အမြင်မရှင်း၊
မကြည်လင်သူ။
ဆဲဆိုကြိမ်းမောင်း၊
စောင်းမြောင်းငြူဆူ။
မေတ္တာဓာတ်ခင်း၊
ပျံ့သင်းလှိုင်ကြူ၊
မြတ်ဗုဒ္ဓ၊
လောကထွတ်ဘုန်းလူ။
လောကလူအများသည်
မြတ်ဘုရားအား အမြင်မကြည်လင်၍ ဆဲဆိုကြိမ်မောင်းကြသည်။
ရန်ဘက်ပြုကြသည်။
ချိုးနှိမ်လိုကြသည်။ အနိုင်ယူလိုကြသည်။
ထိုသူများလိုချင်သည့်
အရာများကို ဘုရားမြတ်က မေတ္တာဓာတ်ပေး၍ အောင်ပွဲဆင်သည်။
...........................................
တစ်ခါတုန်းက
သာဝတ္ထိမြို့ကြီးတွင်ဖြစ်သည်။
မြတ်ဘုရားသည်
မြို့ အတွင်းသို့ ဆွမ်းခံကြွတော်မူသည်။
မြို့အတွင်းရှိ
တစ်ခုသော ဗြဟ္မဏအိမ်ရှေ့သို့ ဆွမ်းအလို့ငှာ ရပ်တော်မူသည်။
အိမ်ရှင်
အဂ္ဂိကဘာရဒွါဇပုဏ်ဏားသည် မိမိအိမ်ရှေ့မြတ်ဘုရားဆွမ်းရပ်တော်မူသည်ကို မြင်ရသော အခါ စိတ်ဆိုးသည်။
ဟယ်၊
ဦးပြည်းစုတ် ရဟန်းယုတ်၊ ခပ်ဝေးဝေးနေစမ်း။
ဟယ်၊
ဇာတ်ပျက်ရဟန်း ထွက်သွားစမ်းပါ။
မြတ်ဘုရားသည်
ထိုဆဲဆိုသံတို့ကို မခံယူပဲ တည်ငြိမ်စွာရပ်နေတော်မူသည်။
အို၊
ပုဏ်ဏား သင်သည် ဘယ်သူသည် ဇာတ်ပျက်၊
ဘယ်အရာတွေက
ဇာတ်ပျက်အောင်လုပ်တတ်သည်ကို သိသလား။
အို၊
ရဟန်း ငါကား ဘယ်သူသည် ဇာတ်ပျက်၊
ဘယ်အရာတွေက
ဇာတ်ပျက်အောင်လုပ်တတ်သည်ကို မသိပါ။
ထိုအခါက
မြတ်ဘုရားက..
အို၊
ပုဏ်ဏား၊ ဒေါသထွက်လွယ်သူ၊ အငြှိုးအတေးထားသူ၊
ကောက်ကျစ်သူ၊
ဖျက်ဆီးခြင်းငှာလိုလားသူ၊ အယူဖောက်ပြန်သူ၊
လှည့်စားလိမ်လည်လိုသူ၊
အဲလိုသူသာလျင် ဇာတ်ပျက်သူဖြစ်တယ်။
ကရုဏာကင်း၍
သတ္တ၀ါများကို ညှင်းဆဲလိုသူ၊ အဲလိုသူကိုသာ ဇာတ်ပျက်သူ အဖြစ်သင်သိရမယ်။
မိမိမှလွဲ၍
အခြားသူများကို နှိပ်ချလိုသော အကြည်ဖြင့် ကြည်သူသည် ဇာတ်ပျက်သူဖြစ်တယ်။
မွေးဖွားလာကတည်းက
ဇာတ်ပျက်သူ၊ ဇာတ်မြင့်သူဆိုသော အဖြစ်မရှိပါ။
ထိုစကားများကို
ကြားရသောအခါ ပုဏ်ဏားသည် မြတ်ဘုရား ခွင့်လွှတ်ပါမည့် အကြောင်းတောင်းပန် သည်။ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်လာသူ
ဥပသကာတစ်ဦးဖြစ်လာသည်။
သူယုံကြည်နေသော
အသွင်အားဖြင့် ဇာတ်မြင့်သူ မဟုတ်တော့ပဲ။
အကျင့်အားဖြင့်
ဇာတ်မြင့်သူ ဖြစ်အောင် ဘုရားရှင်၏ ညွှန်ကြားချက်အတိုင်း ကျင့်ဆောင်ကာ
အငြိမ်းဓာတ် ရခဲ့သည်။
သာဝတ္တိမြို့လမ်းများသည်
မေတ္တာဓာတ်သင်း၍ ကြည်လင်တောက်ပနေသည်။
No comments:
Post a Comment