Pages

Saturday, October 1, 2011

ဆောင်း တစ်ည၀ယ်

ဆောင်း၊ ရင်းရင်းနှီးနှီးသိခဲ့ဖူးသည်၊ 
ဟိုအဝေးတောတန်းများဆီက ကသုတ်ကရက်ပြေးလာတတ်တဲ့ဆောင်း၊
တောင်ပြန်လေအပင့်တွင် သောင်ပြင်မှာ ကြွေလွင့်ပျက်ပျယ်သွားတတ်တဲ့ဆောင်း၊ 
ရုတ်တရက် ၀င်ရောက်ပွေ့ဖက်ပြီး တဖက်သားကို ရင်တုန်လှိုက်မောအောင်ပြုတတ်တဲ့ ဆောင်း၊   

ချင်းတွင်း သောင်ပြင်ပြန့်ပြန့်တွင် ကခုန်မြူးထူးနေတတ်တဲ့ ဆောင်း၊တောင်ပြန်လေလို ချင်းတွင်းမြစ်ပြင်ကို လှိုင်းကြမ်းကြီးများ မထစေပဲ ရှက်သွေးဖြန်းရုံ ဆော့မြူတဲ့ဆောင်း၊ 
အတွေးတွေထဲ ပုံရိပ်တွေ အထပ်ထပ်ပေးခဲ့တဲ့ ဆောင်း၊တွေးမိတိုင်း ရင်ခုန်ပါတယ်ဆောင်း။

'ဘုန်းကြီးအခုလို တအားအေးတဲ့ ဆောင်းညဆိုရင်ကုန်းထိပ်စေတီတော်ဆီက ခေါင်းလောင်းသံကြားရတတ်
တယ်၊ တစ်ချက်တည်းပဲ ထိုးပါတယ်၊ ည ဆယ့်နှစ်နာရီလောက်ဆိုရင် တပည့်တော်တို့အိမ်ကနေ အတိုင်းတိုင်း ကြားနေရပါတယ်၊ ဘုန်းဘုန်းညညကျရင် နားထောင်ကြည့်ပါ၊ 

သူ့မျက်နှာတွင် စိုးထိတ်ရိပ်တို့ အလိပ်လိပ်ဖြင့်ပြောနေသည်၊ ဆောင်းဆည်းဆာသည် တောင်စွယ်တွင် အရောင်စုံခြယ်လျှက် နှုတ်ဆက်နေသလိုလို..။

ထိုညတွင် ကျုပ်အိပ်မပျော်၊ခေါင်းလောင်း ထိုးသံကို နားစွင့်မိသည်၊ ဆောင်းညမို့ လေတိုးသံ တရှဲရှဲတို့အော်မြည်နေသည်၊ ခပ်လှမ်းလှမ်းတောတန်းထဲက နှင်းပေါက်တို့ တဖြောဖြောကျသံသည်ဖြိုးဖြိုး ဖျောက်ဖျောက် ညံနေတတ်သည်၊ တောကျောင်းလေး တံစက်မြိတ်က နှင်းပေါက်တို့ ကြွေကျသံသည် နံရံခေါက်လေသလား ထင်မိ
သည်၊ နားထဲဝဲလည်ခတ်နေသည်၊

လက်ဝဲသုန္ဒရ၏ ‘သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်တို့၊ မိုးလောက်ပြင်းထန်၊ သွန်ချပြန်သော်’ ကို မရွတ်အားနိုင်၊ ရွာဦးကုန်းထိပ်စေတီတော်ဆီက ခေါင်းလောင်းထိုးသံနားစွင့်နေမိသည်၊ 
ထိုညက ခေါင်းလောင်းထိုးသံ မကြားရပါ၊ ရင်တွင် တဒုတ်ဒုတ်ခုန်နေသံကြောင့် မကြားရလေသလား မပြောတတ်ပါ၊

ချင်းတွင်းမြစ်ဘေး တောင်တန်းဆောင်းညများသည် အအေးပိုသည်၊ အတွေးပိုစေသည်၊ ကြယ်စုံတောက်သည်၊ ကောင်ကင်ပြာပြာသည် ကြယ်စင်များ တွဲရရွဲဖြင့် ပန်းဆိုင်းကြီးလိုလှနေတတ်သည်၊ ကြယ်ရောင်ပြပြဖြင့် မြက်ခင်းပြင်တွင် ဖောက်ယက်ထားသော လမ်းတို့သည် လရောင်အောက်တွင် အငြိမ်မနေပဲ ဟိုဒီတိမ်းပြီး ယိမ်းကနေသလိုထင်မိသည်၊

တောတန်းများနှင့်သစ်ပင်မြင့်မြင့်ကြီးတို့သည် လေနော့နော့တွင် သော့ကရော့ဖြင့် ဝေးလိုက်နီးလိုက်
ဖြစ်နေသည်၊ ခေါင်းလောင်းထိုးသံမကြားရပါ၊
ကြယ်ကြွေတာတော့မြင်လိုက်မိသည်၊ ရင်ထဲလှိုက်ကနဲ့….။
ဆောင်းည၏ နှင်းပေါက်တို့ တဖြောက်ဖြောက်နှင့်…။

‘ဘုန်းကြီး ဒီလိုအေးတဲ့ဆောင်းညတွေဆိုရင်ဆတ်မကြီး သားပေါက်လေး တစ်ကောင်နဲ့ ရောက်ရောက်လာ
တတ်တယ်၊
တော်တော်လှတဲ့ဆတ်မကြီး သားအမိပါဘုန်းဘုန်း၊ တပည့်တော်တို့လဲ အစတော့ဘယ်သိမလဲ သေနတ်
ထမ်းပြီးနောက်ယောင်ခံလိုက်တာပေါ့၊
လက်တစ်ကမ်းပဲ ပြစ်ရတော့မလို၊ပြစ်ရတော့မလိုနဲ့ပဲ နောက်ဆုံးတော့ ဘုရားကုန်းရောက်လာတော့တာ၊ လရောင်ဖွေးဖွေးအောက်တင်ပဲ ကြည့်နေရင်း ဆတ်မကြီး သား အမိပျောက်ပျောက်သွားတာ.........
ဘုန်းဘုန်းရေ၊ ဆောင်းညတွေဆို ခဏ ခဏကြုံရပါတယ်’ 

သူ့အသံတွေတုန်နေသည် ထင်မိသည်၊

ဆောင်းညသည် တိတ်ဆိတ်လို့၊ တစ်ရေးနိုးကျေးငှက်တို့ အတောင်ခတ်သံနှင့် ဆောင်းလေသဲ့သဲ့ သုတ်ဖြူးသံတို့ကို နားစွင့်မိသည်၊ သူတို့ သားအမိလာလေပြီလား တွေးမိသည်၊
ဆောင်းညသည် ယိမ်းကသည်၊ ဆောင်းည စိတ်တို့သည်လဲ ယိမ်းကနေသလိုပင် ထင်ရသည်၊

ဆောင်း၊ ရင်းရင်းနှီးနှီးသိခဲ့ဖူးသည်၊

‘ဒီဆောင်းနှင်းမြူရယ်..ကိုယ်ချင်းမစာတယ်....ချမ်းတယ်...ချမ်းတယ် မေးခိုက်ခိုက်တုန်အောင်..
.စောင်နဲ့ခြုံတောင်မလုံဘူး…အချစ်ရယ်……မင်းကိုယ်ငွေ့နဲ့..ထွေးပါမှ…နွေးမယ်ထင်တော့တယ်….
.နွေးစေမယ်…အချစ်ရယ်..အချစ်ရယ်……နွေးစေမယ်….’

ရင်ကို ထိခတ်ဖူးသော ကိုထီးဆိုင်ရဲ့ဆောင်း တေးသွားသည် နှင်းတွေပိုကျစေပြီး ညကို ပိုပြီးအေးစေသည်၊
နှင်းပေါက်နှင်းစက်တို့က သံစဉ်တီးခတ်သည်။


မှတ်ချက်။ ။ ပဒူးမုန်းနာဂရွာသားများပြောပြသော ဆောင်းပုံပြင်ကိုပြန်ရေးပြပါသည်။

1 comment:

  1. အမိုးတော့ဆောင်းကို အရမ်းနှစ်သက်၏
    ဆောင်း..........
    ကသုတ်ကရက်ပြေးလာတတ်တဲ့ ဆောင်း......
    ကြွေလွင့်ပျက်ပျယ်သွားတတ်တဲ့ ဆောင်း......
    ရင်တုန်လှိုက်မောအောင်ပြုတတ်တဲ့ ဆောင်း.....
    ရှက်သွေးဖြန်းရုံဆော့မြူတဲ့ ဆောင်း........
    ပုံရိပ်တွေ အထပ်ထပ်ပေးခဲ့တဲ့ ဆောင်း......
    တွေးမိတိုင်း ရင်ခုန်ရပါတယ် ဆောင်းရယ်..........။

    ဆောင်းရယ်၊နှင်းရယ်၊ကိုယ့်ချစ်သူရယ် အတူတူပါပဲ.......။ ။

    အမိုး(မင်းကိုယ်ငွေ့နဲ့ တွေးပါမှ နွေးမယ်...)

    ReplyDelete