ဂယာရွာလေးသည် အထင်ကရဖြစ်သည်၊ ဗုဒ္ဓဘာသာဝင်များ အတွက် အထွတ်အမြတ် အဖြစ်ထားရှိပြီး ယုံကြည်သော နေရာဖြစ်သည်၊ ဟိန္ဒူဘာသာဝင်များ အတွက်လဲ ထူးခြားသည်၊ ရှေးကတည်းကပင် ဟိန္ဒူ ဘာသာဝင်များသည် ဂယာသို့လာကြသည်၊ အပြစ်တို့ကို ဂယာရှိချောင်း မြောင်းများတွင် ဆေးကြောသုတ် သင်ကြသည်၊ မဇ္ဈိမဒေသသည် အမိမြေမှ ထွက်ပေါ်လာသော ဘာသာကြီးနှစ်ခုတို့၏ စည်းလုံးညီညာခြင်း ကို ဂယာရွာလေးတွင် တွေ့နိုင်သည်၊ ဂယာရွာလေးသည် သဗ္ဗညုတဉာဏ်တော် ရရှိတော်မူသော နေရာမြတ်ဖြစ်၏၊ အလောင်းတော် သိဒ္ဓတ်မင်းသားသည် ဂယာရွာလေးမှာပင် ဘ၀ပေါင်းများစွာ တွယ်တာခြင်း၏ အပြစ်၊ မသိခြင်း၏ မကောင်းကျိုး တို့ကို ပြတ်ပြတ်ထင်ထင် သိမြင်ပြီး ဂယာဒေသရှိ ဂုရုများတို့ထက် မြတ်သော ဂုရူနံ ဂုရု ဖြစ်တော်မူခဲ့သည်၊
ဂယာရွာလေးသည် ဗုဒ္ဓမရောက်ရှိမီကာလက ဟိန္ဒူဘာသာဝင် ယောဂီဂုရုများ၏ နေရာဖြစ်သည်၊ ကဿပညီနောင်တို့သည် ဂယာရွာလေးကိုမှီခိုပြီး ငြိမ်းချမ်းခြင်းကို ရှာဖွေနေကြသည်၊ တပည့်ပေါင်း များစွာ ရှိကြသည်၊ ယောဂီ တစ်ထောင်ကို ညီနောင် သုံးဦးခေါင်းဆောင်လျှက် ကြီးမားသော လူ့အဖွဲ့ အစည်းကြီးဖြင့် နေထိုင်နေကြသည်၊ ဂယာရွာသူရွာသားများသည် တခြားတွင် ဆရာရှာစရာမလို အနီးအပါးက ကဿပ ညီနောင်တို့အား အကြီးအမှူး အလေး အမြတ်ပြုလျှက် ဘ၀ကို ကုန်လွန်စေခဲ့ကြသည်၊ ရွာထဲသို့ ရောက် လာ ကြသော ကဿပ ညီနောင်တို့အား လေးလေးစားစား ခရီးဦး ကြိုဆိုကြသည်၊ နေရာထိုင်ခင်းပေးကြသည်၊ လှူ ဖွယ်ဝတ္ထုကမ်းလှမ်းကြသည်၊ အပြန်အားဖြင့် ဂုရုကြီးတို့၏ ရွတ်ဆို ဆုပေးလိုက်သော အသံသည် ဂယာရွာသူရွာ သားများအတွက် အတိုင်းမသိ ကြီးမြတ်သော ကောင်းချီး မင်္ဂလာပင်ဖြစ်တော့သည်၊ ဂယာရွာလေးနှင့် ဂုရုတို့ သည် တစ်ထပ်တည်း တစ်သားတည်း ကျလျှက်ရှိနေလေ၏၊
ဂယာရွာလေးသည် လူနေမှုမမြင့်လှသော်လည်း မွေးမြူရေးကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက် နေ ကြပြီဖြစ်သည်၊ နွားများမွေးမြူကြသည်၊ တနိုင် တပိုင် လယ်ကွက်များဖြင့် ၀မ်းစာရေးကို ရှာဖွေစား သောက်နေ ကြပြီဖြစ်၏၊ မနက်ခင်း အာရုဏ်ဦးသည် ဂယာရွာလေး၏ ကျက်သရေ အပေါင်း ခညောင်း သော ကာလ ဖြစ် သည်၊ အရှေ့တောင်ယွန်းယွန်းဆီရှိ ဂယာသီသတောင်တန်းကြီးကို ကျော်တက်ဖြတ်သန်း လာသော နေ၀န်း သည် ရောင်ခြည်ဖြာလျှက် ဂယာရွာလေးကို သက်ဝင်လှုပ်ရှားစေသည်၊ နတ်ဒေ၀တာတို့ကို ရည်မှန်းရွတ် ဆို လိုက်သော ပူဇော်သံသည် တစ်ရွာလုံးနီးပါး လွှမ်းနေသည်၊
တစ်ခါတရံ အားလိုက်မာန်ပါ အထာကျကျ ရွတ်ဆို လိုက်သော ပူဇာတေးသည် ဂယာသီသ တောင် တန်းများဆီမှ ပဲ့တင်သံကိုပင် ပြန်လည်ကြားယောင်သလို ရှိနေတတ်သည်၊ မနက်ခင်း အာရုဏ် ကျင်းပြီး နောက်တွင် ရွာထဲမှ ဆိတ်ကျောင်းသားများ တပျော်တပါး စားကျက်များဆီသို့ သူ့ထက် ငါဦးပြေးသွားကြည်မှာ ဂယာရွာလေး၏ အတက်ကြွဆုံးသော အရာများတွင် ထိတ်ဆုံးက ဦဆောင် လျှက်ရှိသည်၊ သူတို့သည် ရွာဝန်းကျင်ရှိ ညောင်ပင်များအောက်တွင် ဆိတ်ကျောင်းရင်း ဆော့ကစားလျှက် တစ်နေ ကုန်ကြသည်၊ ညောင်ပင်လေးများသည်ပင် ဆိတ်ကျောင်းညောင်ဟုသိကြပြီ၊ ညောင်စုစုတွင် ဂုရုကြီးများ သည် တစ်ခါ တရံဖြတ်သွာြး ဖတ်လာရှိကြသည်၊ ညောင်ပင်စုစုတွင် အပန်းဖြေ အနားယူကြသည်၊ စုဝေးမိလျှင် ပူဇော်နည်းများ တိုင်ပင်နှီးနှောကြသည်၊ တခါတရံသူတို့၏ ငြင်းခုံသံတို့သည် တောလုံးညံ လျှက်ရှိနေတတ် သည်၊ ကဿပ ညီနောင်တို့လည်း ရံဖန်ရံခါ စုဝေးမိတိုင်း သူတို့ တွေ့ကြုံရသမျှသော တိုးတက်မှုဆုတ်ယုတ်မှုတို့ကို တိုင်ပင် နှီးနှောလေ့ရှိကြသည်၊ ဂယာရွာလေးသည် ယောဂီ သူတော်စင်များ၏ ခြေရာတို့ဖြင့် အထပ်ထပ်လူးလျှက် အေးချမ်းနေသည်၊
အလောင်းတော်သည် ဂယာသို့ရောက်ပြီး ဗောဓိပင်ခြေတွင် ကမ္မဌာန်းရှုဆင်ခြင်သုံးသပ်ကာ အတု မဲ့ဉာဏ်တော်ရှင်ဖြစ်တော်မူခဲ့သည်၊ ထို့နောက် အနီးအပါးရှိ ကဿပညီနောင်တို့ကို ခဏထားပြီး ဗာရာဏသီ မိဂဒါဝုန်တောသို့ကြွမြန်းပြီး ပဉ္စ၀ဂ္ဂီတို့အား ဓမ္မစကြပ၀တ္တနသုတ်တော်နှင့် အနတ္တလက္ခဏ သုတ်တော်တို့ကိုဟောမြွက်သည်၊ ဂယာသို့ပြန်ကြွတော်မူလာသည်၊ ကဿပညီနောင်တို့အား တရား မြွက်ကြားတော်မူသည်၊ တရားဆုံးလျှင် ‘ အရှင်သာလျှင် အကြီးအမြတ်ဆုံးပါ ’ ဟုထုတ်ဖော်ဝန်ခံပြီး ကဿပညီနောင်တို့သည် ဗုဒ္ဓဘုရားရှင်း၏ တပည့်သား သာဝက ဘိက္ခု အဖြစ်ခံယူတော်မူခဲ့ကြသည်၊ ဘုရားရှင်သည် ရဟန်းတော် တစ်ထောင်တို့ကို ခေါ်ဆောင် တော်မူလျှက် ရာဇင်္ဂြဟ်သို့ ကြွတော်မူသည်၊ ဂယာရွာလေးသည် ယခင်က ယောဂီရသေ့ကြီးများ၏ ကျောင်း အိုလေးများနှင့် သူတို့အသုံး အဆောင်များတို့ သည်သာ ကြွင်းကျန်လျှက် အထီးကျန်ဆန်နေတော့၏၊ ဆိတ် ကျောင်းသားတို့၏ တေးသံကား မြိုင်ဆိုင်နေသေးသည်၊
ဘုရားရှင်သည် ဂယာရွာလေးသို့ ပြန်ကြွသည် မရှိတော့ပါ၊ လူသားတို့ပူဇော်ရန် ဗောဓိပင်မြတ်ကို ကားထားတော်မူခဲ့သည်၊ အခွင့်အခါသင့်လျှင် ဂယာရွာလေးရှိ ဗောဓိပင်ကို ချစ်သား ချစ်သမီးတို့ သွားရောက် ဖူးသင့်သည့် အရာများတွင် တစ်ပါး အပါအ၀င်ဖြစ်ကြောင်း ဟောပြတော်မူလေ့ရှိသည်၊ ဂယာသို့ ကမ္ဘာအရပ်ရပ်က လာကြသည်၊ ဗောဓိညောင်ရိပ်တွင် တရားဖြင့် အပန်းဖြေကြသည်၊ လွမ်းမောဖွယ် ကောင်းလှသည်၊ လွမ်းမောခြင်းတွင် အငြိမ်းဓာတ်တို့ ခိုဝင်နေတတ်ပြန်သည်၊
No comments:
Post a Comment