Pages

Sunday, January 23, 2011

မနေ့က ရတနာပုံ


 ၁
အင် ကြင်း ကြာ အုံ ရတနာပုံ အမှတ်အသားနဲ့အညီ မန်းမြို့တော်ကြီးကို မင်းတုန်းမင်းတရားကြီးသည် ၁၂၂၁ ခုနှစ်တွင် တည်ထောင် ဖန်တီးတော်မူခဲ့၏။ အခုလို ၁၃၇၂ ခုဆိုလျှင် နှစ်ပေါင်း တစ်ရာ့ငါးဆယ်ကျော်ခဲ့ပါပြီ။ ရှေးတုန်းကလဲ လှခဲ့သည်။ ယခုလဲ လှနေဆဲပင်ဖြစ်၏။ နောင်နှစ်ပေါင်း ထောင်ချီပြီးလဲ လှနေဦးမည်ဖြစ်သည်။ ပြီးတော့ မြန်မာ့ဘုရင်စနစ် နိဂုမ်းချုပ်သိမ်းခဲ့ရာ နောက်ဆုံး မင်းနေပြည်မှာလဲ ဤမန်းမြို့ကြီးပင်ဖြစ်ပါသည်။ ဗုဒ္ဓသာသနာတော်နှင့် ပတ်သက်ပြီး၍ကား ထေရ၀ါဒ သမိုင်းတွင် တခမ်းတနားမှတ်တမ်းတင်ခြင်းခံရသော မြေမြတ်မဟာလဲ ဖြစ်ပါသည်။ မြန်မာပြည်အရပ်ရပ်က လူ၊ ရှင်၊ရဟန်းတို့လာရောက်ပြီး ပညာဆည်းပူရာ ဌာနကြီးလဲ ဖြစ်ပြန်သည်။


ပုဂံပြည်ကြီးလဲ သာယာခဲ့ပေမည်။ ပင်းယပြည်ကြီးလဲ ခန့်ငြားထည်ဝါခဲ့ပေမည်။ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း တို့ သာယာစည်ပင် ပြန့်ပွားခဲ့ကြောင်း တို့ကို ကြားဖူး၊ နာဖူး၊ စာတွင်တွေ့ဖူးပါသည်။ အလှမ်းဝေးလွန်း၍ မှန်းတွေးလေးဖြင့်သာရင်ခုန်ခဲ့ရဖူးပါသည်။ ရတနာပုဉ္ဇမင်း နေပြည်တော်ကြီးကိုလဲ မင်းညီမင်းသာ အစုံအလင်းဖြင့် မျက်ဝါးထင်ထင် မတွေ့မြင်ဖူးပြန်ပါ။ 

သို့သော် ခံစားလိုက်သောအခါ မန်းနေပြည်တော်၏ အရိပ်၊ အတိတ်တို့သည်မဝေးလှသေးပါ။ မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော်ပဉ္စမသံဂါယနာတင်ရာ ကျောက်စာ တော်ထက်က အက္ခရာတို့ပီပြင်ကြည်လင် နေပါသေးသည်။ ကျုံးရေပြင်စိမ်းလဲ့ကြည်လင် အေးမြနေဆဲပင် ရှိပါသေးသည်။ နန်းအဆောင်ဆောင်တို့က မဝေးလှသေးသော အတိတ်ကို ပြောပြနေပါသေးသည်။ ရတနာပုံ၏ အရှင် မင်းတရားကြီး၏ ကောင်းမှုတော် စေတီအဆူဆူတို့ ရွှေရောင်ယှက်သန်းအံ့မခန်း သက်ဝင်လှုပ်ရှားနေဆဲပင် ရှိပါသေးသည်။ နန်းဦးထက်တွင် တည်ထား ကိုးကွယ်ခဲ့သော ထေရာ စံကျောင်းတို့ တပြောင်ပြောင် တ၀င်းတ၀င်းဖြင့် အဆင်းလဲ မညှိုးသေးပါ။ သင်အံ၊ ကျင့်ကြံ၊ စာကျမ်းဂန်တို့ဖြင့်လဲ အချင်း သင်းပြန့်ဆဲပေ။ အတွင်း၊ အပြင်၊ အဆင်း၊ အချင်း တို့သည် မန်းမြို့တော်ကြီး၏ နန်းရိပ်ကို ဖော်ကျူးလစ်ဟနေပါသည်။ 

အသွင်အပြင်တို့ တိုးတက်ခဲ့သည် မှန်သော်လဲ မန်း၏ တိုးတက်မှုသည် တည်ငြိမ်ပါသည်။ မန်းတောင်တော်ကြီးသည် စေတီတော်အဆူဆူတို့ဖြင့် အလှဆင်းကာ ရတနာပုဉ္ဖ မြို့တော် ကြီးကို ထွေးပွေ့ထားဆဲပင်ရှိပါသည်။ တိုးတက်နေသော မြို့သစ် အထွေထွေတို့လဲမန်းတောင်တော်ကို မော် ကြည့် နေဆဲပင်ဖြစ်ပါသည်။ မြို့လည်ခေါင်က တိုက်မြင့်မြင့်တို့ကလဲ မန်းတောင်တော်ကို တု၍မမီသေးပါ။ ကုသိုလ်တော်စေတီတော်အတွင်းက ပိဋကတ်တော်မြတ်တို့၏ဓမ္မရနံ့နှင့်ပန်းခရေတို့၏ သင်းပြန့်မွှေးသင်း ခြင်းကို အတုလိုက်ပြီး မွှေးပြန့်သော ရနံ့တို့လဲ မရှိသေးပါ။

 ၂

မန်းမြို့ကြီးသည် သမိုင်းကြီးသော မြို့ကြီးဖြစ်။ မန်းမြို့တွင် အတိတ်ရှိသည်။ ခန့်ငြား တည်ငြိမ်၏။
ကျုပ်မှာလဲ အတိတ် ရှိပါသည်။ မနေ့ကများစွာကိုပိုင်ဆိုင်သည်။ ဆိုပါ မနေ့ကများစွာသည် မခမ်းနားပါ။
သို့သော် မဝေးသေးသော အတိတ်က မန်းမြို့တွင်သာ ထိုမနေ့က များစွာကိုသိုဝှက်ထားခဲ့သည်ကတော့ သေချာပါသည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်ကျော်က မန်းမြို့တော်ကြီးထဲ ခိုဝင်လာခဲ့သည်။ အနောက်ပြင် ချမ်းသာကြီး မြောက်တိုက်တွင် နေရသည်။ ရောက်စက အခြေအနေလေးကို မှတ်မိနေသည်။ အရှေ့ကျောင်း၊ အနောက် ကျောင်း  ဆိုပြီးနှစ်ကျောင်းရှိသည်။ အနောက်ကျောင်းသည် ဆရာတော်သီတင်းသုံးရာ ဖြစ်သလို စာကျက် စာအံရာ  ကျောင်းဆောင်လဲ ဖြစ်သည်။ အရှေ့ဘက်ကျောင်းတွင်ကား အုတ်တိုက်ကြီး တစ်တိုက်နှင့် ပျဉ်  ထောင် ကျောင်းလေး တစ်ဆောင်ရှိသည်။ ၀င်းထရံ ခါးတစ်ရပ်သာသာလေးကို ကာရံထားသည်။ အရေးတကြီး ကိစ္စပေါ်၍ ဆရာတော်မမြင်ပါလျှင် ထိုဝင်းထရံလေးကို ခုန်ပြီးသွားကြသည်။ ကိုရင်များဖို့မူ ခုန်စရာမလို၊ ထောက်တိုင် မပြည့်တော့၍ ကြိုးတိုးကြဲတဲ အပေါက်ကသာ တိုးဝင် တိုးထွက် လုပ်တတ်ကြသည်။

စာအံကျောင်းပြီး ညအိပ်ချိန်ရောက်ပြီဆိုလျှင် ကျောင်းရှေ့ပေါက်က တံခါးလေးကို ပိတ်ရသည်။ လွယ်လွယ်နှင့် ပိတ်လိုတော့မရပါ၊ တံခါးရွက် ဘယ်ညာနှစ်ဘက်ကို လက်စုံကိုင်ပြီး တွန်းလိုက်ရ၏။ ရင်ချင်းစေ့ ပိတ် မသွား သေးသည့်အတွက် ခြေထောက်ဖြင့် ခပ်ဆောင့်ဆောင့်လေး ကန်လိုက်ရသေးသည်။ ပြီးတော့အုတ်ခဲခုခဲ့ရပြန်၏။ ထိုကျောင်းလေးတွင် ဆယ်နှစ်ကျော်ကျော်နေခဲ့ရသည်။ 

 ၃

ညတိုင်း ကျောင်းဝင်းတံခါး ပိတ်ရသည်။ အုတ်ခဲလေး အမြဲခုပေးရသည်။ အကူလေးနဲ့မှ နဲနဲလုံခြုံသော ဘ၀လေးကို သတိရမိပါသည်။

No comments:

Post a Comment