Pages

Thursday, January 27, 2011

ကျနော့် အဖေသိတဲ့လူကြီး


မဟတ္တမ ဂန္ဓီကို အားလုံးနီးပါးသိကြတယ်။ ရုပ်ရည်အားဖြင့်ထူးခြားတယ်။ စွမ်းရည်အားဖြင့်အားလုံးက အသိ အမှတ်ပြုကြရတယ်။ ငြိမ်းချမ်းရေး ဖခင်လဲ ဖြစ်တယ်။ သူ့လမ်းစဉ်ကို အိန္ဒိယသားများကသာမက အရှေ့ ၊
အနောက်ကမ္ဘာနှစ်ခုလုံးက အသိအမှတ်ပြုရတယ်။ အကြမ်းမဖက် လမ်းစဉ်နဲ့ ငြိမ်းချမ်းရေး ချီတက်ရာတွင် စံ တင်ထားရသူလဲ ဖြစ်ပြန်တယ်။ သူတော်စင်ကြီးလဲ ဖြစ်ပြန်တယ်။ နိုင်ငံနဲ့ လူမျိုးကိုသူမတူ အောင်ချစ်မြတ် နိုးတယ်။ အာရှတစ်တိုက်လုံးနီးပါး ခရီးသွားတယ်။ အနောက်ကမ္ဘာတိုင်အောင်လဲ ခရီးဆန့်တယ်။ ရောက်ရာ အ ရပ်မှာ ငြိမ်းချမ်းရေး စကားဆိုတယ်။ မြန်မာပြည်ကို ရောက်ဖူးတယ်။ မြန်မာဆိုတာကို သူကောင်း ကောင်း သိ တယ်။ လွပ်လပ်ရေး ကြိုးပမ်းမှုတွေမှာ အိန္ဒိယနဲ့ မြန်မာ အတူတူ ရှိခဲ့ကြ တယ်။ သူက မြန်မာကို အိန္ဒိယ သားကြီး မြတ်ဗုဒ္ဓရဲ့ငြိမ်းချမ်းရေးလမ်းစဉ် လိုက်နာကျင့်သုံးသူတွေအဖြစ် အလေးအနက် လက်ခံတယ်။ မြတ်ဗုဒ္ဓကို သူတော်စင်ကြီး ဂန္ဓီကိုယ်တိုင် ဦးညွတ်လေးစားတယ်။ အားလုံးရင်ထဲ သူရှိနေတယ်။ ဂန္ဓီပေါ့။
ကျနော့် အဖေရင်ထဲလဲသူဂန္ဓီရှိနေခဲ့တယ်။ဘယ်အချိန်ကတည်းကရှိနေခဲ့မှန်းတော့ ကောင်းကောင်းမသိပါ။ ကျနော်သိတဲ့ အချိန်ကတော့ ကျနော့် အသက် ဆယ်နှစ် ကျော်ကျော်မှာပါ။ သိခဲ့ရတာက ဒီလိုပါ။
ရွာနဲ့တောနဲ့က ဝေးတယ်။ နေမပူခင် တောကိုရောက်အောင်သွားရတာမို့ မနက်အစောထကြရတယ်။ အမေ မနက်စောစော ထချက်ပြီး ပေးလိုက်တဲ့ ထမင်းထုပ်ကိုယူပြီး လေးမိုင်ကျော် ငါးမိုင်းနီးပါးရှိတဲ့ တောကို သွား ရ တယ်။ တောနဲ့ ရွာ အကြားမှာ မန်ကျီးပင်တန်းကြီးရှိတယ်။ ရေကန်ကြီးနဲ့ ရွာကိုကန့်ထား တဲ့တာရိုးကြီး ပေါ် မှာ စိုက်ထားတဲ့ မန်ကျီးပင်တန်းကြီးပေါ့။ အောက်ဘက်မှာတော့ မိုးကုတ်မြို့သွားတဲ့ ကားလမ်းရှိပါတယ်။ အဲတုန်းက လျှပ်စစ်မီးတိုင်းတွေ မရှိသေးပါဘူး။ အဲဒီ ကားလမ်းကနေပြီး တောကို သွားလေ့ရှိပါတယ်။ မနက်အစော ကြီးဆိုတော့ မန်းကျီးပင်တန်းထဲကသွားရင် လမ်းကောင်းကောင်း မမြင်ရဘူး။ နေ့ဘက်ဆိုရင်တော့ အရိပ်ရလို့ သွားကြပါတယ်။ ရွာထဲကနေ မနက်ခပ်စောစော အဖေနဲ့ ထွက်လာခဲ့ကြတယ်။ တစ်ချို့လဲ ကျနော် တို့လို မနက် အစောထပြီးသွားကြတဲ့ သူတွေရှိပါတယ်။ အသံကြားရုံနဲ့ဘယ်သူတွေဆိုတာလဲ ကြာတော့သိ လာတာပေါ့။ လှည်းနဲ့သွားကြသူတွေလဲ ရှိပါတယ်။ နှုတ်ဆက်ကြတယ်။ ရောင်နီသန်းလာတဲ့ အရှေ့ရပ်ကို ကြည့်ပြီး သွားရတဲ့ ခရီးလေးကို အမှတ်ရနေမိတယ်။ ပိုပြီးသတိရနေမိတာက။ ဖိနပ်တစ်ဖက်ပါ။
တစ်နေရာရောက်တော့ အဖေက ဖိနပ်တစ်ဖက်ကို ကောက်ယူပြီး “ ငါ့သား ဒီနားတစ်ဝိုက်ဖိနပ်တစ်ဖက် လိုက်ရှာစမ်းလို့”ပြောပါတယ်။ အဖေပြတဲ့ ဖိနပ်ကလဲ တော်တော်ကောင်းပါတယ်။ အဲတုန်းက ဆင်ကြယ် ဖိနပ်ဆိုတာ  အကြမ်းရော အနုရော စီးလို့ရတယ်။ ခုံသား တော်တော်ကောင်းတယ်။ ကြိုးလဲပြီး စီးရင် အကြာကြီး စီးလို့ရတယ်။ မုန်းလောက်အောင်ကို ဆင်ကြယ် ဖိနပ်က ကောင်းပါတယ်။ ဒါကြောင့်မို့ထင်ပါတယ်။ သူလဲလိုက်ပြီး ရှာနေတယ်။ တွေ့တော့ မတွေ့မိပါဘူး။ အဖေက သူများတွေများ တွေ့သွား  ပလား လို့ တွေး မိပုံရတယ်။ 
“ငါ့သား တို့လဲ တစ်ရံ မရမယ့်အတူတူ နောက်ကောက်ရတဲ့ လူတစ်ရံဖြစ်အောင် အဲဒီ တစ်ဖက် ထားခဲ့ပါကွာ”တဲ့။ ကျနော်က နှမျောနေတာပါ။
“ အဖေ ဘာလို့ထားခဲ့ရမှာလဲလို့မေးတော့”၊
‘ ငါ့ သားရေ နဂိုတုန်းက လူကြီးတစ်ယောက်ရှိတယ်။ အဲလူကြီး ခရီးသွားတော့ ရထားနဲ့သွားရတယ်။ အဲလို သွားတုန်း ရထားပေါ်ကနေ သူ့ ဖိနပ်တစ်ဖက်ပြုတ်ကျသွားတယ်ကွ၊ ရထားကလဲ အရှိန်ရနေတာ့ ပြန်ကောက် ဖို့ အချိန်မရှိဖြစ်နေမှာပေါ့၊ အဲမှာတင် ဖိနပ်ပြုတ်ကျသွားတဲ့ လူကြီးက နောက်တစ်ဖက်ကိုပါ ပစ်ချခဲ့တယ်။ အဲဒါကို ဘေးကမြင်တဲ့ အသိခရီးသွားကမေးမှာပေါ့၊ ဘာလို့ချခဲ့ရတာလဲပေါ့၊ အဲကျမှ လူကြီး က ပြောတယ်။ ကောက်ရတဲ့သူ နှစ်ဖက်လုံးရပြီး တစ်ရံဖြစ်သွားအောင်လို့ပါတဲ့ကွ၊ အဲလိုပေါ့ တို့လဲ တစ်ရံ မရမယ့် အတူတူ နောက်လူ တစ်ရံရအောင် ထားခဲ့တာပါ၊ တို့ကမှောင်နေလို့ ကောင်းကောင်း မမြင်တာပါ။ မနက်လင်းလို့ ရှိရင် နောက် လူကောင်းကောင်းရှာနိုင်တာပေါ့ကွာ”။
အဲတုန်းက ဂန္ဓီလို့ ကျနော်မသိခဲ့ပါဘူး။ နောက်တော့မှ စာဖတ် လို့ သူ့အကြောင်းသိရတယ်။ အဲဒီ အကြောင်း ကိုလူပြောလဲများပါတယ်။ ဖိနပ်တစ်ဖက်နဲ့ဂန္ဓီပေါ့၊သူ့ကိုလူတိုင်းသိပါတယ်။ ကျနော့် အဖေလဲ သူ့ကို သိတယ်။ ဂန္ဓီကိုပေါ့။

No comments:

Post a Comment