Pages

Thursday, July 14, 2011

ငြိမ်းချမ်းခြင်း အထိမ်းအမှတ်

မြန်မာရဟန်းတော် စာသင်သား အများဆုံး တက်ရောက်သော တက္ကသိုလ်မှာ မဂဓတက္ကသိုလ်ဖြစ်သည်၊ မဂဓတက္ကသိုလ်သည် ဗီဟာပြည်နယ်တွင် တည်ရှိပြီး၊ မဟာဗောဓိစေတီတော်ကြီးနှင့် မနီး မဝေးဖြစ်သည်၊ မြန်မာ ရဟန်းတော်များ မနက်ခင်းတိုင်းလိုလို မဟာဗောဓိသို့ ကြွရောက်ပြီး တရားထိုင်ခြင်း၊ ပရိတ် ရွတ်ဖတ်ခြင်းများ ပြုလုပ်ကြသည်၊ မနက်စောစော တက္ကသိုလ်ရှိ ကျောင်းသားဆောင်မှ မနက်ခင်း ငါးနာရီခန့်ထွက်လျှင် မဟာဗောဓိစေတီတော်ကြီးသို့ ခြောက်နာရီခန့်တွင် ရောက်သဖြင့် နာရီဝက်ခန့်သာ သွားရသည်၊ ကား အသွား အလာလည်း မရှုပ်သေးသဖြင့် သွားလာရ လွယ်ကူသည်၊ စေတီတော်ကြီးသို့ ရောက်လျှင် ကမ္ဘာ အရပ်ရပ်မှလာရောက်ကြသော သူတော်စင်များဖြင့် အမြဲစည်ကား နေလေ့ရှိသည်၊ ကြည်နူးစရာကောင်းသည်၊

စေတီတော်ကြီး ပတ်ဝန်းကျင်တွင် စိုက်ပျိုးထားသော ပန်းတို့မှာလည်း စေတီတော်ကြီးအား ပူဇော်ထားသကဲ့သို့ ရှိနေသည်၊ အနီးတ၀ိုက်ရှိ သတ္တဌာနနေရာများမှာလည်း ကြည်နူးဖွယ်ကောင်းလှသည်၊ အထူးသဖြင့် ငါးခုမြောက်ဌာနဖြစ်သော ရာဇာတနသတ္တာဟနှင့် ပတ်သက်ပြီး လမ်းညွှန် guide book များတွင် အောက်ပါကဲ့သို့ရေးသားထားသည်ကို တွေ့ရသည်၊ လင်းလွန်းပင်အောက်တွင် ဘုရားရှင်သည် ခုနှစ်မြောက်ဖြစ်သော သတ္တာဟကို တရားဆင်ခြင် သုံးသပ်လျှက် နေတော်မူသည်၊ ဤလင်းလွန်းပင်ရင်း သီတင်းသုံးသော သတ္တာဟသည် မဟာဗောဓိစေတီတော်ကြီး၏ အရှေ့တောင်ထောင့် အရပ်တွင် ရှိသည်၊ မြန်မာနိုင်ငံသားများဖြစ်ကြသော တပုဿနှင့် ဘလ္လိကညီနောင်တို့သည် ဘုရားရှင် သီတင်းသုံးတော်မူသော ဘုရားရှင်အား ဖူးတွေ့ရပြီး ပျား မုန်းဆွမ်းများ ကပ်လှူကာ 

‘ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ’

ဟူသော သရဏဂုဏ်နှစ်ပါးကို ဆောက်တည်ခဲ့ကြသည်၊ သံဃာ ရတနာ မပေါ်ထွန်းသေးသောကြောင့် သံဃံ သရဏံ ဂစ္ဆာမိ ကို မရွတ်ဆိုခဲ့ကြရပေ၊ တပုဿ ဘလ္လိကညီနောင်တို့သည် ဗုဒ္ဓသာသနာတော်တွင် ပထမဆုံး ဥပသကာများ ဖြစ်ကြသည်၊ ညီနောင်နှစ်ဦးသည် ဘုရားရှင်ထံတော်မှ ဆံတော်တစ်ချို့ကို မိမိတို့တိုင်းပြည်ပြန်ရောက်လျှင် ပူဇော်နိုင်ရန် ယူဆောင်ခဲ့ကြသည်၊ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ယုံကြည်မှု ဓလေ့အားဖြင့် ရွှေတိဂုံစေတီတော်တွင် ဌာပနာသွင်း ပူဇော်ပြီး စေတီတော်မြတ်ကို ဗုဒ္ဓဘာသာဝင်များ အလေးတမြတ်ပူဇော် ထားရှိကြသည်။ မဟာဗောဓိစေတီတော် ရောက်တိုင်း မြန်မာနိုင်ငံသားများ ဖြစ်ကြသော ဥပါသကာကြီး နှစ်ဦးတို့လာရောက်ပြီး ဘုရား ပူဇော်နေကြသည်ကို မြင်ယောင်မိသည်၊ ပြီးတော့ ကြည်နူးရသည်၊

ရံခါမြန်မာနိုင်ငံမှ လာရောက်ကြသော သူတော်စင်များ ဗောဓိပင်ခြေတွင် တစ်စုတစ်ဝေးတည်း ရွတ်ဖတ် ပူဇော်နေကြသည်မှာလည်း စိတ်ကို ငြိမ်းချမ်း အေးမြစေသည်၊ မြန်မာသံစစ်စစ်ဖြင့် ရွတ်ဖတ် ပူဇော်သောကြောင့်လည်း နားဝင်ပီယံပိုဖြစ်ပြီး သမာဓိရစေသည် ထင်မိသည်၊ တိုးတိုးလေးလည်း လိုက်ပြီးရွတ်မိသည်၊ မြန်မာနိုင်ငံကို တစ်ခါတည်း ပြန်လိုက်သွားချင်စိတ်ပေါက်မိသည်၊

လှည်းတန်းကြီးဖြင့် ကုန်ရောင်းကုန်ဝယ်လာခဲ့ကြခြင်းဖြစ်သည်ဟုဆိုကြသည်၊ ဂယာတောရွာလေးသည် တပုဿဘလ္လိကညီနောင်တို့ ဈေးရောင်း ဈေးဝယ်ပြုခဲ့သည် နေရာဟောင်းလေးပင် ဖြစ်ပေမည်၊
မြန်မာ ရဟန်တော်များလည်း ဆွမ်း ကိစ္စအတွက် ဂယာဈေးသို့ပင် ဈေးဝယ်သွားရကြသည်၊ ဂယာဈေးသည် ဟောင်နွမ်းလှသည်၊ နွားချေးပေါသည်၊ ဟင်းသီးဟင်းရွက်သာရောင်းကြသည်၊ အသား ငါးလိုချင်လျှင် မူဆလင်ကုလားများဆီ သွားဝယ်ကြရကြရသည်၊ ဟိန္ဒူကုလား အသားများ မရောင်းကြပါ၊

တစ်ခါက ကြုံဖူးပါသည်၊ ကျောင်းတွင် ဧည့်သည် ရောက်လာသောကြောင့် ဂယာဈေးသို့ ငါးသွားဝယ်သည်၊ ငါးရောင်းသော ဈေးဆိုင်သည် ကြက်သားလည်း ရောင်းသည်၊ ဈေးဆိုင်ရှိ ခြင်းထဲတွင်ထည့်ထားသော ကြက်ကို ၀ယ်သူက ကြိုက်ရာ လက်ညှိုးထိုးပြရသည်၊ ချက်ချင်းသတ်ပြီး ရောင်းသည်၊ မကြည့်ချင် မမြင်ရက်သဖြင့် နောက်များတွင် လိုချင်သောငါးကို တစ်ကီလို နှစ်ကီလိုစသည် မှာပြီး မဟာဗောဓိစေတီတော်ဘက်သို့ ထွက်လာရလေ့ရှိသည်၊ နောက်မှ သိရသည်မှာ စောင့် မကြည့်ပြန်လျှင်လည်း အလေး မပြည့်တတ်ဟု သိရပြန်သည်၊ 

သူငယ်ချင်းတစ်ပါးက ပြောဖူးသည်၊ ကုလားပြည် မပြောနှင့် မြန်မာပြည်မှာတောင် မျက်ကွယ်ဆိုရင် အလေး အတင်း အလျော့ လုပ်တတ်ကြပါသတဲ့၊ တပုဿ ဘလ္လိကညီနောင်တို့ ရောက်တုန်းကလဲ ဒီလို လူတွေရှိမှာပဲလို့ တွေးလိုက်မိသည်၊ သေချာပါသည်၊ ဂယာဒေသသည် သမိုင်း အစဉ်အလာကြီးမားသော နေရာလေးဖြစ်သည်၊

မဟာဗောဓိစေတီတော်ကြီးနှင့် ကပ်လျှက် အရှေ့ဘက်တွင် ဗလီအနီးနား၌ နေရာလေး တစ်နေရာရှိသည်၊ မြတ်ဗုဒ္ဓပွင့်တော်မမူမီ ကျောက်ခေတ်မှသည် ပါလခေတ်တိုင်အောင် ရှည်ကြာသော သမိုင်းရှိသည်၊ ရှေးဟောင်းတူဖော်ရေးများ၏ တွေ့ရှိချက်များ အရ ကျောက်ခေတ်နှောင်းပိုင်းကာလမှ ဘီစီ ၂၅ ရာစုမှသည် ၁၇ ရာစုတိုင်အောင်၊ တိုးတက်သော ကျောက်ခေတ်ကာလ ဘီစီ ၁၇ ရာစုမှ ၁၁ ရာစုတိုင်အောင်၊ သံခေတ် ၁၀ ရာစုမှ ၇ ရာစုတိုင်အောင်၊ ဘုရားရှင်နှင့် အသောကတို့ခေတ် ဘီစီ ၆ ရာစုမှ ၁ရာစုတိုင်အောင်၊ ကုရှန်ခေတ် အေ ဒီ ၁ ရာစုမှ ၃ရာစုတိုင်အောင်၊ ဂုတ္တခေတ် အေ ဒီ ၄ ရာစုမှ ၈ရာစု တိုင်အောင်၊ ဂုတ္တခေတ်နှောင်းပိုင်းနှင့် ပါလခေတ် အေ ဒီ ၉ ရာစုမှ ၁၂ ရာစုတိုင်အောင် ရှည်လျားသော သမိုင်းကြောင်းရှိသည်၊ ရောင်းဝယ်ဖောက်ကားစနစ်ကို စတင်ထူထောင်ခဲ့သော နေရာဟုပင် ဆိုကောင်းလောက်သည်၊ ယနေ့မျက်မြင်တွင် အခြေ အနေ အရပ်ရပ်ကြောင့် ရှေးဟောင်း အမွေ အနှစ်များကို ဆက်လက် ပြီးဆုံးအောင် တူးဖော်ခြင်း မပြုပဲအုတ်ရိုး ပေါ်ရုံတူးဖော်ထားသည်ကို တွေ့သည်၊

ထိုကဲ့သို့ခေတ်ပေါင်းများစွာ တည်ရှိခဲ့သော ဂယာရွာလေးတွင် ဗုဒ္ဓခေတ်ဟုပြောနိုင်သော ဘီ စီ ခြောက်ရာစု ကာလများ ဆီသို့ ပြန်လည်မြင်ယောင်မိသည်၊ ဂယာရွာလေးသည် ဂယာသီသတောင်တန်းကြီးကို နောက်ခံထားပြီး ကမ္ဘာ အရပ်ရပ်မှ လာရောက်ကြသော ခရီးသွားများ၊ ဗုဒ္ဓဂယာသို့ သူတော်စင် ဘုရားဖူးများ ရာသီမရွေး စည်းကားနေလေ့ရှိသည်၊

တစ်ချိန်က အသောကမင်းကြီးသည် ဤဒေသသို့ ရောက်ရှိလာခဲ့ပြီး ဘုရားရှင် သဗ္ဗညုဉာဏ်တော် ရရှိတော်မူရာတွင် ခံ့ငြားထည်ဝါသော မဟာဗောဓိစေတီတော်ကြီးကို တည်ထား ကိုးကွယ်ပြီး ပူဇော်ထားရှိခဲ့သည်၊ ဝေဟင်သို့ ထိုးထွက်နေသော စေတီတော်၏ အထွတ်သည် ရွှေကြုတ် အလားရှိသည်၊ မြန်မာနိုင်ငံတွင် တွေ့ရခဲသော ပုံစံမျိုးဖြစင်သည်၊ 

မဟာဗောဓိစေတီတော်ကြီးသို့ ရောက်တိုင်း အသောကမင်းကို မြင်ယောင်မိသည်၊ မဟာဗောဓိစေတီတော်မြတ်ကြီးကို ယခု လက်ရှိပုံစံ အတိုင်းဖြစ်အောင်ပြုပြင် မွမ်းမံစေခဲ့သော မြန်မာ့ဘုရင် ရတနာပုံ၏ အရှင် ပဉ္စမသင်္ဂါယနာတင် ဘ၀ရှင်ကို မြင်ယောင်သည်၊ 

အနာဂါရိက ဓမ္မပါလကို မြင်ယောင်သည်၊ သူတော်စင်ကြီးသည် မဟာဗောဓိစေတီတော်ကြီးကို ဗုဒ္ဓဘာသာဝင်များ လက်ဝယ်ရောက်အောင် စတင် ကြိုးပမ်းခဲ့ သူဖြစ်သည်၊ အိန္ဒိယနိုင်ငံကြီးသို့ ရောက်လာသော မြန်မာနိုင်ငံသား ရှင်စန္ဒသာမဏေကို ပြေးမြင်မိသည်၊ မဟာဗောဓိစေတီတော်ကြီးသည် ထေရ၀ါဒ၊ မဟာယာန မခွဲခြားပဲ အရေးကြီးလှသော နေရာမြတ်ဖြစ်သည်၊

အေဒီ ၆၃၇ တွင် တရုတ်ခရီးသွား ရဟန်းတော်ကြီး ဟူအင်ဆန်( Huen Tsang) သည် ခြေလျင်ခရီးဖြင့် အိန္ဒိယတစ်ဝှန်းကို ခြေဆန့် ခဲ့သူဖြစ်သည်၊ မဟာဗောဓိစေတီတော်ကြီးသို့ လည်းရောက်ခဲ့သည်၊ သူ၏မှတ်တမ်းတွင်-

‘ဗောဓိပင် အရှေ့ဘက်တွင် အမြင့်ပေ ၁၆၀၊ ၁၇ ခန့်ရှိသော ကျောင်းဆောင် ( Vihara) ရှိသည်၊ ကျောင်းဆောင်၏ အခြေခံအုတ်ရိုး အနိမ့်ဆုံး မျက်နှာစာသည် ပေ ၂၀ ကျော်ကျော်မြင့်သည်၊ ကျောင်းဆောင် အဆောက် အအုံကို မြေညက်ဖြင့်ပြုလုပ်ထားသော အုတ်များပေါ်ဝယ် ထုံးများဖြင့် သုတ် လိမ်းထားသည်၊ အသီးသီးသော အုတ်များပေါ်တွင် ရွှေရောင်ရုပ်ကြွတို့ကို ပုံဖော်ထားသည်၊ အဆောက်အအုံကြီး၏ အရပ်လေးမျက်နှာတွင် အံ့သြဖွယ်ကောင်းသော အနုလက်ရာတို့ဖြင့် တန်ဆာဆင်ထားသည်’

ဟု မှတ်တမ်းတင်ထားသည်၊ အခြားတစ်ခု ရှိပါသေးသည်၊ တစ်ခါက တရုတ် ရဟန်းတော်တစ်ပါးသည် မဟာဗောဓိသို့ ဘုရားဖူထွက်ခဲ့သည်၊ ရဟန်းတော်သည် သင်္ဘောခရီးကြုံဖြင့် လိုက်ပါခွင့်ရခဲ့သည်၊ သင်္ဘောမှာ လိုက်ပါသူ ခရီးသည် များသောကြောင့် ရေလည်တွင် နစ်မြုပ်လေတော့သည်၊ သေဘေးနှင့် ပက်ပင်းကြုံရသောအခါ လူတိုင်း ကြောက်ကြသည်ချည်းဖြစ်သည်၊ ‘ကယ်ပါ၊ ယူပါ’ တစာစာဖြင့် ပင်လယ်ပြင်သည် ငရဲပွက်သလို ရှိနေသည်၊ သင်္ဘောမှလည်း ခရီးသည်အားလုံးကို ပြန်တင်ပြီး မသွားနိုင်တော့ကြောင်း တစ်ချို့ချန်ထားခဲ့ရမည်ဖြစ်ကြောင်း ပြောပြလေတော့သည်၊ ဘုရားဖူး ကြွရောက်လာသော ရဟန်းတော်သည် သူ့ကို ထားပြီး အခြားတစ်ယောက်ကိုသာ ခေါ်သွားဖို့ မာလိန်မှူး အား ပြောပြလေတော့သည်၊ 
စိတ်ထဲဝယ် ဘုရားဖူးခရီးသည် အကြိမ် ကြိမ်ဖြစ်ပေါ်ပြီး အသက်စွန့်ထွက်လာခဲ့သော ရဟန်းတော်လေးသည် မဟာဗောဓိသို့ ရောက်နိုင်တော့ပဲ ပင်လယ်ပြင်တွင် နစ်မြုပ်သွားခဲ့သည်၊

ယခုချိန်တွင် နိုင်ငံ အသီးသီးမှ လာရောက်ကြသေ သူတော်စင်များဖြင့် မဟာဗောဓိသည် စည်ကားလျက်ရှိသည်၊ အေးချမ်း တည်ငြိမ်သော ဗောဓိပင်မြတ်ဆီမှ လေတိုးသံတို့သည် ဓမ္မ သံစဉ်တစ်ခု အလား ကြားနိုင်သည်၊ သမာဓိရရဖြင့် နား ဆင်ကြည့်လျှင် စိတ်ကြည်လင်သည်၊ မျက်လုံးဖွင့်ထားလျှင် မြင်ကွင်းစုံဖြင့် ရင်ကို လှုပ်ခတ်စေသော    နေရာမြတ်ပင်ဖြစ်သည်၊

No comments:

Post a Comment