Pages

Saturday, October 29, 2011

မွေးစားမှု


‘လူသားများဟာ လူသား ကမ္ဘာဦး အစကတည်းက ခွေးတွေကိုမွေးမြူပြီး၊ အမဲလိုက်ခြင်းကိစ္စတွေမှာ သုံးခဲ့ကြတဲ့ အထောက် အထားတွေကို တွေ့ရပါတယ်၊ လူတွေက အုပ်စုဖွဲ့ပြီး သားကောင်လိုက်ကြပါတယ်၊ လူတွေရဲ့ စားကြွင်းများကို ခွေးကစားပါတယ်၊ အဲဒီသဘောကို လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းထက်အကျော်က အထောက်အထားတွေ တွေ့နေရပါတယ်၊ နေထိုင်ရာမှာတော့ လူသားနဲ့ တိရိစ္ဆာန် ကွဲကွဲပြားပြားရယ်လို့ မရှိသေးပါဘူး၊ လူဦးရေလဲ အများကြီးမရှိသေးပါဘူး’

လူသားသမိုင်းကြောင်းပို့ချနေသော ပါမောက္ခသည် လွန်ခဲ့သော အနှစ်သိန်းပေါင်းများစွာက လူသားဘ၀ကို ရှင်းပြနေသည်၊

‘အဲ..တစ်ခုပြောစရာရှိနေတာက အဲဒီအချိန်က အစားအသောက် ကိစ္စအတွက် လူကခွေးကို မွေး ထားတာလား၊ ခွေးကလူကို မွေးတာလား သိဖို့လိုနေသေးတယ်၊ လူသားဘက်ကချည်းကြည့်ပြီး သမိုင်းရေး လို့ကတော့ ကျနော်ပြောခဲ့သလို လူကခွေးမွေးပြီး အမဲလိုက်တယ်လို့ပဲ အဖြေထွက်နိုင်ပါတယ် ကျန်တဲ့ အပိုင်းကတော့ ခင်ဗျားတို့ စဉ်းစားဖို့ပါ၊ ဒီနေ့တော့ ဒီလောက်ပါပဲ’

ပါမောက္ခအခန်းထဲမှ ထွက်သွားပြီ၊
ကျောင်းသားများ အတွေးကိုယ်စီဖြင့်ကျန်ရစ်သည်။

ယူနီဗာစီတီ လက်ချာ

              The Myanmar monks who were learning in Maghada University, India. (2011. batch)

မန်းမြို့ သာသနာ့တက္ကသိုလ် မဟာဌာနကြီးများရှိရာတွင် ဌာနတိုင်း၌ ပြင်ပဆရာကြီးများထံ တစ်ချိန် သက်ဆိုင် ရာဘာသာရပ် အလိုက်သင်ယူကြရသည်၊ 

ဝိနယမဟာဌာနတွင် ဆရာကြီး ဦးသန့်ဇင်သည် ထင်ရှားသည်၊ တက္ကသိုလ်ကြီး တည်ထောင်ခါစကပင် ပါဝင်ဆောင်ရွက်ခဲ့သည့် ပြင်ပဆရာကြီးဖြစ်သည်၊ လက်ရှိတွင်လဲ မန္တလေးမြို့၊ ချမ်းသာကြီး ဆန်လှူ အသင်းကြီး၏ ဥက္ကဌဖြစ်သည်၊

ဝိနည်းပိဋကလာအကြောင်းအရာများကို အာဂုမ် နှုတ်တိုက်ပြောဆိုရာတွင် စာလိုက်နေသော ရဟန်းတော် များပင် အံ့သြရသည်၊ ရှေးဟောင်း မြန်မာ့ စာတိုပေစတို့ကိုလဲ မမောမပန်းရွတ်ပြလေ့ရှိသည်၊ စာမေးပွဲ မပါပါဘူးဘုရား ဗဟုသုတပြောတာပါဆိုပြီး မနား တမ်းရွတ်ပြလေ့ရှိသည်၊ လက်ထဲတွင် မည်သည့် စာအုပ် ကိုမျှယူလာလေ့မရှိပါ၊

စာချစင်မြင့်ရောက်လျှင် အနီးဆုံး စာလိုက် ရဟန်းတော်တစ်ပါးထံမှ စာအုပ်ကို တောင်း ယူပြီးကြည့်လေ့ ရှိသည်၊ 'တင်ပ၊ ရပြီ၊ ရပြီ' ဆက်ရေးဆိုကာ မနားတမ်းပြောတော့သည်၊ ဆရာကြီးသည် ခေါ်ဟန် ထူးခြားသည်၊ စာလိုက်ရဟန်း တော်များကို ‘ဘုန်းဘုရား တို့’ဟုခေါ်လေ့ရှိသည်၊

ဆရာကြီးများပို့ချသော ဘာသာရပ်ကို ခေတ်လေ့လာနည်း ဟုခေါ်သည်၊ ရွတ်သင့်ရွတ်ထိုက်သော ပါဠိများကို နှုတ်တက်ရွတ်ပြသည်၊ လိုအပ်လျှင် အဌကထာလာ စကားရပ်များကို ထောက်ပြပြီး အကွက်ကျကျရှင်းပြ လေ့ရှိသည်၊ အဌကထာနည်းကဲ့သို့ အနက်တိုက်ရသော သဘော မျိုးမရှိပါ၊

ဆရာကြီးများပို့ချသော အကြောင်းအရာကို မှတ်မိလျှင် စာမေးပွဲဖြေဆိုနိုင်ပါပြီ၊ နန်းရှေ့၊ မန်း တက္ကသိုလ် ကြီးမှ 'သာသနတက္ကသီလဓမ္မာစရိယ'ဘွဲ့ပြီးနောက် သီရီလင်္ကာနိုင်ငံသို့ ပညာရေးခရီး ဆက်လက် ထွက်ခွာ လာသောအခါ ဆရာကြီးများ၏ ခေတ်လေ့လာနည်းဆိုသော ပို့ချနည်းမျိုးကို တွေ့ရပါ တော့သည်၊ 
အတန်း ထဲဝင်လာသော ပါမောက္ခ( professor) ကသိသင့်သိထိုက်သော အကြောင်း အရာများကို နှုတ် တိုက်ပြော ပြသည်၊ အထောက် အထား ပါဠိများကို ထုတ်နှုတ်ရွတ်ပြသည်၊ အယူအဆကို ပြောပြသည်၊

သို့သော် မြန်မာနိုင်ငံရှိ မန်း တက္ကသိုလ်ကြီးတွင် မြန်မာလိုသင်ပြီး၊ မြန်မာလိုလိုက်မှတ်ရခြင်းဖြစ်သည်၊ သူများ နိုင်ငံတွင်ကာ ဆရာဖြစ်သူက အင်္ဂလိပ်လိုသင်သည်၊ ကျောင်းသားကလဲ အင်္ဂလိပ်လိုလိုက်ပြီး မှတ်သား ရခြင်း ဖြစ်သည်၊ ဆရာဖြစ်သူကလိုက်ပြီးရေးလို့ မပြောပါ၊ ကိုယ်သဘောပေါက် သလို လိုက်ပြီး မှတ်နိုင်သည်၊

တစ်နာရီ ပို့ချသွားသော ဆရာ၏ ပို့ချမှု( Lecture)ကို စာလုံးရေ ငါးရာမျှခြုံငုံမိအောင်မှတ်နိုင်လျှင် တစ်နေ့ စာပို့ချမှုကို လိုက်နိုင်သည်ဟုဆိုနိုင်သည်၊ မြန်မာရဟန်းတော်များသည် ငယ်စဉ်ကပင် ရေး လိုက်ကြဦးစို့ပြောမှ လက်နဲ့ ဖောင်တိန်တွေ့တော့ သည်မို့၊ ဆရာ မပြောသရွေ့ရေးလေ့မရှိပါ၊ 

ဆရာ တပည့် အထာသိနေပြီ ဖြစ်သော သူတို့ကား ဆရာပြောပြသမျှကို နားထောင်သည်၊ ပြီးလျှင် လိုက်ပြီးရေး သည်၊ နုတ်( note) ထုတ် သည်၊ သင်တန်း တစ်ချိန်ပြီးလျှင် စာလုံးရေ ငါရားကျော် ခန့်ရေးသားပြီး ဖြစ်သည်၊

မြန်မာရဟန်းတော်အများစုကာ ပို့ချစဉ်ကို အသံဖမ်းယူ( recording) လုပ်ရသည်၊ ကျောင်းပြန်ရောက်လျှင် computerနှင့် အထပ်ထပ်နား ထောင်ပြီး စာလုံးရေ ငါးရာကျော် ခြောက်ရာ ရအောင် လိုက်ရေးရသည်၊ မြန်မာနိုင်ငံလို ဆရာဖြစ်သူက နှုတ်တိုက်ချပေးခြင်းမျိုး မဟုတ်သဖြင့် ကျောင်းသား၏ အမြင် အမျိုးမျိုးရရှိသည်၊ နှစ်သက်ရာရှုထောင့်က နှစ်သက်သလိုထုတ်ကြသည်၊ ထိုကျောင်းသားအမြင်ကို ရှုဆပြီး စာမေးပွဲတွင် အမှတ် ကွာခြားမှုဖြစ်တော့သည်၊

မြန်မာနိုင်ငံ မန္တလေးမြို့၊ သာသနာ့တက္ကသိုလ်ကြီးတွင် ခေတ်လေ့လာနည်းပို့ချသလိုမျိုးဖြစ်သည်၊ အကြောင်း အရာများကို နှုတ်တိုက်ပြောပြသည်၊ မီသလောက်လိုက်ရေးရသည်၊ မည်မျှမှတ်မိသည်ကို စာမေးပွဲတွင် တွေ့ နိုင်သည်၊ ထို့ကြောင့်ပင်ဖြစ်မည်ထင်သည်၊ သီရိလင်္ကာနိုင်ငံသို့ မထွက်မီ အတွေ့ အကြုံရှိ နိုင်ငံခြား ပြန် M,A. M, Phi. Ph,d. ဘွဲ့ရဆရာတော်များက နိုင်ငံခြားစာချနည်းသည် သာသနာ့တက္ကသိုလ်ကြီးများ၏ ခေတ် လေ့လာနည်းနှင့် တူကြောင်းပြောလိုက်ကြခြင်းဖြစ်သည်၊

မန်း တက္ကသိုလ်ကျောင်းသားဘ၀တွင် ခေတ် လေ့လာနည်းပို့ချသော ဆရာကြီးဦးသန့်ဇင် အမြဲပြောလေ့ ရှိသော စကားရှိသည်၊ ‘ဘုန်းဘုရားတို့ တပည့် တော်ပို့ချတဲ့ဘာသာရပ် မအောင်မှာမပူနဲ့ အခုတပည့်တော် ပြောတဲ့ဟာတွေသာ ပါအောင်သာ ရေးလိုက်ပါ၊ ဘယ်လိုရေးရေး ရပါတယ်၊ တပည့်တော်ပြောသလိုဟုတ်မှရယ် မဟုတ်ပါဘူး၊ ခံစားမိသလိုသာရေးလိုက်’ တဲ့၊

ဆရာကြီးသာတစ်ချိန်ပြီးလို့စင်မြင့်( stage) ပေါ်ကဆင်းသွားသည်၊ ဗလာစာအုပ်ထဲတွင် မှတ်စုမကျန်ပါ၊ ရင်ထဲ ကျန်မကျန် စာမေးပွဲနှင့် စမ်းသပ်ရပေတော့သည်၊ 

ကျုပ်ရင်ထဲ နည်းနည်းကျန်တယ်ဆိုနိုင်မယ်ထင်တယ်၊ ‘သာသနတက္ကသီလဓမ္မာစရိယဘွဲ့’ ရတဲ့အထိ အကျအရှုံး မရှိခဲ့ဖူးဘူးရယ်…
........................
အပိုလေးတောင်မှကျန်နေသေးတယ်၊
‘ဘုန်းဘုရားတို့ ဘာမှ မပူနဲ့၊ မှတ်မိသလိုသာချရေးလိုက်ပေတော့’ တဲ့။

Thursday, October 27, 2011

တွေးရခက်ကြီး

တိပိဋကများ၏ဖခင် မင်းကွန်းဆရာတော်ကြီးသည် ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများတွင် ကျမ်းရိုး သက်သက်ကိုသာမက ခေတ်ပညာ ပါသင်ပေးနိုင်သော သာသနာ့တက္ကသိုလ်ကြီးများကို တည်ထောင် တော် မူခဲ့သည်၊ မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးမြို့၊ နန်းရှေ့၊ ၆၂ လမ်းနှင့် ၁၂လမ်းထောင့်တွင် သာသနာ့တက္က သိုလ်ကြီးတစ်ခုရှိသည်၊

မန်း သာသနာ့တက္ကသိုလ်ကြီးသည် နန်းဦးတွင်တည်ရှိသည်၊ မင်းတုန်းမင်းတရားကြီးကောင်းမှုတော် အတုလဝေယံ ကျောင်းတော်နှင့် မျက်နှာချင်းဆိုင်တွင် ခန့်ထည်စွာတည်ရှိသည်၊ ပဉ္စမသင်္ဂါ ယနာတင်တော်မူရာ ကုသိုလ် တော်ဘုရားနှင့် မျက်စောင်းထိုးလေးတွင်ရှိသည်၊ ရတနာပုံရွှေမြို့တော်ကြီးကို မင်းတုန်းမင်း ဖန်ဆင်းတည် ထောင်စဉ်က နန်းဦးရပ်တွင် ကျောင်းတိုက်ပေါင်း တစ်ဆယ့်ရှစ်တိုက် ဆောက် လုပ်လှူဒါန်းတော်မူသည်၊

နန်းဦးရွှေကျောင်းအပါအ၀င် မှန်ကျောင်းစသည်တို့ဖြစ်သည်၊ မန်း သာသနာ့တက္ကသိုလ်ကြီးသည် ယခင် မင်းတုန်းမင်းကြီး ကောင်းမှုတော်ဖြစ်သော မှန်ကျောင်းနေရာတွင် တည်ထားသော ကျောင်းတော် ကြီးဖြစ် သည်၊ အဆောင်ပေါင်း ၂၂ ဆောင်ရှိသည်၊ ဘွဲ့နှင်းဆောင်၊ မော်ကွန်းထိန်းဆောင်၊ ပါမောက္ခချုပ်ဆောင်၊ ဌာန မှူးဆောင်၊ နာယကဆောင်စသည်ဖြင့် ခန့်ညားလှသည်၊

သင်ကြားရေးနှင့်ပတ်သက်ပြီး မဟာဌာနကြီး ခုနှစ်ဌာနရှိသည်၊
၁၊ ၀ိနယပိဋက မဟာဌာန၊
၂၊ သုတ္တန္တပိဋကမဟာဌာန၊
၃၊ အဘိဓမ္မပိဋကမဟာဌာန၊
၎၊ပါဠိဌာန၊
၅၊ မြန်မာစာဌာန၊
၆၊ အင်္ဂလိပ်စာဌာန၊
၇၊ ဗုဒ္ဓဒေသနာပြန့်ပွားရေးဌာန
တို့ဖြစ်သည်၊

စာသင်သားရဟန်းတော်များအကြားတွင် ‘၀ိ၊ သု၊ ဘိ၊ ပါ၊ မြန်၊ လိပ်စာ၊ ဒေသနာ ပြန့်ပွားရေး’ဟု အတိုကောက် ခေါ်ဆိုကြသည်၊ အခြားသော ဌာနဆိုင်ရာများလဲ ရှိသေးသည်၊

စနစ်တကျသင်ကြား၊ သင်ယူနေသော မန်း သာသနာ့တက္ကသိုလ်ကြီးသို့ မြန်မာနိုင်ငံဖွားတိုင်းရင်းသားများ လဲတက် ရောက်သင်ယူကြသည်၊ လေးနှစ်တာသင်ယူမှုပြီးလျှင် ‘သာသနတက္ကသီလဓမ္မာစရိယ’ဘွဲ့အတွက် ကျမ်းစာတစ် ဆောင်တင်ရသည်၊  သုတေသန သဘောကို လက်တွေ့ပြုလုပ်စေခြင်းဖြစ်သည်၊ ဝေဖန်ချက်၊ သုံးသပ်ချက်တို့ ကို သုတေသနကျကျတင်ပြခွင့်ရှိသည်၊

တစ်ခါကမြန်မာစာပေဌာနတွင်ဖြစ်သည်၊ တိုင်းရင်းသားရဟန်းတော်တစ်ပါး ‘သာသနတက္ကသီလဓမ္မာစရိယ’ ဘွဲ့အတွက် ကျမ်းစာတင်ရသည်၊ သူကျမ်းတွင် ရဟန်းတော်တစ်ပါး အကြောင်း တင်ပြထားသည်ကို တွေ့ ရသည်၊

‘မယားဟောင်းဖြစ်သူသည် သင်းပိုင်ကို လှန်ကြည့်ရာ ငါ၏ ယောင်္ကျားတည်းဟု သိ၍’ ရေး သား ထားလေသည်၊

ကျမ်းစစ်ဆရာတော်မှ ‘ငါ့ရှင်ဒီနေရာမှာ စာသဘောက သင်းပိုင် မဖြစ်နိုင်ဘူးထင်တယ်’စသည် ထောက်ပြ
လေသည်၊

ဤတွင် ကျမ်းစာရှင်တိုင်းရင်းသားကြီးက ‘ မှန်ပါ၊ တပည့်တော် အထောက်အထား ရှာတော့ဇာတ်တော် တစ်ခုကို မြန်မာလို ရေးထားတာတွေ့ရပါတယ်ဘုရား၊ အဲမှာရေးထားတာက မယာဟောင်းက ဆွမ်းခံကြွ လာသော မိမိယောင်္ကျားဟောင်းကို ‘တင်းတိမ် ‘လှန်ကြည့်ရာ ငါ၏ယောင်္ကျားတည်း ဟုသိ၍ လို့ပါ ပါ တယ်ဘုရား၊ စဉ်းစားကြည့်တော့ တင်းတိမ် မဖြစ်နိုင်လောက်ဘူးဘုရား၊ သင်းပိုင်သာဖြစ်နိုင် တယ်ဆိုပြီး သုတေသန သဘော အရပြင်လိုက်တာပါဘုရား’

‘လွဲလိုက်ပါဘိ ကိုယ်တော် 'သင်းပိုင်' လှန်ကြည့်လို့ ယောင်္ကျားမှန်သိတာ မဟုတ်ဘူးဗျ၊ တင်းတိမ်ဆိုတာ တပည့်တော်တို့ အခု ‘ကန့်လန့်ကာ ‘ကို ပြောတာဘုရား၊ ကဲပြင်လိုက်၊

မြန်မာစကားကို လိမ့်ပတ်မလည်သေးသဖြင့် ရေးလိုက်သော သုတေသနသဘောသည်  အတွေးရခက် ကြီးဖြစ်ခဲ့ ရဖူးပါသည်၊ 
 ..................
မန်း သာသနာ့တတ္ကသိုလ်တွင်….။

Tuesday, October 25, 2011

အမည်းကို ဖြူစေသူ

တစ်ခါတုန်းက ယောနယ်စပ်သို့ မိတ်ဆွေတစ်ပါးနဲ့အတူ ရောက်ဖူးပါသည်၊ မန္တလေးမြို့မှ ပခုက္ကူသို့ ကား စီး ရသည်၊ ပခုက္ကူတွင် လာရောက်ကြိုဆိုမည့်သူကို စောင့်ရာ ရောက်မလာသောကြောင့် ညနေပိုင်းနောက် ဆုံး ကားဖြင့် ပခုက္ကူ အနောက်ဘက်ရှိကမ္မသို့ ခရီးဆက်ခဲ့သည်၊ ကမ္မမှတစ်ဆင့်ကားဆက်စီးကာ မန်ကျီးသုံးပင် ဂိတ်တွင် ဆင်း ကြသည်၊

ညနေခင်းနေရောင်သည် ကွယ်လေပြီ၊ အမှောင်ရိပ်တို့ သိပ်သိပ်သည်းသည်းဖြစ်နေပြီ၊ ခရီးကား မဆုံးသေးပါ၊ မန်ကျီးသုံးပင်ဂိတ်မှသည် ဆက်လက်ပြီး သံဘိုရွာကိုဖြတ်ပြီး ထူးကြီးဆိုသော ရွာကို ခရီးဆက်ရမည်၊ ကား ပေါ်မှဆင်းပြီး ရှေ့ဆက်ရမည့် ခရီးစုံစမ်းကြရသည်၊

မှောင်နေပြီဖြစ်လို့ခရီးမဆက်ရန်ဒကာများက ပြောကြသည်၊ တစ်ညအိပ်ရန် ကျောင်းလျှောက်ပေးပါမည်ဟု
ရှေ့ခရီးမဆက်ရန်တားကြသည်၊ ခရီးကြမ်းသည် ဟုလဲပြောကြသည်၊
ကြမ်းသည်ဆိုခြင်းမှာထူးသည်၊ ခရီးလမ်းကြမ်းခြင်းလား သို့မဟုတ် တောခြောက်တောင်ခြောက်ကို ဆိုလိုခြင်း လားမသိဖြစ်ရသည်၊ စိတ်ထဲတွင် စွဲနေသော အတွေးတစ်ခုရှိနေသည်၊

ယောနယ်၊ ဤနယ်တစ်ဝိုက်တွင် သူစိမ်းတစ်ရံများကို နှောက်ယှက်တတ်သောသူများရှိသည်ဟု ကြားရလေ့ ရှိသည်၊ နှောက်ယှက်သည်ဆိုခြင်းမှာ ပြုစားတတ်သူများကို ပြောကြခြင်းဖြစ်သည်၊ အရပ်ပြော ပြောရလျှင် စုန်း၊ ကဝေများကို ပြောလိုရင်းဖြစ်သည်၊

သူတို့ပြောသော ကြမ်းသည် ဆိုခြင်းမှာ လမ်းခရီးကို ဆိုလိုခြင်းဖြစ်ကြောင်း သိရ သည်၊
မြွေများပေါ ကြောင်း ပြောပြသည်၊ ပြီးတော့ခရီးလဲ အတော်လှမ်းနေသေးကြောင်းပြောကြသည်၊ သူတို့တားသည်ကို ဂရုမစိုက်ပဲ ခရီး ကြားချိန်ဘယ်လောက်ရှိမည်ကိုသာ ပြောပါဟုမေးရာ တစ်နာရီကျော်ကျော်လောက်ပါပဲဟုပြောကြသည်၊ 
ညကိုးနာရီ မထိုးခင် ရွာရောက်မည်ဆိုက ခရီးဆက်မည်ဟု ပြောပြရာ ရောက်ပါသည်ဟု သိရသဖြင့် မှောင်ရီရီတွင် ခရီး ဆက်ခဲ့ကြသည်၊ ခရီးစတော့ ညပိုင်း ခုနှစ်နာရီထိုးလေပြီ၊ 

လှည်းလမ်း အတိုင်းခရီးဆက်ခဲ့ကြရာ ထန်းတောစုစု၊ တောပုပု လေး များကို ဖြတ်ကြရသည်၊
ရေခန်းခြောက်နေသော ဆည်များကိုလဲ တွေ့ရသည်၊ ညမှောင်မှောင်တွင် အဝေး ဆီမှ မီးရောင် လဲ့လဲ့ များကို တွေ့ရသည်၊ မိတ်ဆွေဖြစ်သူက သင်္ဘောကျင်းဟုပြောသည်၊ မဖြစ်နိုင်ပါ၊
ရေနံတူးသူများ သာဖြစ်နိုင်သည်၊ မီးရောင်သည် တစ်ချက်တစ်ချက် ထိန်းလင်းနေသည်၊

နာရီဝက်ကျော်ကျော်ခရီးရောက်လျှင် ရွာတစ်ရွာကိုတွေ့ရသည်၊ ရွာလည်လမ်းမအတိုင်း ခရီးဆက်ကြရာ တစ်ချို့ဒကာများ အိမ်ထဲမှ ထွက်ပြီး ဘယ်ကြွမလဲမေးကြသည်၊ ထူးကြီးကို သွားမလို့ ပြောရာ မကြာခင် ရောက်တော့မှာပါ အနောက်တည့်တည်ကို သွားဖို့မှာကြသည်၊ လှည်းလမ်းကြောင်း အတိုင်းလိုက်လျှင်ထူးကြီးရွာကို ရောက်ကြောင်းပြောပြကြသည်၊ ရေဘုဉ်းပေးသွားကြပါဦးဆိုကြသည်၊ 

သံဘိုရွာအလွန်တွင်ထန်းတောတစ်တောကိုတွေ့ရသည်၊
ဘေးပတ်ပတ်လည်တွင် ကွင်ပြင်းကြီးသာရှိသည်၊ ထန်းတောမှ မီးရောင်လဲ့လဲ့ကို မြင်ရသည်၊ လမ်းလေးသည် ထန်းတောတဲလေးသို့ ဦးတည်သွားသည်၊ အနီး ရောက်လျှင် ထန်းတောတဲ ထဲမှလူ တစ်ယောက်ထွက်လာသည်၊ ဘယ်သွားကြမှာ တုန်းမေးသည်၊ ထူးကြီးရွာ ကိုခရီးဆက်မည့် ဘုန်းကြီးတို့မှန်း သိရသောခါ သူ့တဲလေးသို့ မရမက ပင့်တော့သည်၊

ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေလေပြီ၊ တောခြောက်တာတော့ မဖြစ်တန်ကောင်းပါဘူး၊ သူ့တဲလေး ထဲတွင် မီးရောင်က ကြီးစိုးနေသည်၊ ထန်းရည်နံ့ရသည်၊ 

တဲအရှင်လင်မယားသည် နေရာထိုင်ခင်း သေသေ ချာချာခင်းပေးသည်၊ ထန်းလျှက်နှင့်ရေနွေးကြမ်းကပ်သည်၊ သူတို့ သားလေးဆုံးသွားသည်မှာ မကြာသေး ကြောင်းပြောပြသည်၊ ထန်းလျှက်လှူလိုက် ချင်သေးကြောင်းလဲပြောသည်၊ ဆက်ရမည့်ခရီးက မဆုံးသေး သောကြောင့် အပြန်ကြုံမှပဲ အလှူခံ မည်ဟုပြောခဲ့ရသည်၊ ထန်းတော်တဲတွင် ခဏနေပြီးနောက် ခရီးဆက် ခဲ့ကြပြန်သည်၊ 

တဲအရှင်ထန်းသမားသည် သူ့ထန်းတဲလေး အလွန်ထိလိုက်ပို့သည်၊ တဲထဲကမီးရောင် မှိတ်တုတ်သည် အဝေးတွင် ပျပျသာမြင်ရတော့သည်၊ လှည်းလမ်း အတိုင်းသွားလျှင် ရွာရောက်မည် ဆို သော ကြောင့်လှည်းလမ်းကို ကြည့်ရသည်မှာ မှောင်ရီရီတွင်ေ၀၀ါးနေတော့သည်၊

လှည်းလမ်းသည် ရိုးတစ်ခုထဲဆင်းသွားသည်၊ ချောင်းစပ်တစ်ခုဖြစ်မည်ထင်သည်၊ တစ်ရွာ လုံးမီး ရောင်မမြင်ရတော့ပါ၊ ရှေ့တွင် မည်းမည်း အုံ့အုံ့အဆောက် အဦးတစ်ခုကိုာ တွေ့ရသည်၊ မီးရောင်လဲ့လဲ့မြင်မိ သလိုလိုရှိသည်၊ ဓာတ်မီးဖြင့်ဝေ့ ကြည့်ရာ ဘုန်းတော်ကြီးကျောင်းဖြစ်နေသည်၊ ဆရာတော်တစ်ပါး တံခါဖွင့် ပေးသည်၊

‘ဟာ ဦးဇင်းတို့ အကြိုလွှတ်လိုက်တဲ့ဦးဇင်းနဲ့မတွေ့ကြဘူးလား’
'တင်ပ၊ မတွေ့ပါဘုရား'
‘မှောင်ကမှောင်နဲ့ မနက်ခင်းမှ ခရီးဆက်ခဲ့လဲ ပြီးတာပဲ၊ ကဲ ကြွကြွ၊

ခရီးပန်းနေပြီးကို ရိပ်မိသောကြောင့်ထင်သည် ဆရာတော်သည် စကား အထွေ အထူးမပြောတော့ပါ၊ အိပ်ယာ အပြင်ခိုင်းသည်၊
မကြာမီပင် ရုပ်ပွားတော်ရှေ့ဆီက ဆီမီးရောင်လဲ ငြိမ်းလေပြီ၊ တစ်ကျောင်းလုံးမှောင် မည်းနေ တော့သည်၊

မနက်လင်းမှ သိရသည်မှာ လမ်းညွှန်က လှည်းလမ်း အတိုင်းလိုက်ဖို့မှာလိုက်သဖြင့် လှည်းလမ်း ချည်းသာကြည့် မိခဲ့သောကြောင့် ရွာထဲ မ၀င်မိပဲ ရွာပတ်နေသော ရိုးထဲရောက်သွားခြင်းဖြစ်သည်၊ ဆရာတော်သည် ကျောင်း ပတ်ဝန်းကျင်ကိုလိုက်ပြရင်း တစ်နေရာ အရောက် ကုန်းမြင့်မြင့်ပေါ်မှနေ
ပြီးအနောက် ဆီသို့ ညွှန်ပြကာ

‘ဦးဇင်းတို့ ဟောဟို တောင်တန်းတွေဆိုရင် အောက်ရပ်အောက် ရပ်ရွာတွေဆီမှာကြားရလေ့ရှိတဲ့ ယော နယ်ဆိုတာပေါ့၊ တစ်စိမ်းတစ်ရံကို ဖျာနဲ့ကပ်အောင်ပြုစားတတ်တယ် စသည်ကြားဖူးတဲ့နယ်ပေါ့၊ မဟုတ်ပါဘူး၊ ယောသားတွေဖြူစင်ကြပါတယ်၊ သဘောလဲ အင်မတန်ကောင်းကြပါတယ်၊ နောက်များကြုံရင် လိုက်ပို့ချင် သေးတယ်’

ကြားဖူးပါသည်၊ တိပိဋက ဆရာတော် (ယော) ၏ ယော အကြောင်း၊
ဆရာတော် တိပိဋကအောင်ခါစက ယောဆိုသည်မှာ အမည်ကောင်း အနေအားဖြင့် မတွင်ကြယ်သေးကြောင်း၊ ဆရာတော်ကိုယ်တိုင် ယော ဆရာတော်ဟု အမည်ခံယူခြင်းကို တစ်ချို့ ဒကာများကဆရာတော်ကလဲ ဒီယောဆို တဲ့နာမည်က မကောင်းပါဘူး၊ တစ်ခြား ဟာလေး လုပ်စမ်းပါဟု ပြောကြသည်တဲ့၊

ဤတွင်ဆရာတော်က’ ...
'ဒကာကြီးရဲ့၊ ယောနယ်မှာမွေးတဲ့ဘုန်းကြီးက ယောဆိုတဲ့နာမည်ကိုစွန့် လို့ ဘယ် ဖြစ် မလဲ၊ ဒီအမည်က အစကတော့ တိပိဋက ဆရာတော်ချင်း မှတ်သားလို့ လွယ်ကူအောင် သူများတွေ ကခေါ်ကြ တာပါ၊ အခုတော့ ဘုန်းကြီးကိုယ်တိုင်လဲ ဒီအမည်ကို သဘောကြပြီး သုံးပါတယ်၊ အောက်လမ်း အမည်နဲ့ အမည်းရောင်ဖြစ်နေတဲ့ အမည်ကို အခုဘုန်းကြီးက တရားဟောတဲ့နေရာမှာရော၊ တရားစားအုပ်တွေ၊ တိပ်ခွေ တွေမှာပါသုံးပါတယ်၊ 
ဒါဟာအောက်လမ်းနည်းနဲ့ထင်နေတဲ့ အမည်းရောင် အမည်ကြီးကို အထက်လမ်း နည်းနဲ့ အဖြူရောင်ဖြစ်အောင်ပြောင်းလဲနေတာပဲပေါ့ဗျ’

ယောဆရာတော်စကား နာကြားမိသောအခါ ဘုရားရှင်၏’
ကမ္မုနာ ၀သလော ဟောတိ၊ ကမ္မုနာ ဟောတိ ဗြဟ္မဏော’
မိမိတို့လုပ်ဆောင်ချက်ကြောင့်သာ ယုတ်ညံ့သူ၊ ဖြူစင်သူဖြစ်ရ၏'ကို ရွတ်ဆိုမိသည်၊

ထူးကြီးရွာတွင် လေးရက်ခန့်နေပြီးနောက် မန္တလေးသို့ပြန်ခဲ့သည်၊ အပြန်လမ်းတွင် ထန်းတော တဲအရှင်က နှုတ် ဆက်သည်၊ ခရီးဝေးသေးသဖြင့် ထန်းလျှက် မလှူမခံ ခဲ့ရပါ၊
နောက်ကြုံရင်ဖြင့် ယောနယ်သို့ အလည်သွား ပါဦး မည်၊

Friday, October 21, 2011

ခန်းဆောင်စ ပ၀ါပါး

ဂစၦာမိ ကာသိနံပုရံ အာဟဥ ၦံ အမတဒုႏၵဳဘိ ံ

'ဥပက ငါဘုရား ကာသိတိုင်းရဲ့မြို့တော် ဗာရာဏသီကိုသွားမလို့၊ 
မသေရာရှာဖွေနေတဲ့သူတွေကို တရားစည်တော်ကြီးကို တီးပြမလို့လေ'

ဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်ကို ဂယာသီသတောင်တန်းကြီး အနီးက ရှေးဟောင်းဆာဒူးတို့ တရားရှာဖွေရာ အနီး ဗောဓိပင်အောင်တွင် ရရှိတော်မူခဲ့သည်၊ 

အလောင်းတော်သည် ဟိမာလယတောင်အနီးရှိ ရှိ အေးချမ်းသော သက္ကတိုင်းတွင် မွေးဖွားခဲ့သည်၊
ကိုယ်ကိုယ်တိုင် တိုင်းပြည်ကို အိမ်ရှေ့စံဘ၀ဖြင့် အုပ်ချုပ်ခွင့်ရနေသလို မိမိကိုယ်တိုင်လဲ ထီးနန်စည်းစိမ်၏ အုပ်ချုပ်မှု၊ ရာထူးအာဏာဆွဲဆောင်မှု၊ ယသောဓရာမိဖုရား၏ ဆွဲတောင်မှုများဖြင့် အကျဉ်းကျနေခဲ့သည်၊ 

အကျဉ်းစံဘ၀မှ လွတ်မြောက်ရန်ကြိုးပမ်းခဲ့သည်၊ လွတ်မြောက်ရန်လမ်းရှာနေခဲ့သည်၊ 
မိုးများသည်းသည်း မည်းမည်း အုံ့ဆိုင်းနေသော မိုးလညတစ်ညတွင် လမင်းထိန်ထိန်သာနေသည်၊ 

မနက်ခင်းက မင်းချင်းယောင်္ကျာများလျှောက်ထားသွားကြသည်၊ ယသောဓရာကြင်ရာမှ သားတော်တစ်ပါး ဖွားမြင်ကြောင်း၊ လွတ်မြောက်ရန်လမ်းရှာနေသော မိမိအတွက် နှောင်တွယ်မှု နောက်တစ်မျိုးတိုးလာပြန်ပြီ၊ ဒီတစ်ခါမရုန်းလိုက်ရင်ဖြင့် တစ်သက်လုံး မြှုံးမိရချေတော့မည်၊ 

ယသောဓရာဆောင်ခန်းတွင် မီးရောင်လဲ့လဲ့မြင်ရသေးသည်၊ သားတော်လေးကို ချော့သိမ့်နေမည်
လားတွေးမိသည်၊ သန်းခေါင်ချဉ်းလုပြီ၊ ယသော့်ဆောင်ခန်းတွင် ဆီမီးအိမ်တို့ငြိမ်းလေပြီ၊ ညနက်ပုရစ်တို့ တဂျစ်ဂျစ်အော်မြည်နေကြသည်၊ 

မိမိအိပ်ယာဆောင်ခန်းတွင် ညဥ့်ယံစောစောက မမောမပန်းကကြိုးဆင်ခဲ့ကြသော လှယမင်းတို့ အပျက်ပျက် အယွင်းယွင်းဖြင့် ညအခင်းကို အကျည်းတန်စေလေပြီ၊

ယသော့်ဆောင်ခန်းသို့လှမ်းခဲ့ပြီ၊ သားတော်လေးကို ပွေ့ပိုက်လျှက် အိပ်စက်နေသော မယ်ယသော်၊ လူ့လောကကြီး၏ မာယာ လှည့်ကွက်များကို မြူဆံမျှမသိရသေးသော သားတော်လေးသည် ညဥ့်နက်နက်အောက်က အလင်းပျပျတွင် ထင်းထင်းကြီးလှနေသည်၊ သားတော်ကို ပွေ့ပိုက်လိုက်ချင်ပါဘိ၊

ရုန်းအားနှင့် ဆွဲအားလုံးလား ထွေးလားဖြစ်နေသည်၊ လက်ဖြင့် မတင်ထားသော ခန်းဆောင်စ ပ၀ါပါးလေးကို ပြန်ချလိုက်ပြီ၊ မယ်ယသော်နှင့် သားတော်လေး မျက်နှာတို့ကို ဖုံးကွယ်သွားလေပြီ၊ ခန်းဆောင်စ ပ၀ါပါးဖြင့် ဘ၀တွေခြားလိုက်ပြီ၊

Monday, October 3, 2011

ကျောင်း ကန်ဘုရား များစွာတို့ မြေ

ဗီဟာသည် ၀ိဟာရဟူသော ပုဒ်မှဆင်းသက်လာခြင်းဖြစ်သည်၊ ဗုဒ္ဓဘာသာကျောင်းများရှိသောနေရာ အရပ်ဟု ဆိုလိုခြင်းဖြစ်သည်၊ ပါဋလိပုတ်သည် ခရစ်တော် မပေါ်မီကပင် မြို့တော်ကြီးဖြစ်ခဲ့သည်၊ 

ပါဋလိပုတ်သည်၎င်း၏ ယဉ်ကျေးသိမ်မွေ့မှု၊ ကြွယ်ဝမှု၊ အနုပညာအားပေးမှုများဖြင့် အပြည်ပြည်ဆိုင်ရာ
လေ့လာသင်ယူရာ ဌာနကြီးဖြစ်ခဲ့သည်၊ ဗီဟာနယ်သည် မယုံကြည်နိုင်လောက်ပင် တွင်းထွက် ပစ္စည်းများ ထွက်ရှိပြီး အိန္ဒိယနိုင်ငံ တွင် မီးသွေးထုတ်လုပ်မှု အများဆုံးပြည်နယ်ကြီးဖြစ်သည်၊

ဗီဟာပြည်နယ်သည် တင့်တယ် ခန့်ငြားပြီး အသွေး အရောင်စုံသော ရှေးသမိုင်းကြောင်းရှိသည်၊ ဝေဒကျမ်း၊ ပူရာမ်ကျမ်းများတွင် ရှေးမြို့များနှင့် ဒဏ္ဍာရီဆန်သော နောက်ခံသမိုင်းကြောင်းများကို တွေ့နိုင်သည်၊ ဗီဟာနယ်သည် မြတ်ဗုဒ္ဓနှင့် အခြားသော ၂၄ဦးသော ဂျိန်းဂုရုတို့ ကျင်လည်ရာ ဒေသဖြစ်ပြန်သည်၊ ခရစ်မတိုင်မီဗီဟာနယ်ကို အုပ်ချုပ်သူမှာဗိမ္ဗိသာရဖြစ်သည်၊ 

သူသည်ပါဋလိပုတ်မြို့တော်ကိုတည်ထောင်သူလဲဖြစ်သည်၊ စန္ဒဂုတ်မောရိယနှင့်အသောကမင်းတို့လက်
ထက်တွင် မဂဓတိုင်းနှင့် မြို့တော် ပါဋလိပုတ်တို့သည် ကမ္ဘာတစ်ဝှန်းလုံးကျော်ကြားခဲ့သည်၊

အသောကမင်း နတ်ရွာစံသည်နှင့် ပါဋလိပုတ်သည်လည်း မှေးမှိန်သွားခဲ့ရသည်၊ သို့သော်လည်း ဂုတ္တမင်းများ လက်ထက်တွင် ပါဋလိပုတ်သည် ကျဆုံးခဲ့ရသော ခမ်းနား ထည်ဝါခြင်းတို့ကို ပြန်လည် ရရှိပြန်သည်၊ အေ ဒီ ၁၁၀၀ကျော်ခန့် အလယ်ခေတ်တွင် ကျူးကျော်တိုက်ခိုက်လာသော မူဆလင်များသည် လမ်းများ ဖောက်လုပ်ခဲ့သည်၊

ဗီဟာပြည်နယ်ကို ပထမဆုံး အောင်မြင်ခဲ့သူမှာ မိုဟာမက် ဘင် ဘက်ကတီယာ ခါလိဂျီ ဖြစ်သည်၊ ခါလိဂျီတို့လူစုသည် တုဂေါလုတို့နောက်လိုက်ပြီး နောက်ပိုင်းတွင် မတ်ဂေါဟု အမည်တပ်ခဲ့ကြသည်၊ မတ်ဂေါအင်ပါယာသည် တဖြည်းဖြည်း အင်အားဆုတ်ယုတ်ပျက်ပြားလာရာ ဗြိတိသျှတို့သည် ၁၇၅၇ ပလက်ဆေးစစ်ပွဲအပြီးတွင် ဗီဟာနယ်ကို ယင်းတို့ ခြေကုတ်ယူရာနေရာ ပြုလုပ်ခဲ့ကြသည်၊

ဗြိတိသျှတို့သည် စစ်ပွဲအောင်မြင်မှုများ သိမ်ပိုက်ကျူးကျော်မှုများဖြင့် သူတို့၏ အုပ်ချုပ်မှု စနစ်များကို ၁၉၁၁ အထိခိုင်ခိုင်မြဲမြဲ ရှိစေခဲ့သည်၊ ၁၉၁၁ ဒီဇင်ဘာလ၁၂ ရက်တွင် ဘင်္ဂေါနယ်၏ ဌာနကြီးအဖြစ်ဖွဲ့စည်းခဲ့သည်၊ ဗီဟာနယ် နှင့် သြရိဿနယ်ဟု ခွဲခြား အုပ်ချုပ်ခဲ့သည်၊ ၁၉၃၆ နှစ်တွင် ဗီဟာနယ်ကို သီးခြားပြည်နယ်တစ်ခု အဖြစ်ပြုလုပ်အုပ်ချုပ်ခဲ့သည်၊
ပတ္တနား
မဟာဆန်သောသမိုင်းဝင် ပတ္တနားမြို့သမိုင်းကြောင်းသည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်ကပင်စ တင်ခဲ့သည်၊ ပတ္တနားမြို့တော်သည် အဆက်ဆက် နန်းစံကြသော မင်းတို့၏ မဟာဆန်ပြီး တန်ခိုး အာဏာ ရရှိခဲ့သော နေရာဖြစ်သည်၊ 

ဆက်ခံကြသော မင်းအဆက်ဆက်တို့သည် မြို့တော်ကို ကုသုမ်ပူရ် (kusumpur) ပုရှပူ (pushapura) ပါဋလိပုတ္တ (pataliputra) အဇမ်မာဘက် (azeemabad) ဟူသော အမည်သစ်တို့ပေးခဲ့ကြသည်၊ 
ယနေ့တွင် ပတ္တနား ဟုသာခေါ်ကြသည်၊

သမိုင်းတွင် မှတ်တမ်းတင်ခြင်းခံရသော မြို့တို့မျာ အနည်းငယ်သာရှိ၏၊ ဘီစီ ခြောက်ရာစုမှ စတင်ကာ အေ ဒီ ခြောက်ရာစု တိုင်အောင် အဇာတသတ်မင်းမှသည် ဒုတိယမျိုးဆက်မင်းတို့သည် ဂင်္ဂါမြစ်နှင့် ဆိုနေးမြစ်တို့၏ လွှမ်းမိုးခြင်းကို ကာကွယ်ရန် ခံတပ်များကို ဆောက်လုပ်ခဲ့ကြသည်၊ 

ဤကဲ့သို့ ဆောက်လုပ်ခဲ့ခြင်းများကြောင့် နောက်တွင် စန္ဒဂုတ်မင်းနှင့် သူ၏ သားကြီးဖြစ်သော ဗုဒ္ဓဘာသာ ကိုပြန့်ပွားစေရာတွင် အကျော်ဒေးယျ အသောကမင်းတို့၏ မောရိယ အင်ပါယာ အတွက် သမိုင်းဝင်မြို့ကြီး များဖြစ်ခဲ့ကြသည်၊

ပါဋလိပုတ်ကို အုပ်ချုပ်ခဲ့သော အခြားဧကရာဇ်များမှာ ဂုတ္တမင်းဆက်နှင့် ပါလမင်းဆက်တို့ဖြစ်သည်၊
ရှီယာ ရှာဟ်သူရိ( sher shah suri၊ 16 A,D) အဇီမုရှန်( azimuh shan၊ 18 A,D) နှင့် မူဂါအင်ပါယာ၏ သားကြီးဖြစ်သော အော်ရာဇတ်( aurangzaz) သည် ပါဋလိပုတ်ကို အဇမ်မာဘက် ဟု အမည်ပြောင်း
ခဲ့သည်၊

ယနေ့တွင် ပါဋလိပုတ်သည် အရှေ့အလည်ပိုင်း အိန္ဒိယတွင် စီးပွားရေး အချက်အခြာကျသော နေရာဖြစ်ပြီး ဗုဒ္ဓဘာသာနှင့် ဂျိန်းဘာသာဝင်တို့ အထွတ် အမြတ်ထားရာဖြစ်သော ဝေသာလီ၊ ရာဇဂြိုဟ်၊ နာလန္ဒ၊ ဗုဒ္ဓဂါယာနှင့် ပ၀န်ပူရ်တို့သို့ ၀င်ရောက်ရာ အဓိကလမ်း ကြောင်းဖြစ်သည်၊

Saturday, October 1, 2011

ဆောင်း တစ်ည၀ယ်

ဆောင်း၊ ရင်းရင်းနှီးနှီးသိခဲ့ဖူးသည်၊ 
ဟိုအဝေးတောတန်းများဆီက ကသုတ်ကရက်ပြေးလာတတ်တဲ့ဆောင်း၊
တောင်ပြန်လေအပင့်တွင် သောင်ပြင်မှာ ကြွေလွင့်ပျက်ပျယ်သွားတတ်တဲ့ဆောင်း၊ 
ရုတ်တရက် ၀င်ရောက်ပွေ့ဖက်ပြီး တဖက်သားကို ရင်တုန်လှိုက်မောအောင်ပြုတတ်တဲ့ ဆောင်း၊   

ချင်းတွင်း သောင်ပြင်ပြန့်ပြန့်တွင် ကခုန်မြူးထူးနေတတ်တဲ့ ဆောင်း၊တောင်ပြန်လေလို ချင်းတွင်းမြစ်ပြင်ကို လှိုင်းကြမ်းကြီးများ မထစေပဲ ရှက်သွေးဖြန်းရုံ ဆော့မြူတဲ့ဆောင်း၊ 
အတွေးတွေထဲ ပုံရိပ်တွေ အထပ်ထပ်ပေးခဲ့တဲ့ ဆောင်း၊တွေးမိတိုင်း ရင်ခုန်ပါတယ်ဆောင်း။

'ဘုန်းကြီးအခုလို တအားအေးတဲ့ ဆောင်းညဆိုရင်ကုန်းထိပ်စေတီတော်ဆီက ခေါင်းလောင်းသံကြားရတတ်
တယ်၊ တစ်ချက်တည်းပဲ ထိုးပါတယ်၊ ည ဆယ့်နှစ်နာရီလောက်ဆိုရင် တပည့်တော်တို့အိမ်ကနေ အတိုင်းတိုင်း ကြားနေရပါတယ်၊ ဘုန်းဘုန်းညညကျရင် နားထောင်ကြည့်ပါ၊ 

သူ့မျက်နှာတွင် စိုးထိတ်ရိပ်တို့ အလိပ်လိပ်ဖြင့်ပြောနေသည်၊ ဆောင်းဆည်းဆာသည် တောင်စွယ်တွင် အရောင်စုံခြယ်လျှက် နှုတ်ဆက်နေသလိုလို..။

ထိုညတွင် ကျုပ်အိပ်မပျော်၊ခေါင်းလောင်း ထိုးသံကို နားစွင့်မိသည်၊ ဆောင်းညမို့ လေတိုးသံ တရှဲရှဲတို့အော်မြည်နေသည်၊ ခပ်လှမ်းလှမ်းတောတန်းထဲက နှင်းပေါက်တို့ တဖြောဖြောကျသံသည်ဖြိုးဖြိုး ဖျောက်ဖျောက် ညံနေတတ်သည်၊ တောကျောင်းလေး တံစက်မြိတ်က နှင်းပေါက်တို့ ကြွေကျသံသည် နံရံခေါက်လေသလား ထင်မိ
သည်၊ နားထဲဝဲလည်ခတ်နေသည်၊

လက်ဝဲသုန္ဒရ၏ ‘သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်တို့၊ မိုးလောက်ပြင်းထန်၊ သွန်ချပြန်သော်’ ကို မရွတ်အားနိုင်၊ ရွာဦးကုန်းထိပ်စေတီတော်ဆီက ခေါင်းလောင်းထိုးသံနားစွင့်နေမိသည်၊ 
ထိုညက ခေါင်းလောင်းထိုးသံ မကြားရပါ၊ ရင်တွင် တဒုတ်ဒုတ်ခုန်နေသံကြောင့် မကြားရလေသလား မပြောတတ်ပါ၊

ချင်းတွင်းမြစ်ဘေး တောင်တန်းဆောင်းညများသည် အအေးပိုသည်၊ အတွေးပိုစေသည်၊ ကြယ်စုံတောက်သည်၊ ကောင်ကင်ပြာပြာသည် ကြယ်စင်များ တွဲရရွဲဖြင့် ပန်းဆိုင်းကြီးလိုလှနေတတ်သည်၊ ကြယ်ရောင်ပြပြဖြင့် မြက်ခင်းပြင်တွင် ဖောက်ယက်ထားသော လမ်းတို့သည် လရောင်အောက်တွင် အငြိမ်မနေပဲ ဟိုဒီတိမ်းပြီး ယိမ်းကနေသလိုထင်မိသည်၊

တောတန်းများနှင့်သစ်ပင်မြင့်မြင့်ကြီးတို့သည် လေနော့နော့တွင် သော့ကရော့ဖြင့် ဝေးလိုက်နီးလိုက်
ဖြစ်နေသည်၊ ခေါင်းလောင်းထိုးသံမကြားရပါ၊
ကြယ်ကြွေတာတော့မြင်လိုက်မိသည်၊ ရင်ထဲလှိုက်ကနဲ့….။
ဆောင်းည၏ နှင်းပေါက်တို့ တဖြောက်ဖြောက်နှင့်…။

‘ဘုန်းကြီး ဒီလိုအေးတဲ့ဆောင်းညတွေဆိုရင်ဆတ်မကြီး သားပေါက်လေး တစ်ကောင်နဲ့ ရောက်ရောက်လာ
တတ်တယ်၊
တော်တော်လှတဲ့ဆတ်မကြီး သားအမိပါဘုန်းဘုန်း၊ တပည့်တော်တို့လဲ အစတော့ဘယ်သိမလဲ သေနတ်
ထမ်းပြီးနောက်ယောင်ခံလိုက်တာပေါ့၊
လက်တစ်ကမ်းပဲ ပြစ်ရတော့မလို၊ပြစ်ရတော့မလိုနဲ့ပဲ နောက်ဆုံးတော့ ဘုရားကုန်းရောက်လာတော့တာ၊ လရောင်ဖွေးဖွေးအောက်တင်ပဲ ကြည့်နေရင်း ဆတ်မကြီး သား အမိပျောက်ပျောက်သွားတာ.........
ဘုန်းဘုန်းရေ၊ ဆောင်းညတွေဆို ခဏ ခဏကြုံရပါတယ်’ 

သူ့အသံတွေတုန်နေသည် ထင်မိသည်၊

ဆောင်းညသည် တိတ်ဆိတ်လို့၊ တစ်ရေးနိုးကျေးငှက်တို့ အတောင်ခတ်သံနှင့် ဆောင်းလေသဲ့သဲ့ သုတ်ဖြူးသံတို့ကို နားစွင့်မိသည်၊ သူတို့ သားအမိလာလေပြီလား တွေးမိသည်၊
ဆောင်းညသည် ယိမ်းကသည်၊ ဆောင်းည စိတ်တို့သည်လဲ ယိမ်းကနေသလိုပင် ထင်ရသည်၊

ဆောင်း၊ ရင်းရင်းနှီးနှီးသိခဲ့ဖူးသည်၊

‘ဒီဆောင်းနှင်းမြူရယ်..ကိုယ်ချင်းမစာတယ်....ချမ်းတယ်...ချမ်းတယ် မေးခိုက်ခိုက်တုန်အောင်..
.စောင်နဲ့ခြုံတောင်မလုံဘူး…အချစ်ရယ်……မင်းကိုယ်ငွေ့နဲ့..ထွေးပါမှ…နွေးမယ်ထင်တော့တယ်….
.နွေးစေမယ်…အချစ်ရယ်..အချစ်ရယ်……နွေးစေမယ်….’

ရင်ကို ထိခတ်ဖူးသော ကိုထီးဆိုင်ရဲ့ဆောင်း တေးသွားသည် နှင်းတွေပိုကျစေပြီး ညကို ပိုပြီးအေးစေသည်၊
နှင်းပေါက်နှင်းစက်တို့က သံစဉ်တီးခတ်သည်။


မှတ်ချက်။ ။ ပဒူးမုန်းနာဂရွာသားများပြောပြသော ဆောင်းပုံပြင်ကိုပြန်ရေးပြပါသည်။