Pages

Saturday, May 21, 2011

ရောင်စုံ ဂယာ


အညာဆန်သော နေရာလေး၊ ထန်းပင်စုစုကို အဝေးကမြင်နိုင်သည်၊ ရံခါမြူခိုးတွေ ဝေနေတတ်သည်၊ မြူခိုး တို့က ထန်းပင်များကို ခါးလည်က သိုင်းပြီး ရစ်ဖွဲ့ထားသည်၊ ထိုမြင်ကွင်း ပင်လယ်ပြင်တွင် မျှောနေသော ဒိုက်ပုံ အစုကြီးတို့နှင့်ပင် တူသယောင်ယောင် ထင်မိသည်၊ မနက်ခင်း နေရောင်ခြည် ဖြာဆင်းတော့ ဘယ်ပန်းချီရေးလို့ မမီလက်ရာမျိုးဟု စာဆိုတို့ဖွဲ့ကြလေမလား မပြောနိုင်၊ လှသည်ကတော့ သေချာသည်၊ လယ်ကွင်းပြင်နှင့် ပဏာတင့်လှသည်၊ ခြောက်ခန်းနေသော လယ်ကွင်းပြင်သည် တစ်ဖျစ်ဖျစ် မြည်လောက် အောင်ပင် ခြောက်သရောင်း ဖြစ်နေသည်၊ ကွင်းပြင် အကျယ်ကြီးကို ဖြတ်သွား ဖြတ်လာ ဖြစ်နေသော လမ်းလေးများသည် ကွင်းပြင် အကျယ်ကြီးကို ကွန်ယက်ဖွဲ့ထားသလို ရှိနေသည်၊
 ရေခပ်လမ်းလေး ဖြောင့်ဖြူးညက်မှုံနေတတ်သည်၊ ဒီတစ်ဘက်လမ်းထိပ်တွင် ရွာလေးရှိသည်၊ ဟိုတစ် ဘက်ထိပ်တွင် သစ်ပင်စုစုနှင့် ရေကန်ရှိသည်၊ ရေခပ်လာဂယာ သူလေး၏ ဆာရီကိုလေသပ်လျှင် လွင့်လွင့်နှင့် ပန်းချီကားလို လှနေတတ်သည်၊ ခပ်ဝိုင်းဝိုင်း လည်ရှည် ရေအိုးလေးသည် လှုပ်လီလှုပ်လဲ့ဖြင့် ရေအိုးရှင် သခင်မလေး၏ အလိုကျ ယိမ်းလိုက် နွဲ့လိုက်ဖြင့် ကာရံ ကိုက်နေတတ်သည်၊
ဂယာသူတေး သီသည်၊ ချွဲချွဲနွဲ့နွဲ့ဖြစ်သည်၊ ဘယ်သဘောကို ညွှန်းဆိုသည် မသိရသော်လည်း နားထောင်၍ကား ကောင်းသည်၊ ဘောလိဝုဒ် မြင်ကွင်း တစ်ခုဟုပင်ဆိုနိုင်သည်၊ သူတို့သည် တစ်နေကုန် အိမ်ထဲတွင်သာ အနေ များကြသည်၊ လမ်းသလားသည်ကို မတွေ့ရတတ်ပါ၊ ခြေဆုံး ခေါင်းဆုံး ဖုံးအုပ် ၀တ်ဆင်ထားသောကြောင့် အသား အရေ မည်သို့ရှိမည် မသိရသော်လည်း ရံခါတွေ့ရတတ်သော ဂယာသူတို့မျက်ဝန်းသည် ကြည်လဲ့ စိမ်းစို မျက်ဝန်း ညိုကြီးတို့ဖြစ်၏၊ သူတို့သည် တစ်ဘက်လူကို ပြန်၍ကား ကြည်ခဲသည်၊ ငုံ့ရှောင်သွားတတ် သည်၊ ပြုံးမလို ထိတ်သလို မလုံမလဲဖြစ်သလို ရှိနေခြင်းက မာယာတစ်မျိုးဟု တင်စားလျှင် ဖြစ်နိုင်သည်၊ ရေအိုး မှလျှံကျလာသော ရေတို့တစ်ချို့၊ ချွေးတို့တစ်ချို့သည် သူတို့အလှကို ပျက်ပြယ်အောင် မစွမ်းဆောင်နိုင်ပါ၊
 တစ်ဘက်ဆည်ကန်လေးများ အောက်ဘက်တွင် စိမ်းစိမ်းစိုစို လယ်ကွင်းတို့မှာ အညာအလှ အ ဆန်ဆုံးဖြစ်သည်၊ ငုတွေ အခိုင်လိုက်ပွင့်သည်၊ ပင်လုံးဝါထိန် ရွှေရည်လိမ်းသည့်နှယ်ရှိသည်၊ ထန်းပင် စုစု အောင်ခြေတွင် ထန်းရည်တဲလေးများပင် တွေ့ရသည်၊ မြူအိုးကောက်သူ ကုလားလေးတို့ သီချင်း ဆိုကြ သည်၊ မပြောလဲသိနိုင်သည်၊ သူဆိုနေသည့် တေးသည် တောဘွဲ့လေးဖြစ်မည်၊ ဘ၀တေးဖြစ်မည်၊ သဘာဝ တေးတစ်ပုဒ်ဖြစ်မည်၊ ဆွဲဆွဲငင်ငင် သီကျူးလိုက်သော အသံသည် ထန်းပင်အထက်ဆီက နွေတေးရှင် ငှက်ဥသြနှင့် ရှေ့သွားနောက်လိုက်ညီလှသည်၊ လောကဓံလှိုင်းများကို အံတုစိန်ခေါ်လိုက်သော တေးမျိုးလဲ ဖြစ်နိုင်သည်၊
ဂယာဒေသသည် တစ်ခါတုန်းကတော့ ယောဂီကြီးများ တရားကျင့်သုံးရာ နေရာတို့ အစီအရီ ရှိနေ မည့်နေ ရာဖြစ်သည်၊ သစ်တစ်ပင်အောက် ၀ါးတစ်ပင်ရင်းတွင် ကသိုဏ်းစီးဖြန်းနေသော သူတော်စင်ယောဂီ ကြီး တို့သည် ငြိမ်းချမ်းခြင်းကို ရှာဖွေနေကြပေမည်၊ ဆံကျစ်ကြီးများ တပွေ့တစ်ပိုက်ဖြင့် သူတို့နေကြသည်၊ မုတ်ဆိတ်မွေးများ ရှုပ်ရှက်ခတ်နေမည့် သူတို့အသွင်အပြင်သည် ရှုမြင်ရသူတို့ကို စိတ်မသက်မသာ ဖြစ်စေနိုင်သည်၊
 တစ်ခါသော် သူတို့ဆီသို့ ကပိလ၀တ္ထုနေပြည်တော်က မင်းသားတစ်ပါးရောက်လာသည်၊ အစတွင် သူတို့ဆီတပည့်ခံ၍နည်းယူသည်၊ ပြီးတော့ သူတို့နှင့်အတူတူ ကျင့်ကြံအားထုတ်သည်၊ နောက်တော့ သူတို့ ထက် သာလွန်မွန်မြတ်သွားသည်၊ သူတို့အားလုံးသည် ဂုရူနံ ဂုရုဖြစ်သည့် ကပိလ၀တ္ထု ပြည်သား ဂေါတမနွယ် ဖွား သိဒ္ဓတ္ထမင်းသားကို ဆရာပြုပြီး ဇဋိလ- ဆံရှည်ယောဂီကြီများ အဖြစ်မှဆံမုတ်ဆိတ်ပယ်ရှင်း ဖန်ဝါဆင် မြန်း ပြီး ဘိက္ခု-ကိလေသာတို့ကို ခေါင်းပါးအောင်ပြုတတ်သော ငြိမ်းချမ်းရေးခေါင်းဆောင်များဖြစ်ခဲ့ကြသည်၊ ဂယာဒေသသည် အရောင် အသွေးစုံစုံဖြင့် စိုပြေ လန်းဆမ်း အမြဲတမ်း လှနေတတ်သည်၊

No comments:

Post a Comment