ဦးသုမနသည် ဥပုသ်ဇရပ်တွင်
တရားဟောပြီး၍ ကျောင်းဆောင်ငယ်သို့ ပြန်ကြွလာသည်။
တစ်ခြားဥပုသ်သည်များ အသီးသီး အိမ်ပြန်ကြသော်လည်း
ကျောင်း အမကြီး ဒေါ်ချမ်းမြကား မပြန်သေးပါ။
...............................................
ကိုယ်တော်လူ့ဘ၀ဆိုတာ
လွယ်တာမှတ်လို့ဘုရား။
ဒေါ်ချမ်းမြသည် ပါလာသော
ဆွမ်းချိုင့်ကို ဦးဇင်းလက်သို့ ဆက်ကပ်ရင်း လျောက်ထားသည်။
ဟုတ်..၊ ဒကာမကြီး။
တပည့်တော်မများ
အလုပ်များလိုက်ပုံနှယ်၊ ပြော မပြောချင်ဘူး၊
မနက်လင်းလိုက်တာနဲ့ ချက်ဟယ်။
ပြုတ်ဟယ်။ တောသွားမယ်သူ ခိုင်းရ၊ အိမ်ကျန်မယ့်သူ နှိုးဆော်ရနဲ့။
ကိုယ်တော့်ကျောင်း ဆွမ်းချိုင့်မီအောင်
မနည်းလုပ်နေရပါတယ်။
ဒီနေ့က ဥပုသ်နေ့ဆိုတော့၊
ကျောင်းတစ်ခေါက်လောက်လဲ ရောက်ဦးမှဆိုပြီး စိတ်ထားထားရပါတယ်။
မလွယ်လှပါဘူး ကိုယ်တော်။
အရွယ် ရောက်လာတဲ့ သားသမီးများပူရ။
အိမ်ထောင်ကျသွားတဲ့သူ အတွက် ပူရ။ ဒါက ကိုယ့် အရေးဘုရား။
ဒါထဲ သွေးမတော် သားမစပ် ရပ်ရေး၊
ရွာရေးပူရ။ အိမ်နီးနားချင်း အရေ ပူရနဲ့ စိတ်နဲ့ ကိုယ်ကပ်တယ်ကို မရှိလှဘူး ကိုယ်တော်ရေ။
အော်..၊ ဟုတ်..၊ ဟုတ်..၊
ဒီအထဲ ဆန်ဈေးကတက်၊ ဆီဈေးကတက်၊ မိုးက
ကောင်းပြန်တော့ လွန်လို့။
ဟော မကောင်းပြီးဆိုရင်လဲ စိုက်ထား
ပျိုးထားသမျှ အချည်း အနှီးကိုယ်တော်။
အော်..၊ ဒီလိုလဲ ဖြစ်တတ်သလား၊
ဒကာမကြီးရဲ့။
အိုး..၊ ကိုယ်တော်နှယ်၊
ဒါက ဘာဟုတ်သေးတုန်း။
မနှစ်ကများဆို..ပဲက ရှုံး၊ စပါးက
ဈေးမကောင်း။ အရင်းတောင် ကောင်းကောင်းမရလို့ ၊
ဒီနှစ်ချေး ငှားပြီးစိုက်ရပါရောလား။
စီးပွားရေးဆိုတာ အမြဲတမ်း အမြတ်လို့ မှတ်မရဘူးဘုရား။
အော်..ဟုတ်၊ ဟုတ်၊
ဦးသုမနသည် ကျောင်းအမကြီးဟောနေသော
တရားကို ဟုတ် တစ်လုံးလိုက်ပြီး နာနေရသည်။
ဒီအထဲ စီးပွာရေး အဆင်မပြေပေမယ့်လို့
လူလားမြောက်လာတဲ့ သူတွေက အိမ်ထောင်ရက်သား ထူထောင်မယ်ဆိုတော့ လူတစ်လုံး၊ သူတစ်လုံးဖြစ်အောင်၊
မင်္ဂလာဆောင်ပေးရ။
အရင်းထူထောင်ပေးရနဲ့၊ အတော် မလွယ်တာပါကိုယ်တော်။
အော်..၊ ဒီလိုလား၊ ဟုတ် ဟုတ်။
တပည့်တော်မ အသက်သာ ခြောက်ဆယ်သာကျော်လာတယ်။
သားသမီး၊ မြေး၊ မြစ်၊ လင်သား၊ အိမ်ယာ၊
စီးပွားရေး မပူရတဲ့ နေ့လို့ဖြင့်ရှာ မရပေါင် ကိုယ်တော်။
အော်..၊ အော်..၊ ဟုတ်။
ဒါလေးတော့ အမြတ်ဆိုပြီး ဥပုသ်နေ့လေး၊
ကျောင်းလားပြီး တတ်နိုင်သလောက်လှူ။
တရားနာ ဒီလောက်တော့ လုပ်ဦးမှပဲဆိုတာ
အမြဲစိတ်ထားနေရပါတယ်။
ဒီအထဲ နိုင်ငံရေးက ငြိမ်မလား၊ ဆူမလားက
အတွေးရောက်ပြန်တော့။
ညညဆိုအိပ်မရတဲ့ည အတော်များနေပါပြီဘုရား။
ဘယ်သူတွေ ဆူဆူ၊ ဘယ်သူတွေ ဆန္ဒပြပြ၊ ကိုယ့်ဖို့လို့ဆိုနိုင်တဲ့၊
ကုသိုလ်ရေးလေးကတော့ အငြိမ်ပဲဆိုပြီး
အားထုတ်စမ်းလို့ ကိုယ့်ကိုယ်ကို ဆန္ဒပြန်ပြပြီး ကြိုးစားနေရပါ တယ်။ တတ်နိုင်သလောက်လေးနဲ့
ကျောင်းလာရတာပေါ့၊ ကိုယ်တော်ရယ်။
သာဓု သာဓု သာဓုပါ ဒကာမကြီးရယ်။
ဟောတော်..၊ ကိုယ်တော်ဟာ ဘယ့်နှယ်၊
တပည့်တော်မ ပြောတာတွေကိုသာဓုခေါ်နေရတာတုန်း။
တပည့်တော်မ အခုပြောပြတဲ့ အပူတွေ
အေးရအောင် ကိုယ်တော်က တရားဟောရမှာလေဘုရား။
အင်း၊ ဒကာမကြီးပြောတာလဲ မှန်ပါတယ်။
ဒါပေမယ့်၊ ဦးဇင်းတို့က ငယ်ငယ်ကတည်းက
ကျောင်းရောက်၊ စာသင် အချိန်တန်တော့ ရှင်သာမဏေဖြစ်၊ အသက်ပြည့်တော့ ရဟန်းဘောင်တက်၊
နောက်တော့ မြို့တက်စာသင်၊ ဆယ်နှစ် ဆယ်မိုးနီးတော့ စာလေး နည်းနည်းတတ်၊ နောက်တော့ ကိုယ့် အရပ်ကိုယ်ပြန်ကျောင်းထိုင်ဆိုတော့။
စာထဲသင်ခဲ့ ဖတ်ခဲ့ဖူးတဲ့၊ ဃရာဝါသသမ္ဗာဓ
ကိစ္စများမြောင်၊ လူတို့ဘောင်ဆိုတာ စာသာ သိတာ၊ စာလောက်နားလည်တာ၊ ကိုယ်တိုင်
တွေ့ကြုံဖူးတာ မဟုတ်တော့ အခက်သားပေါ့။
ဟော အခုတော့ ကျောင်းအမကြီး
ဒေါ်ချမ်းမြက သူ့အပူတွေကို လာပြီး ပြောပြမှ ဦးဇင်းတို့ကတွေး ယူရပါတယ်။
ဒေါ်ချမ်းမြလို့ အများခေါ်ပေမယ့်
မအေးချမ်းလှပါလားလို့ဆိုတဲ့ လူ့ဘ၀ အပူကို သိခွင့်ရတယ်။
အကယ်၍များ လူဝတ်လဲချင်တဲ့စိတ်များဖြစ်ပေါ်ခဲ့ရင်၊ ဝေးဝေးမကြည့်နဲ့ ကျောင်းအမကြီးဒေါ်ချမ်းမြဟောတဲ့
တရားများများနာလို့ ကိုယ်ကိုယ့်ကို သတိပေးရပါမယ်။
ဘုရားရှင်ဟောတဲ့ ကိစ္စများမြောင်လူတို့ဘောင်ဆိုတာကို
စာထဲဆိုတာထက် ကျောင်း အမကြီးပြောမှ သိခွင့်ရလို့။
အော် တို့ မြတ်ဘုရား၊ အပူကင်းပြီး
သာသနာ့ဘောင်မြဲစေဖို့၊ အပူဝေးတဲ့ မြတ်တရား အားစိုက်နိုင်အောင် ဃရာဝါသသမ္ဗာဓ
ကိစ္စများမြောင်လူတို့ဘောင်အနေအားဖြင့် ဟောထားတာပါလားလို့ သိခွင့်ရလို့၊
အဲဒါ ဒကာမကြီးပြောပြတဲ့ စကားက
ဘုရားဟောတရားနဲ့ ကိုက်ညီနေလို့ ကျေးဇူးတင်ပြီး သာဓုခေါ်ရတာပါ။
အဲ သာဓုပါတော်..၊ သာဓုပါ။
တပည့်တော်မကလဲ အဲလိုမြင်စေချင်တာ။
ကဲ ကိုယ်တော် ပြန်ဦးမယ်။ အိမ်က
တပည့်တော်မ၊ မရှိလို့ဖြစ်တာ မဟုတ်ဘူးဘုရား။
အော်..၊ ဟုတ် ဟုတ်..၊
ဒကာမကြီး၊ အပူကင်းပြီး
ချမ်းမြေ့ပါစေ..။
ပေးတဲ့ ဆုနဲ့ပြည့်ရပါလို၏
အရှင်ဘုရား..
ကျောင်းပေါ်တွင် ကျန်ရစ်သော ဦးသုမနသည်
ပြုံးနေသည်။
.......................................
အရဟတာဒိ န၀ဂုဏေဟိ- အရဟံ အရှိသော
ကိုးပါးသော ဂုဏ်တော်တို့နှင့်....
နေ့ဆွမ်းစားချိန်မို့
ကိုရင်နှင့်ကျောင်းသားငယ်များ၏ ဘုရားရှင် ဆွမ်းတော်သံ ရှိခိုးပူဇော်သံသည်ကျောင်း အ၀န်းကို မြိုင်လှိုင်နေလေသည်။
No comments:
Post a Comment