Pages

Sunday, May 15, 2011

ကြည်နူးခြင်း ညနေ



ရှေးခေတ် အခါကတည်းက ပါဠိစာပေတွင် စံတင်လောက်သောပုဂ္ဂိုလ်များလာရောက်ပြီးမတ်ဗုဒ္ဓ ပိဋကတ်များကို လေ့လာရသော နေရာမြတ် သီရိလင်္ကာနိုင်ငံသို့ ရောက်ခဲ့ရသည်၊ ဘုရားကြည်ညို သူများပေါ များသဖြင့် ကြည်နူးရသည်၊ ရိုးရာဓလေ့ကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းထားသော ကြောင့် လေးစားမိသည်၊ နိုင်ငံ့ ရတနာသားကောင်း သားမြတ်များ ဖြစ်သော မထေရ်မြတ်တို့ကို အထင်ကရ  လမ်းမကြီးများပေါ်တွင် ရုပ်တုများထားရှိပြီး ဂုဏ်ပြုထားသည်မှာ မြတ်နိုးဖွယ်ကောင်းလှသည်၊ အုန်းပင်စိမ်းစိမ်းတို့ နှင့်သီးစုံပေါသည့် မြေ၊ချိုမြိန်သော အရသာနှင့် သာယာသော အငွေ့အသက်တို့ လွင့်ပျံ့ ခုန်မြူးနေသလို ထင်မိသည်၊
          ရဟန်းတော်များ သီတင်းသုံးရာ ကျောင်း ၀ိဟာများသည် သားသတ္တ၀ါများ အတွက် ဘေးမဲ့ပေးထား သော ဥယျာဉ်များပမာ၊ ဗောဓိပင်များတွင် တောမျောက်များ လာရောက်ကြသည်ကိုတွေ့ရသည်၊ တခါတရံ လူနှင့် လက်တကမ်းသို့လာရောက်ပြီး အစာ တောင်းတတ်သည်၊ အေးအေး ဆေးဆေးစားသောက်ပြီး လိုရာ ခရီးသို့ ဆက်လက်ထွက်ခွါသွားသည်မှာ အသိတစ်ယောက် လမ်းကြုံလို့ဝင်ရောက်ပြီး အကူအညီ တောင်းနေ သလိုမျိုးထင်မိသည်၊ တောမျောက်များ ဖွတ်သတ္တ၀ါကြီးများသည် လူကိုတွေ့လျှင် အလန့်တကြား မဖြစ်သလို လူကလဲ ကြမ်းကြမ်း တမ်းတမ်း မောင်းထုတ်လေ့ မရှိကြပါ၊
          ကျေးငှက်များ တေးသီနေသည်ကို အမြဲတွေ့ရသည်၊ လိပ်များ တရွေ့တရွေ့ညင်သာ သွားလာလှုပ်ရှား နေသည် တို့ကိုလဲ တွေ့ရသည်၊ လက်တကမ်းသို့တိုင် လာရောက်ပြီး အစာလုနေသော ကျေးငှက်များကို မြင် ရသည်မှာ လူနဲ့သူတို့အကြား ငြိမ်းချမ်းရေး တစ်ခုကို ထူထောင်ထားသလို ထင်မိသည်၊ ကျောင်းတလင်းတွင် ပြန့်ပြန့် ခင်း ထားသော သဲနုနုတို့သည် မနင်းရက်အောင် ရှိလှသည်၊ ဗောဓိပင်ခြေ အုတ် ပလ္လင်ပေါ်တွင် စံနေ တော်မူသော ရုပ်ပွားတော်အား ကပ်လှူပူဇော်ထားသော ပန်းတို့သည် လေအဝှေ့ တွင် သင်းသင်းပျံ့ပျံ့နှင့် ပတ်ဝန်းကျင်ကို ထုံသင်း ကြည်အေး မွှေးနေစေတော့သည်၊ ဘုရားရှင် ရုပ်ပွားတော် စံတော်မူရာ ဂန္ဓကုဋိတိုက် ဘေး ပတ်ပတ်လည် တွင်လည်း စိုက်ပျိုးထား သောပန်းပင်တို့က ပဏာတင့်လျှက် လင်္ကာသူ လင်္ကာသားများ၏ ကြည်ညို ပူဇော်ဟန်ကို အားတက် နှစ်သက်မိပြန်သည်၊
          အမေ အမေ ဆိုပြီး နောက်ကနေလိုက်လာသောသားငယ်၊ သမီးငယ်များ၏ ခေါ်လိုက် သောအသံသည် ရှိရှိသမျှ ပတ်ဝန်းကျင်ကို အစွမ်းကုန်လှစေသည် ထင်မိသည်၊ သူတို့သည် သူတို့ အမေကို အမ္မ ဟုပါဠိလို ခေါ် ကြသည်၊ နားထဲဝယ် အမေဟု မြန်မာသံ ပီပီသသဖြင့် ကြားရတတ်သည်၊ မြန်မာသံဖြင့် အမေလို့ ခေါ် လျှင်လဲ အမေက တော့ ထူးမည်ပင်ဖြစ်မည်၊ မေးကြည့်ဖူးပါသည်၊ ဟုတ်တယ်၊ သူတို့က အမေလို့ ခေါ်တာ ပါတဲ့၊
          ဘုရားဖူးလာတော့ နောက်က သားငယ်သမီးငယ်တွေက အမေနဲ့ အတူလာကြသည်၊ အမေက ဘုရား ရှိခိုးတော့သူတို့လဲ ရှိခိုးကြသည်၊ အမေ အမေနှင့်ခေါ်လိုက်သော အသံသည် မွှေးသင်းနေသော နံ့သာ၊ ဖြူလွလွသဲခင်း၊ ကျေးငှက်တို့၏ သီကျူးသံ၊စိမ့်အေးမြိုင်ဆိုင်နေသော ဗောဓိညောင်ရိပ်တို့ ထက်သာလွန် နေသ ယောင် ထင်မိသည်၊ ထိုသို့ကြည်နူးမိတိုင်း ကလေးဘ၀သို့ ခဏပြန်ရောက် သွားတတ်ပြန်သည်၊
          ကျောင်းထိုင် ဆရာတော်သည် ဘုရားဖူးရောက်လာသော သူတော်စင်တို့အား ဗောဓိပင်ကို မျက်နှာ မူ စေလျှက် ဗောဓိပူဇာ ဂါထာများကို သာယာညင်ပြောင်း ရွတ်ဆိုပူဇော်သည်၊ ရုပ်ပွားတော်ရှေ့ဆီက ဆီမီးရောင် တလက်လက်သည် စိတ်အစဉ်ကို ထက်မြက်စေသည် ထင်ရသည်၊ တည်ကြည် ငြိမ်းချမ်းနေသော သူတို့အသွင် အပြင် အမူ အယာသည် အေးဆေးလှသည်၊
          မနက်ခင်းလဲ မနက်ခင်းမို့ ကြည်နူးရသည်၊ နေ့လည်ခင်းပင် ဖြစ်နေစေကာမူ ဗောဓိပင်ခြေတွင် လာ ရောက်ပူဇော်ကြသော သူတော်စင်တို့သည် ငြိမ်းချင်းဘိသည်၊ ညဥ့်ဦးယံသည် အပူခပ်သိမ်း ချုပ်သိမ်း သွား သလို အေးချမ်းသော ပတ်ဝန်းကျင်နှင့် သူတော်စင်များ၏ အမူအယာများသည် အပြစ်ကင်း စင်ပြီး တည်ငြိမ် အေး ချမ်းခြင်းက ရှုမြင်ရသော သူတို့အား ရင်ကို ပီတိလွှမ်းစေ တော့သည်၊ အလိုအလျောက် ရင်တွင်း စိမ့်စိမ့် သာဓု ခေါ်မိသည်၊ ငြိမ်းချမ်းခြင်း ညနေချမ်းကို ကောင်းကင်ပြင်က လရောင် ဆမ်းတော့ လျှမ်းလျှမ်း တင့်တော့၏။

No comments:

Post a Comment