Pages

Wednesday, July 20, 2011

အနောမာ လမ်းခွဲ


အလောင်းတော်သိဒ္ဓတ္တမင်းသားကို နီပေါနိုင်ငံတွင် ဖွားမြင်သည်၊ ဖခင်မှာ သကျလူမျိုးတို့၏ အရှင် ဘုရင်သုဒ္ဓေါဓနမင်းကြီးဖြစ်၏၊ မယ်တော်က မဟာမာယာဒေ၀ီဖြစ်ပါသည်၊ ယနေ့နီပေါနိုင်ငံတွင် သုဒ္ဓေါဓနဟူသော အမည်မှာ တွေ့ရခဲသော်လည်း မာယာဒေ၀ီ အမည်ကိုတွေ့ပါသေးသည်၊

ဆရာကြီး ဒေါ်ဓမ္မ၀တီ(သမီးချစ်) ၏ အသက် ၇၇ နှစ်မြောက်မွေးနေ့ကို တက်ရောက်ခဲ့ရဖူးသည်၊ လုမ္ဗိနီတောက ဖွားတော်မူရာနေရာမှာ မြန်မာနိုင်ငံက သံဃာတော်များ ဦးဆောင်ပြီး မွေးနေ့ပွဲကို ကျင်းပါတယ်၊ မြန်မာ ရဟန်းတော်များ ပဌာန်း ရွတ်ဖတ်ပူဇော်ကြပါသည်၊

မြန်မာသံစစ်စစ်ဖြင့် ရွတ်ဖတ်သံသည် လုမ္ဗိနီတောကို ပဲ့တင်ထပ်စေသည်၊ ညပိုင်းရောက်တော့ သကျတို့၏ ရိုးရာ အကများဖြင့် ရောက်လာသော နိုင်ငံတကာမှ ဧည့်သည်များကို  ဖျော်ဖြေပေးကြသည်၊ သကျတို့အက၊ သကျတို့ အလှ၊ သကျတို့ဟန်၊ သကျတို့အဆို၊ သကျတို့ တေးသည် အလောင်းတော် မင်းသိဒ္ဓတ်၏ အိမ်ရှေ့မင်းဘ၀ကို ပြေးပြီးမြင်ယောင်မိပါသည်၊

ပြီးတော့ မာယာဒေ၀ီ၊ မာယာဒေ၀ီဖြင့် ခဏခဏခေါ်သံသည် အတိတ်ကို ပိုပြီးနီးစပ်စေပြန်၏၊ အဲဒီညက မာယာဒေ၀ီ က ပြပါတယ်၊ သီချင်းလဲ ဆိုပြပါသည်၊ လက်ခုပ်သံတွေ အလည်မှာ မာယာ မမောတမ်း အသုံးတော်ခံ တင်ဆက်သွားပါတယ်၊ လ၀န်းကြီး တော်တော်ယွန်းသွားမှ နဖူးဆံစမှာ ချွေးများသီးလျှက် ကန့်လန့်ကာနောက်ကွယ် ၀င်သွားတာတွေ့လိုက်ရပါသည်၊ 

လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာကျော်က ဒီမြေ ဒီရေ၊ ဒီသကျတို့ အလည်မှာ မာယာဒေ၀ီက သားတော်တစ်ပါးဖွားပေးခဲ့ဖူးပါသည်၊ သကျတို့အစဉ် အလာကိုထိန်းသိမ်းပေးမည့် သူရဲကောင်း အဖြစ် အမေ အဖေတို့နှင့် အတူ တစ်နိုင်ငံလုံးက မျော်လင့်ကြသည်၊

ဘ၀ပေါင်းများစွာစစ်ကို မုန်းခဲ့သော မင်းသားသည် စစ်ကို ဖန်းတီနိုင်းသော ဘုရင်တစ်ပါးဖြစ်ဖို့ အရေးထက် ကမ္ဘာလောကကြီး၏ ဆင်းရဲဒုက္ခကို ဘယ်လိုကယ်တင်ရမည်ကိုသာ အတွေး ရောက်နေခဲ့လေသည်၊

အသက် ၁၆နှစ်မှာ အိမ်ထောင်ချပေးကြသည်၊ သူ့ခေတ်သူအခါက အလောင်းတော်မင်းသိဒ္ဓတ်၏ ဇနီး ယသောဓရာ လောက်ချောမောပြေပြစ်သူ မရှိပါဘူးတဲ့၊ သကျတို့က အလောင်းတော်ကို တိုင်းပြည်အုပ်ချုပ် မင်းလုပ်ဖို့ ကမ်းလှမ်းလိုက်တဲ့ လက်ဆောင်မြတ်တစ်ခုပါ၊ နန်းတော်ထဲမှာ တရစ်ဝဲ၀ဲနဲ့ ၁၃ နှစ်ကြာလေ၏၊

တစ်ညချမ်း၊
လ၀န်းသာနေပါ၏၊
မိုးဦးကာလမို့ထင်ပါသည်၊
တစ်တောလုံးဝင်းလို့၊
ဖူးပုရစ်တွေလဲ စီတစ်ချို့၊
တစ်ချို့လဲ မိုးရေဒဏ်၊
လေဒဏ်များကြောင့် မြေသက်လို့၊
မြေပြင်ရောက်ပြီး အညှောက်ပင်ပြန်ပေါက်လို့
ဘ၀ အသစ်စနေသော ပင်ပျို၊
ပင်အို၊
ပင်စိမ်းစိုတို့က-
သဘာဝတရားကို ပုံဖော်ပြနေပါတယ်၊

လူတွေလဲ ဒီလိုပဲ ဆိုတာ မင်းသိဒ္ဓတ် သိလိုက်ပါပြီ၊ လမ်းပေါ်မှာ ပင်အိုနဲ့ တူတဲ့ လူတစ်ချို့ လဲနေသည်၊ တအီအီညီးတွားလို့၊

မြေသက်သွားတဲ့ ပင်အို ပင်ဆွေး ကြီးတွေလဲ တွေ့ခဲ့ဖူးပြီ၊ လောကဒဏ်ညှင်းချက်ကြောင့် မြေသက် လုလု ရမ်းခါ တိမ်းယိမ်းနေသော အပင်တို့ကား ကမ္ဘာကြီး အပြည့်၊ ပတ်ဝန်းကျင် အပြည့်တောင်ထင်မိပါသည်၊

မင်းသိဒ္ဓတ်ရင်ထဲ ပျို၊ အို၊ မြေခ၊ မတည်ငြိမ်သော မြင်ကွင်းတို့က ထင်ထင်ရှားရှားရှိနေဆဲမှာပင်၊

‘အိမ်ရှေ့စံ ကိုယ်တော်လေးဘုရား၊ 
အရှင့် မိဖုရား မယ်ယသော်က သားတော်တစ်ပါး ဖွားမြင်ကြောင်း သံတော်ဦးတင်ပါတယ် အရှင်’

အညှောင့်ပေါက်လာသော ဘ၀တစ်ခု၊
ရိမ်းထိုလှုပ်ရမ်းမေနမည့် တာရှည်ကာလ၊
ကြွေလုလု အနေအထား၊

‘တော်ပြီ၊ ဟိုတစ်နေ့က တွေ့ခဲ့ရတဲ့ ဆာဓူးကြီးလို တရားပဲရှာတော့မယ်’

‘ဆဲ့သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ 
စံတော်မူ၍၊ ရွယ်မူနြုဖိုး၊
နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ 
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ 
သံဝေပိုကာ၊ ၀ါဆိုလပြည့်၊ 
ကြားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်’

ကပိလ၀တ္တုထီးနန်းသည် နောက်တွင်ကျန်ခဲ့ကာ ဝေးသထက်ဝေးခဲ့ပြီ၊
မဇ္ဈိမဒေသကို ခရီးနှင်ခဲ့ပြီ၊ 
အလည် အလတ်လမ်းကို ရှာဖို့ဖြစ်တော့သည်၊
နောက်တစ်နေ့ အရုဏ်တက်တော့ အနောမာမြစ်ကို ရောက်ခဲ့ပြီ၊
အနောမာ၏ ဒီဘက်ကမ်းသည် မင်းစည်းစိမ်များဖြင့် ရောပြွမ်းသည်၊
အနောမာ ဟိုဘက်ကမ်းသည် ထီးနန်းစည်းစိမ် မရှိသော်ငြား စိမ်းလမ်းစိုပြေသည်၊
 အဆောင် အယောင်ကင်းကင်းဖြင့် မင်းစည်းစိမ်ထက်သာနေပါတော့၏။

‘ဆန္န၊ မင်း နန်းတော်ပြန်တော့၊ ငါပြန်မလိုက်တော့ဘူး’

ငယ်ကျွန်မောင်ဆန်သည် မျက်ရည်လည်ရွှဲဖြင့် နန်းရပ်ဆီသို့ ဦးတည်ပြီး ပြန်လေပြီ၊
မင်းသိဒ္ဓတ်သည် မောင်ဆန်ကို ကျောပေးပြီး ထွက်ခွာခဲ့ပြီ၊
သူတို့ နှစ်ဦးသည် ဝေး၍……ဝေး၍……မမြင်နိုင်တော့ပြီ။

No comments:

Post a Comment