Pages

Sunday, May 29, 2011

အဆာ

အညာနွေသည် ပူလွန်းလှသည်၊ ရွက်ခြောက်တို့သည် တဖြောတဖြော အသံပေးပြီး ရှပ်တိုက်ပြေးနေသည်၊ အပူလှိုင်းတို့သည် အညှာတာမဲ့ဖြတ်သန်းနေသည်၊ ခယောင်း ပတ်ကြားတို့ဆီက တဖျစ်တဖျစ်သည် အဝေးက ကြားလောက်သည်၊ မိုးသည် အရိပ်အယောင်မျှ မမြင်ရသေးပေ၊ နေ၀င်နေထွက် ယာခင်းဝင်ရသော အဖြစ်သည် ရာသီပူ စိတ်ပူဖြင့် လူးလှိမ့်ခံနေရသည်၊

မွန်းလွဲလုပြီ အိမ်သူကား ထမင်းလာ မပို့သေးပါ၊ ရင်တွင်း ပူဆာသည် မနေသာတော့၊ မျှော်ရပြီ၊ လာပါပြီ၊ အိမ်သူ ထမင်းထုတ်လေးကို ခေါင်းတင်ပြီး၊

‘ တော့် ဆာနေပြီလား’

‘ မင်းနောက်ကျလှချည်းလား’

‘ကောက်ညှင်းက မနပ်နိုင်လို့ တော့်’

‘အေးပါကွာ၊ ကဲ ဘယ်မလဲ ထမင်းက’

အိမ်သူသည် ပြောပြောဆိုဆို ထုပ်လာသော အင်ဖက်ကို အသာဖြန့်ချပြီး အိမ်သားရှေ့သို့ ချပေးလိုက်သည်၊

‘မင်းကွာ ကြည့်စမ်း ကောက်ညှင်းပေါင်းက နဲလှချည်းလား၊ ဒီလောက်ပူပြီး ပင်ပန်းနေတာ
မစားဘူးကွာ၊ ကဲ ပြန်ချက်ချေ’

ဆိုပြီး ကောက်ညှင်းပေါင်းကို တအား လွှင့်ပစ်လိုက်လေသည်၊ ကောက်ညှင်းပေါင်းသည် တည်ပင်တွင် ကပ်နေလေသည်၊

အိမ်သူသည် လင်သားအား မပြောသာချေ၊ အသာယာပင် ထပြန်ပြီး ထမင်းပြန်ချက်ဖို့ ရွာသို့ဝင်လေသည်၊ နဂိုက ဆာရသည့် အထဲ နောက်ထပ် ထပ်ပြီး စောင့်ရသော အဖြစ်ကို မခံသာလွန်းသဖြင့် တည်ပင်ကပ်နေသော ကောက်ညှင်းပေါင်းကို ခွာစားရပြီ၊ သို့သော် အားကောင်း မောင်းသန် ယာထွန် အိမ်သားကြီးသည် ကုန်အောင်ပင် မစားနိုင်ပါ၊

စိတ်အဆာသည် ဆန်းကြယ်သည်၊ အဆာလွန်၍လား မပြောတတ်၊ သို့တည်းမဟုတ် စိတ် အဆာသည် ၀မ်း အဆာထက် ပိုလေသလား မသိ ယာခင်းထွန် သမားကြီး တွေးနေလေသည်၊

No comments:

Post a Comment