Pages

Monday, September 26, 2011

ကမ်းခြေသူ

အိန္ဒိယနိုင်ငံတောင်ပိုင်း ချင်နိုင်းမြို့လေးသို့ရောက်ခဲ့သည်၊ 
နယ်ချဲ့ အင်္ဂလိပ်ပေးခဲ့သော နာမည်မှာ မဒရပ်ဖြစ်သည်၊ 
ပင်လယ်ကမ်းခြေက မြို့တစ်မြို့ဖြစ်သည်၊

သီရိလင်္ကာနိုင်ငံနှင့်နီးကပ်သော မြို့လေးဖြစ်သည်၊ မြို့လေး၏အထင်ကရဖြစ်သော မဒရပ်တက္ကသိုလ်ဝင်း အတွင်းမှကမ်းခြေဘက်သို့လှမ်းကြည့်လိုက်လျှင် ပင်လယ်ပြာပြာကြီးသည် ကျယ်ပြောလှသည်၊ ပြာလဲ့လဲ့ဖြင့် မျက်စိတစ်ဆုံး ရှုမျော်မဆုံးနိုင်တော့၊ မြို့နှင့် ပင်လယ်ပြင်ကို အနားသတ်ထားသောကမ်းခြေသည်ကမ္ဘာတွင် 
တတိယအကြီးဆုံးဖြစ်ပါသတဲ့၊

လှပါဘိသည်၊ 

ပင်လယ်ကူသင်္ဘောများ ကူလူးသွားလာနေကြသည်၊ ပင်လယ်ပြာပြာ ရေပြင်ခုံးမို့မို့တွင် လှေနာဝါ ကြီးငယ်သင်္ဘောများသည် လူးလွန့်လျှက် လှိုင်းကြက်ခွတ်များပေါ်တွင် လှချင်တိုင်း လှနေတော့သည်၊ ကြည့်နေရင်း ရင်တလျှပ်လျှပ်ဖြင့် အမည်ဖော်မပြတတ်သော ဝေဒနာများ ခံစားနေမိပြန်သည်၊

တစ်ချိန်က ကမ်းခြေကိုတက်လာခဲ့သော နယ်ချဲ့တွေကိုလား၊ သို့တည်းမဟုတ် အသောကမင်းတရားကြီး ဓမ္မာဝုဓ- တရားလက်နှက်ဖြင့် အောင်နိုင်ခဲ့သော သီရိလင်္ကာနိုင်လေးကိုလား၊ 
ညီညွတ်မှု အင်အားဖြင့် တိုက်ထုတ်ခြင်းခံရလိုက်သော နယ်ချဲ့စစ်ဘီလူးတို့ ပင်လယ်ပြင် အတွင်း တပ်ဆုတ်သွားသော နေ၀င်ချိန်တွေကိုလား၊ 

မနေ့တစ်နေ့ အလား ထင်ရသော ပင်လယ်ပြင်၏ မာယာပြကွက် ဆူနာမီလှိုင်းလုံးတွေကိုလား၊
ပြောမပြတတ်တော့ဘူး၊ ဒါပေမယ့် ရင်တွင်းမှာတော့ လှိုင်းခတ်သံတွေရှိနေသည်၊ တကယ်ပါ၊

ပင်လယ်ပြင်လေညှင်းတို့က အတင်းဝင်တိုးသည်၊ 
ကမ်းခြေတွင် လမ်းသလားနေသော မဒရပ်လှပျိုဖြူတို့ကို ဆော့မြှူသည်၊ 
ကမ်းခြေတွင်ပင်လယ်ပြင်က ငွေဇင်ယော်တို့နှင့် အတူမဒရပ်သူတို့လဲအတောင်ခတ်ပျံတော့လေမလား
ထင်မိသည်၊ ပျံချင်လဲပျံပါလေ၊ 

ကိုယ်တိုင်လဲလှိုင်းလေနှင့် ငွေရောင်ကမ်းတွင်အတောင်တတ်ပြီးပျံချင်စိတ်များဖြစ်ပေါ်နေမိသည်၊
အတူယှဉ်တွဲ ပျံဝဲလိုက်ချင်ပါဘိ၊

ရင်တွင်းခံစားချက်ကို မြိုသိပ်တိတ်တိတ်လေးနေခဲ့ရသည်၊ ကမ်းခြေကိုကျောပေးပြီး၊  မဒရပ်တက္ကသိုလ်ဝင်း အတွင်းသို့ရောက်ခဲ့ပြီ၊ မူဆလင်လက်ရာများဟုဆိုနိုင်သော အဆောက်အဦးများကိုတွေ့ရသည်၊   

စိမ်းစိမ်းစိုစိုဖြင့်လှသည်၊ ကမ်းခြေတွင်ပေါက်ရောက်လေ့ရှိသော အပင်များကို တွေ့ရသည်၊ တက္ကသိုလ် ပရ၀ဏ် အတွင်းတွင်လဲမဒရပ်သူလှပျိုဖြူတို့ကို ‘ပြုံးတော့မလို့...လိုဖြင’့် အိနြေ္ဒကြီးလှသည်ကို
မြင်တွေ့ပြန်ရသည်၊

တက္ကသိုလ်ဝင်း အတွင်းကျူးကျော် ချဉ်းနင်းဝင်ရောက်လာသော ပင်လယ်လေအေးတို့ကလဲ အိနြေ္ဒရှင်လှပျိုဖြူကျောင်းသူ ချောချောတို့ကို မူအားရက်နိုင်လွန်းဟုဆိုကာ တိုးဝှေ့ဖက်ရမ်းသည်၊ 

သူလေတို့၏ ဆံစများ လေတွင်လွန့်လူးသည်၊ လေအဝှေ့ကြောင့် သူလေးတို့၏ ကိုယ်ရုံလွှာဆာရီသည် သခင့်အား စွန့်ခွာတော့မယောင်ထင်ရသည်၊

လေးသရမ်း၏ ဆော့ကစားခြင်းခံနေရသော သူလေးတို့၏ ရှက်သွေးဖြန်းသော မျက်ဝန်း၊ မျက်လုံး၊ ပါးပြင်၊ ဘေဘီဝဲယာကြည့်လိုက် ခြင်းတို့သည် မဒရပ်တက္ကသိုလ်ကြီး၏ အလှတစ်ပါးဖြစ်ပေလိမ့်မည်၊

No comments:

Post a Comment