့သည် နှိပ်စက်လွန်းသည်၊ ကိုယ်တိုင်ရေဆင်းပြီး မခတ်ရပါပဲလျှက် ရင်တွင်း ပူလာသည် ၊ချွေး စို့လားသည်၊ သက်ပြင်း အရှည်ကြီးကို ခပ်ပြင်းပြင်း မှုတ်ထုတ် လိုက်မိသည်၊ သူတို့နဲ့ အတူ ရေခတ်လိုက်ရင်တော့ ပူမယ်မထင်ဟု ရော်ရမ်းတွေး မိသေးသည်၊


အခန်းတွင်းဝင်ပြီး မနေ့က ညနေပိုင်း ကုလားလေးများ ကုလားမလေးများ ရေခတ်ပြီး အပြန်တွင် ခတ်လာခဲ့သော ရေကို ရင်တွင်းသို့ မျှောချလိုက်သည်၊

ရေသည် မအေး.........
အပူရှိန်ကြောင့်..........
ခပ်နွေးနွေးသာ။

No comments:

Post a Comment