Pages

Tuesday, October 25, 2011

အမည်းကို ဖြူစေသူ

တစ်ခါတုန်းက ယောနယ်စပ်သို့ မိတ်ဆွေတစ်ပါးနဲ့အတူ ရောက်ဖူးပါသည်၊ မန္တလေးမြို့မှ ပခုက္ကူသို့ ကား စီး ရသည်၊ ပခုက္ကူတွင် လာရောက်ကြိုဆိုမည့်သူကို စောင့်ရာ ရောက်မလာသောကြောင့် ညနေပိုင်းနောက် ဆုံး ကားဖြင့် ပခုက္ကူ အနောက်ဘက်ရှိကမ္မသို့ ခရီးဆက်ခဲ့သည်၊ ကမ္မမှတစ်ဆင့်ကားဆက်စီးကာ မန်ကျီးသုံးပင် ဂိတ်တွင် ဆင်း ကြသည်၊

ညနေခင်းနေရောင်သည် ကွယ်လေပြီ၊ အမှောင်ရိပ်တို့ သိပ်သိပ်သည်းသည်းဖြစ်နေပြီ၊ ခရီးကား မဆုံးသေးပါ၊ မန်ကျီးသုံးပင်ဂိတ်မှသည် ဆက်လက်ပြီး သံဘိုရွာကိုဖြတ်ပြီး ထူးကြီးဆိုသော ရွာကို ခရီးဆက်ရမည်၊ ကား ပေါ်မှဆင်းပြီး ရှေ့ဆက်ရမည့် ခရီးစုံစမ်းကြရသည်၊

မှောင်နေပြီဖြစ်လို့ခရီးမဆက်ရန်ဒကာများက ပြောကြသည်၊ တစ်ညအိပ်ရန် ကျောင်းလျှောက်ပေးပါမည်ဟု
ရှေ့ခရီးမဆက်ရန်တားကြသည်၊ ခရီးကြမ်းသည် ဟုလဲပြောကြသည်၊
ကြမ်းသည်ဆိုခြင်းမှာထူးသည်၊ ခရီးလမ်းကြမ်းခြင်းလား သို့မဟုတ် တောခြောက်တောင်ခြောက်ကို ဆိုလိုခြင်း လားမသိဖြစ်ရသည်၊ စိတ်ထဲတွင် စွဲနေသော အတွေးတစ်ခုရှိနေသည်၊

ယောနယ်၊ ဤနယ်တစ်ဝိုက်တွင် သူစိမ်းတစ်ရံများကို နှောက်ယှက်တတ်သောသူများရှိသည်ဟု ကြားရလေ့ ရှိသည်၊ နှောက်ယှက်သည်ဆိုခြင်းမှာ ပြုစားတတ်သူများကို ပြောကြခြင်းဖြစ်သည်၊ အရပ်ပြော ပြောရလျှင် စုန်း၊ ကဝေများကို ပြောလိုရင်းဖြစ်သည်၊

သူတို့ပြောသော ကြမ်းသည် ဆိုခြင်းမှာ လမ်းခရီးကို ဆိုလိုခြင်းဖြစ်ကြောင်း သိရ သည်၊
မြွေများပေါ ကြောင်း ပြောပြသည်၊ ပြီးတော့ခရီးလဲ အတော်လှမ်းနေသေးကြောင်းပြောကြသည်၊ သူတို့တားသည်ကို ဂရုမစိုက်ပဲ ခရီး ကြားချိန်ဘယ်လောက်ရှိမည်ကိုသာ ပြောပါဟုမေးရာ တစ်နာရီကျော်ကျော်လောက်ပါပဲဟုပြောကြသည်၊ 
ညကိုးနာရီ မထိုးခင် ရွာရောက်မည်ဆိုက ခရီးဆက်မည်ဟု ပြောပြရာ ရောက်ပါသည်ဟု သိရသဖြင့် မှောင်ရီရီတွင် ခရီး ဆက်ခဲ့ကြသည်၊ ခရီးစတော့ ညပိုင်း ခုနှစ်နာရီထိုးလေပြီ၊ 

လှည်းလမ်း အတိုင်းခရီးဆက်ခဲ့ကြရာ ထန်းတောစုစု၊ တောပုပု လေး များကို ဖြတ်ကြရသည်၊
ရေခန်းခြောက်နေသော ဆည်များကိုလဲ တွေ့ရသည်၊ ညမှောင်မှောင်တွင် အဝေး ဆီမှ မီးရောင် လဲ့လဲ့ များကို တွေ့ရသည်၊ မိတ်ဆွေဖြစ်သူက သင်္ဘောကျင်းဟုပြောသည်၊ မဖြစ်နိုင်ပါ၊
ရေနံတူးသူများ သာဖြစ်နိုင်သည်၊ မီးရောင်သည် တစ်ချက်တစ်ချက် ထိန်းလင်းနေသည်၊

နာရီဝက်ကျော်ကျော်ခရီးရောက်လျှင် ရွာတစ်ရွာကိုတွေ့ရသည်၊ ရွာလည်လမ်းမအတိုင်း ခရီးဆက်ကြရာ တစ်ချို့ဒကာများ အိမ်ထဲမှ ထွက်ပြီး ဘယ်ကြွမလဲမေးကြသည်၊ ထူးကြီးကို သွားမလို့ ပြောရာ မကြာခင် ရောက်တော့မှာပါ အနောက်တည့်တည်ကို သွားဖို့မှာကြသည်၊ လှည်းလမ်းကြောင်း အတိုင်းလိုက်လျှင်ထူးကြီးရွာကို ရောက်ကြောင်းပြောပြကြသည်၊ ရေဘုဉ်းပေးသွားကြပါဦးဆိုကြသည်၊ 

သံဘိုရွာအလွန်တွင်ထန်းတောတစ်တောကိုတွေ့ရသည်၊
ဘေးပတ်ပတ်လည်တွင် ကွင်ပြင်းကြီးသာရှိသည်၊ ထန်းတောမှ မီးရောင်လဲ့လဲ့ကို မြင်ရသည်၊ လမ်းလေးသည် ထန်းတောတဲလေးသို့ ဦးတည်သွားသည်၊ အနီး ရောက်လျှင် ထန်းတောတဲ ထဲမှလူ တစ်ယောက်ထွက်လာသည်၊ ဘယ်သွားကြမှာ တုန်းမေးသည်၊ ထူးကြီးရွာ ကိုခရီးဆက်မည့် ဘုန်းကြီးတို့မှန်း သိရသောခါ သူ့တဲလေးသို့ မရမက ပင့်တော့သည်၊

ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေလေပြီ၊ တောခြောက်တာတော့ မဖြစ်တန်ကောင်းပါဘူး၊ သူ့တဲလေး ထဲတွင် မီးရောင်က ကြီးစိုးနေသည်၊ ထန်းရည်နံ့ရသည်၊ 

တဲအရှင်လင်မယားသည် နေရာထိုင်ခင်း သေသေ ချာချာခင်းပေးသည်၊ ထန်းလျှက်နှင့်ရေနွေးကြမ်းကပ်သည်၊ သူတို့ သားလေးဆုံးသွားသည်မှာ မကြာသေး ကြောင်းပြောပြသည်၊ ထန်းလျှက်လှူလိုက် ချင်သေးကြောင်းလဲပြောသည်၊ ဆက်ရမည့်ခရီးက မဆုံးသေး သောကြောင့် အပြန်ကြုံမှပဲ အလှူခံ မည်ဟုပြောခဲ့ရသည်၊ ထန်းတော်တဲတွင် ခဏနေပြီးနောက် ခရီးဆက် ခဲ့ကြပြန်သည်၊ 

တဲအရှင်ထန်းသမားသည် သူ့ထန်းတဲလေး အလွန်ထိလိုက်ပို့သည်၊ တဲထဲကမီးရောင် မှိတ်တုတ်သည် အဝေးတွင် ပျပျသာမြင်ရတော့သည်၊ လှည်းလမ်း အတိုင်းသွားလျှင် ရွာရောက်မည် ဆို သော ကြောင့်လှည်းလမ်းကို ကြည့်ရသည်မှာ မှောင်ရီရီတွင်ေ၀၀ါးနေတော့သည်၊

လှည်းလမ်းသည် ရိုးတစ်ခုထဲဆင်းသွားသည်၊ ချောင်းစပ်တစ်ခုဖြစ်မည်ထင်သည်၊ တစ်ရွာ လုံးမီး ရောင်မမြင်ရတော့ပါ၊ ရှေ့တွင် မည်းမည်း အုံ့အုံ့အဆောက် အဦးတစ်ခုကိုာ တွေ့ရသည်၊ မီးရောင်လဲ့လဲ့မြင်မိ သလိုလိုရှိသည်၊ ဓာတ်မီးဖြင့်ဝေ့ ကြည့်ရာ ဘုန်းတော်ကြီးကျောင်းဖြစ်နေသည်၊ ဆရာတော်တစ်ပါး တံခါဖွင့် ပေးသည်၊

‘ဟာ ဦးဇင်းတို့ အကြိုလွှတ်လိုက်တဲ့ဦးဇင်းနဲ့မတွေ့ကြဘူးလား’
'တင်ပ၊ မတွေ့ပါဘုရား'
‘မှောင်ကမှောင်နဲ့ မနက်ခင်းမှ ခရီးဆက်ခဲ့လဲ ပြီးတာပဲ၊ ကဲ ကြွကြွ၊

ခရီးပန်းနေပြီးကို ရိပ်မိသောကြောင့်ထင်သည် ဆရာတော်သည် စကား အထွေ အထူးမပြောတော့ပါ၊ အိပ်ယာ အပြင်ခိုင်းသည်၊
မကြာမီပင် ရုပ်ပွားတော်ရှေ့ဆီက ဆီမီးရောင်လဲ ငြိမ်းလေပြီ၊ တစ်ကျောင်းလုံးမှောင် မည်းနေ တော့သည်၊

မနက်လင်းမှ သိရသည်မှာ လမ်းညွှန်က လှည်းလမ်း အတိုင်းလိုက်ဖို့မှာလိုက်သဖြင့် လှည်းလမ်း ချည်းသာကြည့် မိခဲ့သောကြောင့် ရွာထဲ မ၀င်မိပဲ ရွာပတ်နေသော ရိုးထဲရောက်သွားခြင်းဖြစ်သည်၊ ဆရာတော်သည် ကျောင်း ပတ်ဝန်းကျင်ကိုလိုက်ပြရင်း တစ်နေရာ အရောက် ကုန်းမြင့်မြင့်ပေါ်မှနေ
ပြီးအနောက် ဆီသို့ ညွှန်ပြကာ

‘ဦးဇင်းတို့ ဟောဟို တောင်တန်းတွေဆိုရင် အောက်ရပ်အောက် ရပ်ရွာတွေဆီမှာကြားရလေ့ရှိတဲ့ ယော နယ်ဆိုတာပေါ့၊ တစ်စိမ်းတစ်ရံကို ဖျာနဲ့ကပ်အောင်ပြုစားတတ်တယ် စသည်ကြားဖူးတဲ့နယ်ပေါ့၊ မဟုတ်ပါဘူး၊ ယောသားတွေဖြူစင်ကြပါတယ်၊ သဘောလဲ အင်မတန်ကောင်းကြပါတယ်၊ နောက်များကြုံရင် လိုက်ပို့ချင် သေးတယ်’

ကြားဖူးပါသည်၊ တိပိဋက ဆရာတော် (ယော) ၏ ယော အကြောင်း၊
ဆရာတော် တိပိဋကအောင်ခါစက ယောဆိုသည်မှာ အမည်ကောင်း အနေအားဖြင့် မတွင်ကြယ်သေးကြောင်း၊ ဆရာတော်ကိုယ်တိုင် ယော ဆရာတော်ဟု အမည်ခံယူခြင်းကို တစ်ချို့ ဒကာများကဆရာတော်ကလဲ ဒီယောဆို တဲ့နာမည်က မကောင်းပါဘူး၊ တစ်ခြား ဟာလေး လုပ်စမ်းပါဟု ပြောကြသည်တဲ့၊

ဤတွင်ဆရာတော်က’ ...
'ဒကာကြီးရဲ့၊ ယောနယ်မှာမွေးတဲ့ဘုန်းကြီးက ယောဆိုတဲ့နာမည်ကိုစွန့် လို့ ဘယ် ဖြစ် မလဲ၊ ဒီအမည်က အစကတော့ တိပိဋက ဆရာတော်ချင်း မှတ်သားလို့ လွယ်ကူအောင် သူများတွေ ကခေါ်ကြ တာပါ၊ အခုတော့ ဘုန်းကြီးကိုယ်တိုင်လဲ ဒီအမည်ကို သဘောကြပြီး သုံးပါတယ်၊ အောက်လမ်း အမည်နဲ့ အမည်းရောင်ဖြစ်နေတဲ့ အမည်ကို အခုဘုန်းကြီးက တရားဟောတဲ့နေရာမှာရော၊ တရားစားအုပ်တွေ၊ တိပ်ခွေ တွေမှာပါသုံးပါတယ်၊ 
ဒါဟာအောက်လမ်းနည်းနဲ့ထင်နေတဲ့ အမည်းရောင် အမည်ကြီးကို အထက်လမ်း နည်းနဲ့ အဖြူရောင်ဖြစ်အောင်ပြောင်းလဲနေတာပဲပေါ့ဗျ’

ယောဆရာတော်စကား နာကြားမိသောအခါ ဘုရားရှင်၏’
ကမ္မုနာ ၀သလော ဟောတိ၊ ကမ္မုနာ ဟောတိ ဗြဟ္မဏော’
မိမိတို့လုပ်ဆောင်ချက်ကြောင့်သာ ယုတ်ညံ့သူ၊ ဖြူစင်သူဖြစ်ရ၏'ကို ရွတ်ဆိုမိသည်၊

ထူးကြီးရွာတွင် လေးရက်ခန့်နေပြီးနောက် မန္တလေးသို့ပြန်ခဲ့သည်၊ အပြန်လမ်းတွင် ထန်းတော တဲအရှင်က နှုတ် ဆက်သည်၊ ခရီးဝေးသေးသဖြင့် ထန်းလျှက် မလှူမခံ ခဲ့ရပါ၊
နောက်ကြုံရင်ဖြင့် ယောနယ်သို့ အလည်သွား ပါဦး မည်၊

No comments:

Post a Comment