Pages

Showing posts with label စိတ္တဇ စာ. Show all posts
Showing posts with label စိတ္တဇ စာ. Show all posts

Friday, April 5, 2013

မခရေ



ပွင့်လျင်လည်း နမ်း၊ နွမ်းလျင်လည်းကောက်၊
ခြောက်လျင်လည်းသိမ်း၊ တိမ်းညွတ်တွယ်မက်၊
ဒီတစ်သက်မှာ၊ တစ်ပွင့်သာလေ၊
စွဲလမ်းနေမည်၊ ဝေေ၀ကြွေကြွေ။
မြတ်နိုး၏။

( မောင်စိန်ဝင်း)
 အပိုင်း(၁)

“အရင်က အဲဒီနေရာမှာ မန်ကျည်းပင်တစ်ပင်ရှိတယ် ကိုရင်တို့ရဲ့၊
နောက်တော့ ဘုန်းကြီးရဲ့ ရဟန်း ဒကာက ကျောင်းလေးဆောက်လိုက်တော့ မလွတ်လို့ ခုတ်လိုက်ရ ပါတယ်”

အိပ်မပျော်သော လပြည့်ညမျိုးများတွင် ကပ္ပိယကြီးကို ပုံပြောခိုင်းကြသည်။ ကပ္ပိယကြီးပြောနေစဉ်ကျောင်း
လေးခြေရင်းကိုကြည့်မိသည်။လရောင်သည်ဖွေးနေ၏။ လေတိုက်တိုင်း ယိမ်းနွဲ့နေသော ခရေရွက်တို့သည် တီးတိုးစကားဆိုနေသလိုလို..။

“နောက်တော့ အဲဒီ မန်ကျည်းပင်က ဥစ္စာစောင့်မက ဘုန်းကြီးကို အိမ်မက်ပေးတယ်တဲ့။
မန်ကျည်းပင်ခုတ်လိုက် လို့ သူ့မှာ နေစရာပျောက်နေပါတယ်လို့ပေါ့..”
မှောင်နှင်းမည်းမည်း ကပ္ပိယကြီးစကားကိုနားထောင်ပြီး ကြောထဲ စိမ့်ကနဲ့..။

“ဒါနဲ့ ဘုန်းကြီးက သူ့နေရာ အတွက်ဆိုပြီး ခရေပင်လေးစိုက်ပေးလိုက်တယ်။
နောက်နေ့ကျတော့ ဘုန်းကြီးကို အိမ်မက်ပေးပြန်တယ်။ သူနေစရာရပါပြီတဲ့။
နေစရာလုပ်ပေးတဲ့ ဘုန်းကြီးကိုလည်း ကျေးဇူးတင်ကြောင်းလျောက်ထားကာ ဦးချပြန်သွားပါတယ်တဲ့။
အဲဒါနဲ့ အဲဒီခရေပင်က ဥစ္စာစောင့်မကို မခရေလို့ နာမည်ပေးလိုက်တယ်ပေါ့ ကိုရင်တို့ရာ..”

ကပ္ပိယကြီးသည် စိတ်မရှည်ဟန်ဖြင့် ဇာတ်လမ်းကို အကျဉ်းချုပ်သည်။ ဇရပ်အိုကြီးအပြင်ဘက်တွင် လေတို့ တရွှီးရွှီးတိုက်ခတ်နေသည်။

ကျောင်းထောင့်နားက ခရေပင်ကို ကြည့်မိတော့ လရောင်အဖွေးသားတွင် ယိမ်းကနေသည်။
လေယူရာယိမ်းလိုက်တိုင်း အကိုင်းအခက်များသည် တစ်စုံတစ်ယောက်အလားထင်စရာရှိသည်။
မခရေလေလား တွေးမိသည်။ ကိုရင်များသည် ခြေဆုံးခေါင်းဆုံး လုံအောင်ထွေးပြီးကွေးကြတော့သည်။
…………………………………

ကိုရင်ဘ၀ငယ်စဉ် ရွာဦးကျောင်း ဆရာတော်၏ အကိုကြီးဖြစ်သော ကပ္ပိယကြီးပြောပြသည့် “မခရေ” ဇာတ်လမ်း သည် နှစ်ပေါင်းနှစ်ဆယ်နီးနီးရှိသည့်တိုင်း ရင်တွင်ယိမ်းထိုးလှုပ်ခါဆဲရှိသည်။

ဇာတိရပ်ရွာပြန်ရောက်တိုင်း ညရေးညတာ အရေးကိစ္စရှိ၍ မပြင်ထွက်ရပါလျင် ကျောင်းထောင့် ခရေပင်ကို ရဲရဲမကြည့်ဖူးပါ။ မကြည့်ပဲလည်း မနေနိုင်ပါ။ ကြည့်မိပြန်လျင်လည်း..လရောင်ဖွေးနေမည်။
လေတိုင်းတိုင်း ယိမ်းနွဲ့နေတတ်သည်။ အခက်အလက် အရွက်များ အကြားက ရိုးတိုးရိပ်တိပ်များသည်
တောင်ပြေးမြောက်ချီရှိတတ်သည်။

ထိုမြင်ကွင်းကို မြင်ရသည့် မိမိကိုယ်တိုင်မူ စကားသံ တိုးတိုးကြားမိသလိုလိုရှိတတ်သည်။ 
တိုးတိုးလေး ရွတ်ဆိုမိသည်။
“မခရေ ထင်တယ်..”

ထိုအခါမျိုးတွင် ကျောင်းပေါ်သို့ လှမ်းတက်သော ခြေလှမ်းတို့ သွက်လက်နေတတ်သည်။


 အပိုင်း(၂)


ရွာဦးကျောင်းသည် ရွာသူ ရွာသားများဝိုင်းဝန်းလှူဒါန်းထာသောကြောင့် အများပိုင်ဆိုနိုင်သည်။
ကျောင်းအတွင်း ရှိ ဇရပ်နှင့် ဆွမ်းစားဆောင်တို့သည် တံခါးပိတ်ထားရိုးမရှိပါ။
ညရေး ညတာ ခရီးလွန်သူများရှိလျင် ဇရပ်နှင့် ဆွမ်းစားဆောင်ပေါ်တက်ရောက်ပြီး အိပ်နိုင်သည်။

ဇော်နိုင်ဝင်းသည် ကျောင်းအနီးက အသက်သုံးဆယ်ဝန်းကျင်ရှိ လူပေလူတေတစ်ဦးဖြစ်သည်။
ငယ်စဉ်က ရွာဦးကျောင်းတွင် စာသင်ကြားခဲ့ရသေးသောကြောင့် ဘုန်းကြီးကျောင်းကိုမူ အ၀င် အထွက် အမြဲရှိ သည်။ သို့သော် နေ့အခါ ဆရာတော်ရှိခိုက် မဟုတ်ပဲ၊ ညအခါများမှသာလျင် လာတတ်သည်။
ဇရပ်ပေါ်တွင် သော်လည်ကောင်း၊ ဆွမ်းစာဆောင်ပေါ်တွင်လည်းကောင်း အိပ်တတ်သည်။

တစ်ခုသော လပြည့် ရွာဦးကျောင်းတွင် ကုသိုလ်ပြုသူများ စည်နေသည်။ ဇော်နိုင်ဝင်းကာ ထိုသို့မဟုတ်။
သောက်စားမူးရစ်နေသည်။ ညပိုင်းရောက်သော် ဆရာတော် မသိစေပဲ ဇရပ်ပေါ်တက်ပြီး ကိုရင်များခြေရင်း ၀င်ပြီး အိပ်တော့သည်။

သူတစ်ရေးနိုးသော် လပြည့်ညသည် ရွှန်းရွှန်းဝေနေသည်။ ပတ်ဝန်းကျင်ကား တိတ်ဆိတ်နေသည်။
လေပြေလေး လည်း ဖြူးဖြူးတိုက်ခတ်သည်။ ညလေပြေတွင် အမည်မသိ ပန်းရနံ့တို့လှိုင်နေသည်။ သန်ခေါင်ကျော်ကျော်တွင် ညရေးညတာ အပေါ့အပါး ကိစ္စဖြင့် ဇော်နိုင်ဝင်းကျောင်းအောက်ဆင်းခဲ့သည်။
လှေကားရင်း အရောက်တွင် သူ့ခြေလှမ်းတို့ တုံ့ကနဲ့ဖြစ်စေသည့် မြင်ကွင်းက ခရေပင်ရင်းတွင် အမျိုးသမီး တစ်ဦးထိုင်နေသည်။

ညသည် လှသည်။
လသည် ဖွေးနေ၏။
လေပြေသည် မြူးသည်။
သူ့သွေးထဲရှိ အရက်ရှိန်သည် လည်းကောင်းကောင်းမပြယ်သေး။ 

ခရေပင်ရင်းသို့သွားကား ထိုင်နေသူကို အတင်းဝင်လုံးတော့သည်။ 
ရုန်းရင်းဆန်ခတ်ဖြင့် အလှညနှင့် လရောင်ကို တိမ်ညိုဖုံးတော့သည်။ မခရေကား တတ်စွမ်းသမျှ ခုခံကာ ကွယ်သည်။ အမူးအရှိန်နှင့် ယိုင်နဲ့နဲ့ဖြစ်သွားသော ဇော်နိုင်ဝင်းကို အနီးရှိ အုတ်ခဲဖြင့် ထုဖို့လုပ် သည်။

ဇော်နိုင်ဝင်းပြေးသည်။ ဇရပ်အကြိုအကြားနှင့် ကျောင်းကြီးကို ပတ်ပြေးသည်။ ကျောင်းမြောက်ဘက်သို့ အရောက်တွက် နောက်ကလိုက်လာသော မခရေသည် အုတ်ခဲဖြင့် ဇော်နိုင်ဝင်းကို လှမ်းပြစ်သည်။
ဇော်နိုင်ဝင်းငုံ့ရှောင်သည်။ အုတ်ခဲသည် သိမ်ရှေ့ ခြင်္သေ့ကို ထိမှန်သည်။ ခြင်္သေ့သည် ခေါင်းတစ်ခြား ကိုယ် တစ်ခြား ဖြစ်သွားသည်။………
………………………



ထိုခဏ…၀ူးဝူးဝါးဝါးဖြင့်..ဇော်နိုင်ဝင်း အိပ်ယာကနိုးသည်။ ချွေးများ ရွှဲနေသည်။ ရင်အုံကြီးမို့ လိုက်၊ ပိန်လိုက်ဖြင့် ဟောဟဲ ဆိုက်နေသည်...။ အသည်းအသန်ဖြစ်နေသည်။
ဇော်နို်င်ဝင်းသည် ဤဖြစ်ကို အိပ်မက်ဟုပြောရန်ခက်နေသည်။

ဤသို့ဖြင်…
ကိုရင် တပည့်တော်နဲ့ ခဏလိုက်ခဲ့ပါဦးဘုရား။

အနီးရှိမိမိကိုသူခေါ်သည်။ ဘာရယ်မသိ၊ အရေးတကြီးကိစ္စဖြစ်ဟန်ရှိသည်မို့ ထလိုက်သွားလိုက်သည်။
သိမ်ရှေ့သို့သွားသည်။ သူသေသေချာချာကြည့်သည်။..
“ဒါ အိပ်မက်မဟုတ်ဘူးတဲ့..”
သူဘာပြောသည်ကောင်းကောင်းမသိပါ။

သူလက်ညှိုးထိုးပြရာသေချာကြည့်လိုက်တော့..သိမ်ရှေ့က ခြင်္သေ့ခေါင်းပြုတ်နေသည်။
မိမိအမြင်သည် ဤမျှသာဖြစ်သည်။
…………………………..

နောက်နေ့မနက်လင်းသော် ဇော်နိုင်ဝင်းသည် ညက သူ့အိပ်မက် အကြောင်းကို အစုံပြန်ပြောပြသည်။
ထိုအခါကျမှ ညကအကြောင်းကို အကုန် အစင်သိရသည်။ ကျောင်းမြောက်ဘက်က သိမ်းနားရောက် တိုင်း ခေါင်းပြုတ်နေသော ခြင်္သေ့ကိုမြင်မိသည်။ ထိုခြင်္သေ့နှင့် အတူ လသာသော ညကိုလည်းမြင်ယောင် မိသည်။ 

လရောင်ဖွေးနေမည်။
လေပြေလည်းတိုက်ခတ်မည်။
ပန်းရနံ့တို့သင်းနေမည်။
ခရေရွက်တို့ဟိုဒီယိမ်းလျက် ..။

“မခရေ” ဘေးရန်ကင်းပါစေဟု တိုးတိုးလေးဆုတောင်းမိသည်။

.................................. 
မှတ်ချက်။ ဘာသာရေးများကို အားကြိုးမာန်တက်ဆောင်ရွက်နေသော ကျောင်းနေဘက် စီနီယာ ဦးဇော်နိုင်ဝင်းသို့ အမှတ်တရ။



Monday, January 24, 2011

အလွမ်း နှစ်ည


ဘ၀တွင် အဆင်ပြေသည်လဲ ရှိ၏။ အဆင်မပြေသည်လဲ ရှိပြန်၏။ အဆင်း အတက်၊ အစုန် အဆန်တို့သည် အမြဲတမ်း တစ်လှည့်စီသာ ဖြစ်နေတတ်သည်။ လေဆန် ရေဆန်ခြေကန်လှော်တက်ရသော ခရီးမျိုးလဲတွေ့ ရမည်။ လေစုန် ရေစုန် ရွက်ကုန်ဖွင့်ပြီး အသင့်လိုက်ပါရသော ဘ၀မျိုးလဲ ရှိတတ်ပြန်သည်။ ရည်ရွယ်သည့်အတိုင်း မှန်းခြေပေါက်သော အရာမျိုးလဲ ရှိပါသည်။
ရည်ရွယ်သော်လဲ မှန်းခြေမပေါက်သော အရာမျိုးးကိုလဲ တွေ့ရသည်။  
ဘယ်အခြေ အနေဖြစ်စေ ကြုံတတ်သော အရာမျိုးချည်းသာဖြစ်ပါသည်။

ကြုံဖူးပါသည်။ ခရီးတစ်ခုတွင်ဖြစ်၏။ လွန်ခဲ့သော ခြောက်နှစ်ကျော်လောက်က ဖြစ်ပါသည်။ သူငယ်ချင်း ဦးဇင်းတစ်ပါးနှင့် အတူ သူ့ရပ်ရွာကို အလည်ခေါ်သဖြင့် လိုက်သွားခဲ့ဖူးပါသည်။ မန္တလေးမြို့ဘူတာကြီးမှ ညနေပိုင်းထွက်ခွာလာသော ရထားသည် သူ့ရွာနှင့် အနီးဆုံးဘူတာတွင် ရပ်မည်ဟုပြောသော်လဲ ခဏမျှ အရှိန်လျှော့ရုံသာဖြစ်၏။ ဆင်းနေကြ မဟုတ်သောကြောင့် ခုန်ချရန်ပြောသော်လဲ ခုန်ရနိုး ခုန်ရနိုးဖြင့် ကောလင်းဘူတာသို့ လိုက်ပါခဲ့ရတော့သည်။ ကောလင်းမြို့ငယ်လေးက သူတို့အသိအိမ်တွင် ခဏနေပြီး နေ့လည်ခင်း အတွဲနှစ်တွဲသာ တပ်ဆင်ထားသော ကားရထားဖြင့် ကိုးတောင်ဘို့ဘူတာ လေးသို့ ပြန်ခဲ့ သည်။ သူတို့ရွာတွင် ငါးရက်ခန့်နေပြီးနောက် မန္တလေးသို့ပြန်ခဲ့သည်။ ဆိုပါ အပြန်ခရီးတွင် စတော့၏။ 

နဘားမှ စတင်ထွက်လာသောရထားသည်မန္တလေးအထိမရောက်တော့ပါ။ စစ်ကိုင်းတွင်ဂုတ်ဆုံးထားပါသည်။ သို့သော် ထိုနေ့၌ပင် မြစ်ကြီးနား အမြန်ရထားဖြင့် ထပ်မံလိုက်ပါနိုင် ကြောင်း ကို ပြောပြီး နဘားရထားဖြင့် ပြန်ခဲ့သည်။ အထူးတွဲလို့ခေါ်သောအက်စကော့ အတွဲတွင်လိုက် ပါလာခဲ့သည်။ရဲတစ်ယောက် နေရာပေးသောကြောင့် အေးအေးဆေးဆေးလိုက်ပါခဲ့ရသည်။
စစ်ကိုင်းသို့ ညနေ ၇ နာရီတွင် ရောက်ပါသည်။မန္တလေးမြို့နဲ့ စစ်ကိုင်းသို့ပြေးသောကားမှာ အဲတုန်းက ကားခ လေးဆယ့်ငါး ကျပ်လောက်သာ ဖြစ်ပါသည်။ ညနေပိုင်းရထားဆိုက်သောအခါ ကားခမှာ နှစ်ရာ ဟု ပြော သည်။ ဒီလမ်းနှင့် ဒီလမ်း သုံးရာတော့ များတယ်။ မပေးနိုင်ဘူး။ သူတို့ကလဲ ဈေးမလျှော့ပါ။ နန်းရှေ့ကကောင်လေး တစ် ယောက်ကလဲ ဈေးများ တယ်ဆိုပြီး မလိုက်ပြန်။ သူနဲ့ပေါင်းနေလိုက်တာ၊ 

မန္တလေးမြို့ထဲပြန်မယ့်ကားလဲ မရှိတော့ဘူး။ နောက်တော့ စစ်ကိုင်း မြို့ ထဲ တစ်ညအိပ်ဖို့ ကျောင်းလိုက်ပြီး လျှောက် ကြသည်။ အဆင်မပြေပါ။ ညကြီးမင်းကြီး ဘယ် ကျောင်း ကမှ လက်မခံပါ။ ဒီလိုနှင့်ပင် စစ်ကိုင်း ဘူတာထဲပြန်ပြီး ညအိပ်ကြပါသည်။ ခြင်တွေ ကိုက်သည်။ ဘူတာ လုံခြုံရေးဆိုသော ရဲများလဲ တစ်ညလုံး တစ်တောက်တောက် ဖြင့် မအိပ်ပဲ ကင်းစောင့် ကြ သည်။  အိပ်လို့လဲမပျော်ပါ။ မှေးကနဲ့အိပ်ပျော်မလို့ ရှိ သေး  အိပ်မက်ထဲ ရထားရောက်လာသောကြောင့် ထ ထိုင်လိုက် ရပြန်သည်။ ပတ်ဝန်းကျင်ကို အကဲခတ် လိုက်တော့ ခွေးဟောင်သံ၊ ရဲလမ်းလျှောက်သံတို့သာ ရှိနေ၏။ မျက်စိ ကြောင်ပြီး အိပ်၍လဲမရတော့ပါ။ မနက်ခြောက်နာရီတွင် မြစ်ကြီးနားရထား ဆိုက်လာသည်။ အိပ်ချင်လျှက်ပင် ရထား  တက်လိုက်ရတော့၏။ မန္တလေးမြို့ရောက်တော့ မနက်ပိုင်း ကိုးနာရီကျော်ကျော်တွင် ဖြစ်သည်။ ဘူတာ ကြီးပေါ်မှ အနောက်ဘက် လှမ်းကြည့်လိုက်သောအခါ စစ်ကိုင်းတောင်တန်းကြီးသည် စေတီတော်ဖွေးဖွေးဖြင့် ခန့်ငြားနေလေ၏။ ခြင်ကိုက်သော စစ်ကိုင်း ရွာထောင် ဘူတာ ညကို သတိရနေမိသည်။

ပျော်ဘွယ်ကနေ အနောက်ဆင်းပြီး နတ်မောက်ခရီးဆက်မည့် တစ်စီးတည်းသော ကားကို စီးရသည်။ သို့သော် ထိုနေတွင် နတ်မောက်ထိ သွားမည့် ကားမရှိပါ။ ရွာတော်သို့ ဆိုက်မည့် ကားသာရှိ၏။ ကားစပါယ်ယာကို သင် လှကျင်း လို့ပြောပြီး တက်လိုက်လာခဲ့သည်။ ကားပေါ်ရောက်မှ သင်လှကျင်း နှစ်ခုရှိကြောင်း သိရ ပြန် သည်။ သူတို့ရောက်သော သစ်လှကျင်းကား အရှေ့သစ်လှကျင်း မိမိသွား လို သည်က အနောက် သစ်လှကျင်း ဖြစ်နေ၏။ ဆရာတော်တစ်ပါး လမ်းညွှန်ချက်ဖြင့် ညနေ နေလုံးပျောက် မှောင်ရီသန်းချိန်တွင် အဖေ့ရွာလေးကို ရောက်ပါတော့သည်။ လျှော်ချောင်း ရွာဟုခေါ်၏။ ထိုရွာလေးတွင် ငါးရက်ခန့်နေပြီး မန္တလေးသို့ပြန်ခဲ့သည်။ 

ခရီးစဉ်သည် ဦးလေးညွှန်သည့် အတိုင်းသာဖြစ်၏။ နတ်မောက်မှ ထွက်လာသော ကားကို စီးခြောက် နာရီ ၀န်း ကျင်း ပျော်ဘွယ်သို့ ရောက်မည်။ ညနေ ခုနှစ်နာရီကျော်ကျော်တွင် ရန်ကုန်အမြန်ရထား ပျော်ဘွယ် တွင် ခဏ နား သည်။ ထိုရထားဖြင့် မန္တလေးဘက်သို့ တက်လိုက်သွားရုံသာဖြစ်သည်။ အတော် အဆင် ပြေသော ခရီးဖြစ်ပါသည်။ လက် တွေ့တွင် ပျော်ဘွယ်သို့ ညနေခုနှစ်နာရီထိုးမှ ရောက်သည်။ ရန်ကုန် အမြန်ရထား ဆိုက်သွားပေပြီ။ မမီလိုက်တော့ပါ။ ကားလဲ မရှိတော့။

ဤသို့ဖြင့် ပျော်ဘွယ် ဘူတာညအိပ်ရန် ဖြစ်လာပါတော့သည်။ ခရီးသည် များစုန်လိုက် ဆန်လိုက်ဖြင့် ရှိနေ သည်။ မိုးချုပ်လာသည်နှင့်အမျှ ခရီးသည်များလဲ ကြဲသွားပြီ၊ တစ်ချို့လဲ အိပ် ကုန် ကြပြီ၊ မိမိလဲ အိပ်မှတော် တော့မည် အောက်မေ့ကာ အနီးရှိ တန်းလျှားတွင် နေရာယူလိုက်သည်။ အိပ်ပျော်လုဆဲတွင် အနီးသို့လျှောက်လာသော ရဲက

 “ ဦးဇင်း သတိထားပြီး အိပ်ပါဘုရား၊ ဒီဘူတာက သူခိုး ပေါပါတယ်” တဲ့၊
  
ဘာမှ ပါလို့ရယ်တော့ မဟုတ်ပါ။ သူပြောတာနဲ့တင် အိပ်လို့မပျော်တော့ပဲ ဖြစ်နေပါသည်။ ညလဲ နက်ပြီ မှတ်မှတ် ရရ အဲဒီညက လငပုတ် ဖမ်းသည်။ လပြည့်ညလား လပြည့်ကျော်တစ်ရက် လားထင် သည်။ လရောင်ခပ်အုံ့အုံ့ကြီးဖြစ်နေသော ကြောင့်ထွက် ကြည့်လိုက်ရာ လ၀န်းကြီး တစ်ဝက်ကို ပင်ငုံ မိလု ဖြစ် နေ သည်ကို တွေ့ရသည်။

အိပ်လို့လဲ မပျော်၊ ထိုစဉ် ခပ်လှမ်းလှမ်းက ဇာတ်ထွက်နေသံ ကြားရသည်။ အိပ်မရတော့မည့် အတူတူ ဇာတ်ထိုင်ကြည့်ပြီး မိုးလင်းတော့မည် အောက်မေ့ကာ ဆိုင်းသံကြား ရာသို့ ထွက် လာခဲ့တော့သည်။ ဇာတ်ပွဲတွေ့တော့ မနက်ပိုင်း နှစ်နာရီလောက်ရှိမည် ထင်သည်။ ခဏထိုင် ကြည့်ပြီး ကား ဂိတ်သို့ ထွက်လာခဲ့တော့သည်။ မနက် ငါးနာရီခန့်ရှိပြီထင်ပါသည်။ မနက်ဆွမ်းကို လမ်းဘေးက လ္ဘက်ရည် ဆိုင်လေးတွင် ပြီးခဲ့သည်။ ဆိုင်ရှင်က တစ်ပွဲလှူပါသည်။ ၀မ်းမတင်းသေး၍ နောက်ထပ် တစ်ပွဲမှာပြီး စားပါသေးသည်။ ဆိုင်ရှင် အလှူ့ဒကာကို အားနာမိသည်။ ဘာပြောပြော ကိုယ့်ဝမ်းတာ ကိုယ်သာသိမို့ ခပ်တည်တည်ပဲ နေလိုက်သည်။ လွမ်းမိသည်။

Friday, January 14, 2011

စကားပြောတဲ့ည

ညတွေ။ ထိတ်စရာညတွေ။

တိတ်ဆိတ်နေတုန်းမှာ ဗြုံး ဆိုကျောင်းအောက်က အပြန်အလှန် စကားပြောသံတွေကားရတတ်တယ်။ နောက်နေ့မနက် ရောက်လို့ မေးကြည့်ရင် ဘယ်သူမှ မလာကြောင်းနှင့် သူတို့မကြားရကြောင်းပြန်ပြော
ကြသည်။
ဘာလိုလိုလဲ သူတို့ပြောကြသည်။ မကျွတ်မလွတ်သေးတာတွေလဲပါသည်။ အများအားဖြင့် သူတို့ စကားနဲ့ပဲပြောကြသောကြောင့် သေချာ ရေရာ တော့ မသိရပါ။ တခါကဆို ကျောင်းအောက်က ဒုလ္လဘ ကိုယ်တော်ကြီး ညကြီးမင်းကြီး ထပြီးယောင်တာ ကြက်သီးတောင်ထမိတယ်။ ၀ူးဝူးဝါးဝါး အော်ပြီး၊ ဘုန်းကြီးဘုရား၊ အခုလေးတင် ကျောင်းပေါ်တက်သွားတာ အ၀ါဝမ်းဆက်ကလေးနဲ့ ကောင်မလေးဘုရားတဲ့၊ အဲလိုလဲ ညတိုင်းနီးပါးယောင်လေ့ရှိတယ်။ နောက်တော့ အိပ်ယာအောက်ဓားထာအိပ်ရင် အိပ်မက်ဆိုးကင်းတယ်ဆိုပြီး ဓားတစ်ချောင်းထားပြီး အိပ်တာလဲ တွေ့ရတယ်။

ဒါပေမယ့် ည ည အော်တာကတော့ ပျောက်မသွားပါ။ အရင်က ရွှေတူးရင်း ရုတ်တရက် ကွယ်လွန်ခဲ့ကြသူတွေ လို့သူတို့ပြောကြပါတယ်။ ကိုယ်ကိုယ်တိုင်တော့ အတပ်အပ် မမြင်ဖူးပါ။ သို့သော် ထိတ်စရာညတွေကတော့ များပါသည်။ တိုက်ဆိုင်မှုပြောလျှင်လွန်လွန်းလှပါလား
လို့ထင်ကြမယ်။ ဒီရွာက ကျောင်းလေးကို လာရောက်ပြီး သီတင်းသုံးကြသော ဘုန်းတော်ကြီးများအားလုံးနီးပါး အထိတ်တလန့် ကြုံဖူးကြသည်ချည်းဖြစ်ပါတယ်။

ဒီကျောင်းလေးက ထိတ်လန့်ရေသော ညလေးတွေကို ပြန်ပြောပြချင်ပါတယ်။ သူတို့ရွာရောက်တော့ ဒီအကြောင်းတွေကြားရတယ်။ နဲနဲမှ သက်သာပါစေတော့လို့ ယူဆပြီး နာဂတွေကို ကိုရင် ၀တ်ပေးမယ် လာခဲ့ကြလို့ပြောပြီး ကျောင်းရောက်လာတဲ့ နာဂတွေကို ကိုရင် ၀တ်ပေးရပါတယ်။ ဘာမှ မပေးရဘူးလို့လဲ ကြိုတင်ပြီး ပြောထားရပါတယ်။ လာကြပါတယ်။ ဆဲ့လေးပါး လာပြီးဝတ်ကြတယ်။ အရင်က ဒီလိုလုပ်ဖူးလားလို့မေးတော့ လုပ်ဖူးပါတယ်။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်က ဘုန်းကြီးတပါးက၀တ်ပေးလို့ ၀တ်ဖူးကြကြောင်း ပြောပြကြပါတယ်။ သူတို့ကို တရားလဲ အားထုတ်ရတယ်။ ပြီးတော့ မေတ္တာပို့ရတယ်။ ကိုရင် ၀တ်နေတုန်း ရွာထဲ မသွားရလို့လဲ အမိန့်ထုတ်ထားရပါတယ်။ အကြောင်းရှိပါတယ်။ သူတို့ အားလုံး ဘိန်း မကင်းကြပါဘူး။ တချို့ဆိုဘိန်းမစားပဲ ကြိုတင်လေ့ကျင့်ပြီးမှ ကျောင်းရောက်လာကြခြင်းဖြစ်ကြောင်း သိရတယ်။

ချင်းတွင်းမြစ်ရိုးရှိ ရွှေတူးကြသော မြန်မာများကလည်း ဆွမ်းကွမ်း မလစ်ဟင်းရအောငါတာဝန်ယူကြပါတယ်။ သာသာ ယာယာ နဲ့ ပြီးမြောက်အောင်မြင်ခဲ့ပါတယ်။ အဲဒီလို ကိုရင်ဝတ်ကြတဲ့ အထဲမှာ အောက်ကလေးဝဘက်က လူတစ်ယောက်လဲပါ ပါတယ်။ ကိုရင်ထွက်ပြီးတော့ သူကမပြန်ပဲ ဘုန်းကြီးရဲ့ကပ္ပိယလုပ်ဖို့ပြောလာပါတယ်။ အမြဲတမ်း ကျောင်းသားလဲ မရှိတာကြောင့် သူ့အပြောကိုလက်ခံလိုက်ပါတယ်။ ဒီလိုနဲ့ နေလာခဲ့ကြတာ နှစ်လ သုံးလနီးပါးကြာပါတယ်။ ညစဉ်ညတိုင်းလဲ သူတခုခု တွေ့ကြောင်းအမြဲပြောပါတယ်။ ဘုန်းကြီးဘာမှ မကြားမိဖူးလားလို့လဲ မေးတတ်ပါတယ်။ ကျုပ်ကတော့ ဘာမှမကြားရပါ။ ဘာမှ မတွေ့ရပါ။

တစ်နေ့ ကျောင်းမပေါ်ထပ်က အ၀င်တံခါးကိုပိတ်တော့ ကပ္ပိယကြီးက ပြောပါတယ်။ ဘုန်းကြီးဘာလို့ အဲဒီတခါးပိတ်တာလဲ ပြောပါတယ်။ ခွေးတက်လို့ ပိတ်ကြောင်းပြောတော့ တကယ်လားလို့မေးလာ
ပြန်ပါတယ်။ ဘာလို့လဲမေးမိတော့။ဘုန်းကြီးကြောက်မှာစိုးလို့မပြောဖြစ်တာပါတဲ့။ ဘုန်းကြီးမရှိတုန်းဆိုနေ့လည်ဘက်နှစ်နာရီလောက် ဆိုအ၀ါရောင်ဝမ်းဆက် လေးနဲ့ကောင်မလေး
ကျောင်းပေါ်တက်တက်ပြီး ဆော့ ကစားနေ တတ်ကြောင်းပြောလာပါတယ်။
ပြီးတော့ တပည့်တော်ကို က က ပြတယ် လို့သူကဆက်ပြီးပြောပါတယ်။ ဒီလိုပြောတာလဲ ဟိုကကပြော ဒီကပြောနဲ့ဆိုတော့ နဲနဲတော့ လန့်လာပါတယ်။ ဒါပေမယ့်လို့ ကိုယ်ကိုယ်တိုင်ကလဲ မတွေ့တော့ သိပ်ပြီးတော့လဲ အလန့်ကြီးတော့ မဟုတ်လှပါဘူး။ ဒကာကြီးကို ကပြရုံ သက်သက် ဆိုရင်တော့ ဒကာကြီးဘာမှ သွားမလုပ်နဲ့။ ခြောက်တာလှန့်တာရှိလာရင်တော့ ပြောပါ။ မလုပ်ဖို့ပြောကြည့်ကြတာပေါ့လို့ပဲပြောလိုက်ရတယ်။ နောက်လဲ အမြဲတမ်းတွေ့မိကြောင်းပြောပါတယ်။

သူတင်လားဆိုတော့လဲ မဟုတ်သေးဘူး။ ကျောင်းအောင်လာအိပ်တဲ့ နာဂလူမျိုး အယောင်လို့ ခေါ်တဲ့ သူဆိုရင် သုံးလေးရက်လောက်ကြာအောင် တောင်ပြော မြောက်ပြော ဖြစ်နေလို့ ရွာလူကြီးတွေ လန့်နေကြသေးတယ်။ ဘုန်းကြီးကို အသိမပေးဖို့လဲ သူတို့ချင်းပြောကြကြောင်း နောက်မှ ပြန်ပြောပြကြပါတယ်။ ကျောင်းလာ အိပ်ကြသော လူငယ်များမှာ နှစ်ည ဆက်ပြီးတော့ အိပ်လေ့မရှိကြပါ။ တခုခုပြောပြီး ထွက်သွားကြတာက များပါတယ်။ ရွာနီးချုပ်စပ် ကလည်း အားပေးစကားပြောကြပါတယ်။ ဘုန်းကြီးနေတဲ့ရွာက" ရူးချင်ရူး မရူးရင် တော့ ကျောင်းက အချိန်မတိုင်ပဲ ထွက်ပြေးရတာပဲ"တဲ့။ သူတို့ သိတဲ့အတိုင်းကတော့ ဒီလိုပဲလို့ပြောလာပါတယ်။

ကြောက်ကြောက်လန့်လန့် နဲ့ အဲဒီရွာလေးမှာ (၂)နှစ်နေခဲ့ရတယ်။ ညတိုင်း မေတ္တာ ပို့ရတယ်။ လပြည့် လကွယ်တိုင်း ရွာထဲက လူငယ်အမျိုးသားအမျိုးသမီးတွေ စုပေါင်းပြီး မေတ္တာပို့ရတယ်။ သူတို့လဲလိုက်နာကြပါတယ်။ ကိုယ် ကိုယ်တိုင်တော့ ဘာမှ မတွေ့ခဲ့ရပါ။
သို့သော် တိတ်ဆိတ်တဲ့ ညတွေဆို ကျောင်းအောက်က အပြန် အလှန်ပြောဆိုသံတွေ ကြားနေရတတ်ပါတယ်။ ကျောင်းအောက်လာအိပ်တဲ့ သူတိုင်းလဲ ည ည အော်တတ်ကြပါတယ်။ နောက်တော့ တည်ခိုဖို့ ပြောလာတဲ့ သူတိုင်းကို ကျောင်းအောက် မအိပ်ဖို့ ပြောရပါတော့တယ်။ နောက်တော့လဲ ကျောင်းအောက်က အော်သံကို နားယဉ်လာပါတော့တယ်။
တစ္ဆေလား ဘာလားမပြောတတ်ပါ။
နားစွင့်ရင်း ထိတ်စရာ ညတွေ ကြုံခဲ့ရတယ်။ အခုတွေးရင် အခု မြင်ယောင်မိတုန်းပါ။
လသာ ညတွေကို မခံစား တတ်အောင်ပင် ည ရဲ့ စကားပြောသံတွေကို နားစွင့်နေမိပါတယ်။