Pages

Saturday, June 11, 2011

အိန္ဒိယ ခရီးသည်

အိန္ဒိယနိုင်ငံသို့နှစ်ကြိမ်မြောက်ရောက်ခဲ့ပါပြီ၊ ပထမအကြိမ်ရောက်ခဲ့ရစဉ်က သီရိလင်္ကာနိုင်ငံမှ တဆင့် ရောက်လာခဲ့ခြင်းဖြစ်သည်၊ ကိုလံဘိုမြို့ ဘန္ဒရာနိုက်ကေးလေဆိပ်မှ ၂၀၁၁ ဒီဇင်ဘာလ ၃၀ရက် မနက်ပိုင်း ၉ နာရီတွင်ပျံသန်းခဲ့သော လေယာဉ်သည် ချင်နိုင်းလေဆိပ်သို့ မနက်ပိုင်း ၁၀နာရီ ၃၀ မိနစ်ကျော် ကျော် တွင် ရောက်ရှိပါသည်၊ လေယဉ်ပေါ်တွင်ကုလားတစ်ဦးနှင့် တွေ့ပါသည်၊ သူ့မိသားစုများမြန်မာပြည် တွင်ရှိ ကြောင်း ပြောပြသည်၊ လေဆိပ်အတွင်းမှ မောင်းနှင်ထွက်ခွာလာသော ကားပေါ်တွင် သီရိလင်္ကာသူ များ ကို တွေ့ရသည်၊ နောက်မှ တက်လာသော မိမိတို့ရဟန်းတော်များကို တရိုသေနေရာပေးပြီး ကူညီပါသည်၊ နေပါစေ ဒကာမကြီးလို့ဘာသာပြန်နိုင်သော အမူအယာဖြင့် ခေါင်းလေးငဲ့ပြီး ပြောလိုက်ရသည်၊ 

သီရိလင်္ကာသူများ သဘောပေါက်အောင် ခေါင်းရမ်းနည်းတော့သိပါသည်၊ ပြည်တွင်းအ၀င်လက်ခံဌာနတွင် လူတွေစုပြုံတိုး နေကြသည်၊ ကုလားအများစုဖြစ်သည်၊ မိမိတို့ရဟန်းတော်များကိုမူ အနောက်ဘက် တစ်နေ ရာသို့လက်ညှိုး ညွှန်ပြပါသည်၊ သူတို့ညွှန်ရာသို့သွားပြီး ပါလာသော မိမိကပတ်စပို့နှင့် မိတ်ဆွေရဟန်း တော်က စာရွက် စာတမ်းမျာကို စစ်ဆေးရေး အရာရှိအားပြကြရသည်၊ 

အိန္ဒိယအရာများရှိသည် သီရီလင်္ကာနိုင်ငံသူ နိုင်ငံသား အရာရှိများလောက် သဘောမကောင်းဟု ထင်မိ သည်၊ မှတ်မိနေပါသေးသည်၊ မန်း သာသနာ့ တက္ကသိုလ် တွင်နေရစဉ် ဗုဒ္ဓဒေသနာ ပြန့်ပွားရေး ဆရာ တော်က

’ လူမျိုး မတူချင်နေပါစေ၊ နိုင်ငံ မတူချင်နေပါစေ၊ ယုံကြည်ကိုးကွယ်မှု အပိုင်းတူညီလျှင် အချင်းချင်းနား လည်နိုင်မှုနှင့် ကိုယ်ချင်စာနမှုပိုသည်’ဟုပြောပြဖူးပါသည်၊ 

ဟုတ်တော့လဲ ဟုတ်ပါသည်၊ သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓကိုမြတ်နိုးသည်၊ တရားတော်များကို လေးစားကြ သည်၊ သံဃာတော်များကို ဦးညွတ်ရိုသေကြသည်၊ စာတွေ့ဖြင့်သာသိခဲ့ရဖူးသော ဘ၀သည် ယခုလို ခဏ တာလေး တွင်ကြုံရသော အခိုက်လေးကြမှပင် အရင်ကစာသဘောများကို အမှတ်ရမိသည်၊ လေဆိပ်မှ အထွက်တွင် မြန်မာပြည်တွင်နေထိုင်ခဲ့ဖူးသော ကုလားဒကာကြီးမှ လာရောက် ကြိုဆိုပါသည်၊ 

တည်ခိုရာသို့နာရီဝက်ခန့်မောင်းနှင်ပြီးနောက် ပါလာသောအထုပ်များနှင့် စာအုပ်စာတမ်းများကို နေရာချ ထားပြီး ခဏအနားယူကြသည်၊ လာရောက်ကြိုဆိုသောဒကာကြီးမှာလည်း ညနေပိုင်းမှ လာပြီးတွေ့ ပါဦး မည်ဟုပြောပြီး ပြန်သွားသည်၊ အိန္ဒိယမြေပေါ်သို့ ပထမဆုံးခြေချဖူးခြင်းဖြစ်ပါသည်၊ ဘ၀သည် အစမထင် ဟုပြောကြရာ တစ်ခုသောဘ၀နှင့် ဘ၀ါဘ၀က ရောက်ဖူးလျှင်လဲရောက်ဖူးပါလိမ့်မည်၊   

ညနေပိုင်းတွင် ဒကာကြီးပြန်လာပါသည်၊ ခရီးဆက်ဖို့အတွက် ရထားလက်မှတ်သွားရောက်ပြီး ၀ယ်ယူခဲ့ပြီဖြစ် ကြောင်း ပြောပြသည်၊ ပြီးတော့ မြို့ထဲလိုက်ပြီး ပြပေးသည်၊ မြန်မာပြည်တွင် နေဖူးသော ကုလားများနှင့် တွေ့ပါ သည်၊ မြန်မာလိုပြောတတ်ကြသည်၊ သူတို့ဈေးကို မြန်မာဈေးဟုခေါ်ကြောင်း ပြောပြသည်၊ ဈေးထဲတွင် အိန္ဒိယရူပီးလည်လှယ်ကြသည်၊ ညနေပိုင်းတွင် ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံးဟုပြောကြသော မဒရပ် ဆိပ်ကမ်းသို့ ရောက်ကြသည်၊ လေတိုက်နေသည်၊ လှိုင်းလာရောက်ကြည့်ကြသော လူများပြည့်ညပ် နေ သည်၊ မြန်မာပြည်တွင်နေဖူးသော ဒကာကြီးတစ်ယောင်နှင့် တွေ့ပါသည်၊ ဓာတ်ပုံရိုက်ကြသည်၊ ပင်လယ်ကူး သင်္ဘောကြီးများကို မီးရောင်တ၀င်းဝင်းနှင့် အဝေးက လှမ်းပြီးမြင်ရသည်၊ 

၂၀၁၁ ဖေဖော်ဝါရီ ၂ရက်တွင် ချင်နိုင်းမှ ဂယာမြို့ဆီသို့ဆက်လက်ထွက်ခွာခဲ့ကြသည်၊ ရာသီဥတုမှာ အိန္ဒိယနိုင်ငံ အတွင်းပိုင်းရောက်လေ ပိုပြီးအေးလာလေဖြစ်သည်၊ မောင်းနှင်ပြေးသွားနေသော ရထား ပြတင်းများတွင် လာရောက်တွဲလဲခိုနေသော နှင်းစက်တို့မှာ အစီအရီ၊ လမ်းတစ်လျှောက်တွင် ဆူးရစ်ခြုံများ၊ ထနောင်ပင်များ၊ လယ်ကွင်းပြင်များ၊ ဆိတ်အုပ်များ၊ မြေနီလမ်းများ၊ တောင်တန်များ၊ ဘူတာရုံခပ် သေးသေး လေးများ၊ ဘူတာရုံကြီးကြီး မားမားကြီးများ၊ ကျေးရွာများ၊ မြို့ကြီးများ၊ ချောင်းများ၊ မြောင်းများ၊ တခါတရံ ရထားနှင့် အပြိုင်ပြေးနေသော ကားများ၊ နွားအုပ်များ၊ လူအုပ်များ၊ ဖုံလုံးကြီများသည် မြူနှင်ရောပြီး လွင့်နေ ပုံများ၊ ခေါင်မြီးခြုံပြီး အဖွဲ့လိုက်သွားနေသာ ကုလားမများ ကလေးများ၊ မကြာခဏ လာရောက်ပြီး သတင်း စာထမင်းနှင့် လဘက် ရည် လာရောင်းချတတ်သော ရထားပေါ်ကဈေးသည်များတို့ကို တလှည့် စီကြည့်ပြီး လာခဲ့ရသည်၊ တစ်ချို့နေရာများသည် မြန်မာပြည်က နေရာများနှင့် အတော်ဆင်ပါသည်၊ 

ရထားပေါ်တွင် နှစ်ညအိပ်ပြီး နောက် နေ့ ညပိုင်းတွင် ဂယာမြို့သို့ ရောက်ပါတော့သည်၊ ဂယာဘူတာသည် လူများဖြင့် ပြွတ်သိပ် ပြည့်ညပ်နေပါသည်၊ ရထားပေါ်မှ ဆင်းလာသော ခရီးသည်များကို လာရောက်ကြိုဆိုကြသော လူများ အလုပ်သမားများနှင့် ညပ်ပိတ်နေရာ လူအကြားတွင် တစ်နာရီခန့် နေလိုက်ရသည်၊

‘ အော် ရန်ုကုန်၊ ရန်ကုန်၊ ရန်ကုန်ဆိုတာ ဒါပါကလား လူတွေကလဲ တို့ရွာက ဘုရားပွဲထက်တောင် စည်သေး’ ကို အမှတ်ရပြီး ကိုရင်သိန်းတန်ကို သတိရမိသေးသည်၊ ဂယာဘူတာများ သူရောက်ခဲ့မိလျှင် ဘယ်လိုပြောမည် မသိ၊ 

ကိုယ်တိုင် ငြီးချင်စိတ် ပေါက်မိသည် ‘အော် ဂယာ ဂယာ၊ ဂယာဆိုတာ ဒါပါကလား လူတွေကလဲ တို့မြန်မာနိုင်ငံက လူတွေထက်နောင် ညစ်ပတ်သေး’

No comments:

Post a Comment