Pages

Showing posts with label အတွေ့အကြုံ. Show all posts
Showing posts with label အတွေ့အကြုံ. Show all posts

Sunday, September 28, 2014

ဒီကိစ္စလား?


ဒီကိစ္စလား K ဆက်ရှင်ကိုသွားလိုက်ပါ..
သူတို့ပြောလိုက်တဲ့ အတိုင်းသွားကြည့်တယ်။
K ဆက်ရှင်က ဌာနက Reception မှာရှိနိုင်တယ်လို့ ပြန်ညွှန်တယ်။

နောက်တော့ ဌာနပိုင် ဆရာနဲ့ဝင်တွေ့ကြည့်တယ်။
ဖုန်းတွေ တတီတီခေါ်ပြီး ပြောနေသည်။
ကိုယ်တို့အကြောင်းပြောနေတာလား၊
သူ့အိမ်က ဒကာမကြီးကို သတိရလို့ ပြန်ဆက်နေတာလားတော့ မသိ။
ပြုံးလိုက်၊ ရယ်လိုက်နဲ့ ကြည်နူးစရာကြီး။
သူ့ကိုကြည့်ပြီး အဆင်ပြေနိုင်တယ်လို့ ယူဆနေရတယ်။

ဒီကိစ္စလား..
Exam ဌာနကို သွားလိုက်ရင် အဆင်ပြေပါတယ်..
အဲ လာပြန်ပြီ နောက်တစ်ဌာန၊ သွားကြည့်လိုက်တယ်။
အထက်က စာလာပါလိမ့်မယ်၊ အဲဒီတော့ ကျနော် ခင်ဗျားတို့ဌာနကို ပို့ပေးပါ့မယ်..
ဆိုတော့ ရှေ့ဆက်လို့မရဖြစ်ပြီ။

စိတ်ပေါက်ပေါက်နဲ့ ဌာနပြန်လာပြီး ထိုင်နေမိတယ်။
ကိုယ်လိုစိတ်ပေါက်နေတဲ့ သူကလဲ တဗြစ်တောက်တောက်ဖြစ်နေတယ်။
တဗြစ်တောက်တောက်တွေ စုလိုက်တော့ ဌာနမှူးဆီရောက်သွားတယ်။
ဌာနဆီသွားမယ်ကြံတော့ ဧည့်သည်ရောက်နေလို့ ခဏစောင့်ပါလို့ ရုံးအစောင့်က ပြောတယ်။

အေး.မင်းတို့ပြောသလိုစောင့်ဆို၊ စောင့်မယ်..
မင်းတို့ဌာနဆရာတွေ၊ ဌာနမှူးတွေ..ဘုတ်အဖွဲ့တွေ ဟိုညွှန်၊ ဒီပို့လုပ်တယ်။
လုပ်ထုံးလုပ်နည်းတွေကိုအကုန် မသိကြဘူးလား..

ဒီလိုပါပဲ..၊ နည်းနည်းချင်းလုပ်ရတာပေါ့.
ကုလားက အပြုံးမပျက် ပြန်ပြောတယ်။

အဲ တစ်ခုတော့ ရှိတယ်ဗျ။
အကုန်သိတဲ့သူတစ်ယောက်ရှိတယ်။
ဘယ်ဌာန၊ ဘယ်နေရာ၊ ဆရာဘယ်သူ၊ ဌာနမှူးဘယ်အချိန်ရှိတယ်။
လက်မှတ်ဘယ်အချိန်ထိုးတယ်။ အနားချိန်စသည်ပေါ့ဗျာ...

အင်း..အင်း...၊ အာ..အိုကေပဲ..၊ အဲလိုလူမျိုးတွေ့ချင်နေတာ ဘယ်မှာလဲ.

ဟော ဟိုမှာ..
ကုလားညွှန်ပြရာကြည့်လိုက်တော့ ..
အောက်ခြေသိမ်းရုံး အကူ ဖြစ်နေတယ်။
ကျောင်းသား လေးငါးခြောက်ယောက်ကို လက်ချာပေးသလို  တောင်ညွှန်၊ မြောက်ညွန်လုပ်နေတာတွေ့ 
ရတယ်။ မော်တော်ပီကယ် ယာဉ်ထိမ်းကြီးနဲ့တောင် တူနေသလိုလိုရှိတယ်။

အာ..၊ သူက အကုန်သိတယ်ဆိုတာ ဟုတ်ပါ့မလား..
လို့ပြောမိတော့..၊

သိပ်ဟုတ်တာပေါ့..၊
ဒါပေမယ့် လက်မှတ်ထိုးပြီး ဘာကိုမှ သူ လုပ်မပေးနိုင်ဘူး။
ဌာနမှူးနဲ့ တွေ့ချင်ရင်တော့ နောက်နေ့လာခဲ့ပါ..

ပြီးရော ဘာတတ်နိုင်သေးလဲ။
စိတ်ချဉ်ပေါက်တာတွေ ယောက်ယက်ခတ်ပြီး ဘယ်ရောက်ကုန်တယ် မသိတော့။
ဗိုက်ဆာလာတာပဲသိတယ်။

နောက်ဆုံးတော့ “ဒီကိစ္စလား” နောက်နေ့ပေါ့။

ကတ်ကြေးတစ်ချောင်+ နို့တစ်ခွက်
...............................................

အဖြေရှာသည်။
ပြဿနာ ငါးဆယ်ကျော်ကျော်လောက်တွေ့ရသည်။
ဆရာက တစ်မျိုးပြောသည်။
ကျောင်းသားက တစ်မျိုး ကောက်ချက်ချသည်။
တစ်ယောက်တစ်ပေါက်နဲ့ အရှုံးအနိုင်မပေါ်ပဲ ပျော်စရာပင်ကောင်းနေသည်။

မှန်သည်ထင်၍ လုပ်လိုက်ကြသည်။
မှားသည်ဟု အဖြေထွက်လာသည်။
အမှန်ဘာလဲ သူတို့ကိုမေးကြည့်သည်။
မေးမိသူတိုင်းက အဖြေတစ်မျိုးစီပေးကြသည်။
နောက်ဆုံးတော့ အတွေ့အကြုံရှိ ဆရာများကိုဌာနမှူးရုံးခန်းခေါ်ပြီး တိုင်ပင်ဆွေးနွေးကြသည်။
အဖြေမှန်သည် ဆရာများတွင် မရှိဖြစ်နေသည်။

မှန်ပေသည်။ ဆရာတို့သည် ကျောင်းသားများ မဟုတ်ကြတော့သည်ကိုး။
ကြာပြီဆိုတော့ မေ့လောက်ပါပြီ ဆိုတဲ့ သီချင်းလေးကို တိုးတိုးလေးဆိုမိသည်။

ထို့ကြောင့် အခြားဌာနက ကျောင်းသားတစ်ယောက်ကို မေးကြည့်ပါဟု ဆုံးဖြတ်လိုက်ကြသည်။
ကျောင်းသားများလာလေ့လာထရှိသော မိတ္တူဆိုင်က ထိုင်စောင့်နေသည်။
မကြာခင်ကျောင်းသားတစ်ယောက်ရောက်လာသည်။
အခြေအနေကိုပြောပြတော့ ကူညီနိုင်သည်ဟု ပြောသည်။
သူ့အဆောင်ကို ခဏပြန်သည်။
ပြီးတော့ ပြန်လာသည်။

သူ့ကိုယ်ပိုင်စာဖိုင်လေးကိုပေးသည်။
ပုံစံတကျပြုလုပ်ထားသည်။
ကုလားများသည် ရံခါ အလွန်သဘောကောင်းတတ်သည်။
များသောအားဖြင့် ကျောင်းသားများသည် အသားအရောင် မခွဲခြား ကူညီပေးတတ်ကြသည်။
ကျုပ်တို့က သူတို့ထက် နည်းနည်းအသားဖြူသည်။

.........................
Workshop တစ်ခုတွင် ပါမောက္ခတစ်ဦးပြောသည်ကို သတိရနေမိသည်။
“ပီ အိပ်ခ်ျ ဒီ လုပ်တာ လွယ်ပါတယ်။
ကတ်ကြေးကောင်းကောင်းတစ်ချောင်းလိုတယ်”တဲ့။

“မှန်ပါတယ်ဆရာ။
ဒါပေမယ့် အဲဒီကတ်ကြေးထက်အောင်သွေးရတာ တော်တော်ခက်တယ်”..

အကူအညီပေးသော ကုလားကျောင်းသားကို ကော်ဖီ(ချရေ) တစ်ခွက်တိုက်လိုက်သည်။
“ဆိုင်က ကော်ဖီတွေ မသောက်နဲ့ နို့အတုတွေနဲ့လုပ်ထားတာ။
နွားနို့စစ်စစ်နဲ့ဟာကိုသောက်ပါ”

ဒါပေမယ့် သူတစ်ခွက်လုံးကုန်အောင်တော့ သောက်သွားသည်။
အားနာလို့ထင်ပါသည်။

Thursday, August 30, 2012

မိုးနဲ့ အတူ


မိုးရာသီ မနက်ခင်းများဖြင့် စတင်ခဲ့ရသော ခရီးစဉ်သည် မိုင်အနည်း အငယ်ကို ခရီးပေါက်ခဲ့ပြီထင်ရသည်။ မိုးလရာသီတွင် စတင်ခြေချမိတော့ စွေလိုက်တဲ့ မိုး တိုးမပေါက်ခဲ့ဘူး။ မိုးစိုစိုရုံးပေါင်းများစွာကို ၀င်ချည်၊ ထွက်ချည်၊ ကုလားငေါက်လိုက်ချည်၊ ရေးထားတာ ပြန်ဖျက်လိုက်ချည်ဖြင့် မိုးရာသီတွင် ချွေးစိုရသည်။

ကျောင်းသားဖြစ်ဖို့အရေး စာရွက်၊ စာဖိုင် အစိတ်သား လောက်ကို တင်ပြရသည်။ ကျဉ်းကျဉ်းကျပ်ကျပ် ကုလားရုံး ခန်းများတွင် စုပြုံးတိုးရင်း တစ်နေရာ..။

ကျောင်းသားဖြစ်ခဲ့ပြီ၊ နေပူလည်းတက်၊ မိုးရွာလည်းသွား၊ လက်မှတ်ထိုး၊ ၀န ကမ်( မင်္ဂလာ) ပါလို့ရုံးစာရေး များနှင့် နှုတ်ဆက်၊ တစ်ခါတစ် ဆပရ ဂျ မေးကြသည်။ စားပြီးပြီလားတဲ့။ စားပြီးပြီလို့ ပြောလိုက်ရင် ပြူးပြူး တူးတူး လုပ်ပြီးကြည့်တတ်ကြသည်။ 


 photo at the head of department's office ( H.O.D) in Annamalai University
တကယ်စားပြီးပြီလား ဆက်မေးသေးသည်။ မြန်မာဘုန်းတော်ကြီးများသည် မွန်း မလွဲကြသူများမို့၊ တက္ကသိုလ် ရောက်လျှင် ဆွမ်းစားပြီးကြပြီ။ ကုလားက နားမလည်နိုင်။

ကုလား နေ့လည်စာကား မွန်းလွဲတစ်နာရီ။ ညနေစာကား ညရှစ် နာရီထိုးတွင် အိမ် အလည်ရှိ ဧည့်ခန်း ကြမ်းပြင်တွင် ခွက်စုံချပြီး၊ လက်ဆုံ စားကြသည်။ ကုလားသည် ကြယ်စုံမှ ထမင်းစားသည်ကြား ဖူးသည်။ မှန်သည်။

မိုးနှောင်းလို့ ဆောင်းပေါက်တော့ တောင်ပိုင်းသည် မြောက်ပိုင်းလောက် မအေးပါ။ တောင်ပိုင်းသည် ပင်လယ်နှင့် နီးသည်။ လေကောင်းလေသန့်ရသည်။ ဖွံ့ဖြိုးစ တောမြို့လေးမို့ အနေအထိုင်သက်သာ သည်။

တစ်ခါက ရုံးစာရေးကြီးကို တမီးနာဒူးပြည်နယ်က မြောက်ပိုင်းလောက် မအေးဘူးနော် လို့ ပြောသ လိုလို မေးမိတော့။ မြောက်ပိုင်းဒေလီက လေယျာဉ်လိုင်းတွေ နှင်းဖုံးနေလို့ ခရီးစဉ်များ ဖျက်သိမ်းထားပါ တယ်တဲ့။ ပြီးတော့ ကုတ်ကုတ်နဲ့စာပြန်ရေးနေပါသည်။ သူကလည်း မေး သလိုလို ဖြေ သလိုလို ပင်ပြောပါသည်။

ဆက်စရာစကား မရှိသဖြင့် စာလုံးခန့်ခန့်ကြီးဖြင့် ရေးထားသော Research Scholar Room ဆီ သို့ရောက်ပြီး၊ ထိုင်နေကျခုံတွင်ထိုင်လိုက်သည်။ ရောက်နှင့်နေသာ ကုလားကျောင်းသားများ ကြည့်ကြ သည်။ ကိုယ်လည်း ပြန်ကြည့်လိုက်သည်။ ပြီးတော့ ခေါင်းညိတ်ပြသည်။ ကိုယ်လည်း ပြန်ညိတ်ပြရ သည်။ ပြီးသွားပါပြီး နှုတ်ဆက်ခြင်း။

မြန်မာကျောင်းသား ရဟန်းတော်များချည် တစ်စု၊ တစ်ဝေးတည်း ထိုင်ကြသည်။ ပြီးတော့ စာဖတ်ကြသည်။ ဖတ်ခဲ့ပြီးသော ဂန္ထ၀င် စံပြု စာတမ်းပေါင်း ၅၀ ကျော်ပါပြီ၊ ဒါ အမြတ်ပါပဲ။ မရှင်းသည်များ ဆွေးနွေး ကြသည်။ ကိုယ့် Topit နှင့်ကိုက်ညီသော သဘောထားမျာကို မှတ်သားရင်း ခရီးနှင်နေကြသည်။

ဆောင်းသည် မသိမသာ ထွက်သွားပြန်သည်။

‘တိမ်ညိ မိလ္လာ တိမ်စူကာနှင့် တိမ်ပြာရောယှက် မရမ်းဖက်၍..’
စသည်ဆိုခဲ့ကြသည် ညနေရီရီသည် မိုးတိမ်တောင်တို့ စီအရီဖြင့် လှနေတတ်ပါသည်။
ရာသီစက်ဝန်း တစ်ပတ်လည်ခဲ့ပါပြီ။ 

photo attending a conference
မိုးနှင့်စခဲ့ရသည့် ခရီးသည် မိုးလရာသီတွင်ပင် ခေါင်းစဉ်တစ်ခုတပ်နိုင်ခဲ့ပြီ။

ကိုယ်တင်ပြသော Topic ခေါင်းစဉ်များကို သူပြင်သည်။ မည်မျှပြင်သည်ဆိုသော ကိုယ်ကိုယ်တိုင် ဘာရေးပေးမှန်း မသိရလောက်အောင် မင်ခြစ်ရာ အစုံစုံဖြင့် ထုံမွှမ်းလိုက်သည်။

သူရေးခြစ်လိုက်သော မှတ်တမ်းကို စာကြမ်းစီပြီး ပြလိုက်ပြန်တော့ သူပြင်ထားသည်များကိုပင် ပြန်ပြင်ပြန် သည်။ ကိုယ့်ကိုယ်ကိုပင် အလိုမကျမှဖြင့် သူများဆို မဆိုထားနှင့်တော့။

မင်းငါပြောသလို မလုပ်ဘူး ပြောသေးသည်။ သူက ဆရာကိုး၊ ကိုယ်ကကျောင်းသားကိုး။

ပြီးတော့ Reference books ပြရမည်ပြောသည်။
ပြလိုက်သည်။
ပြီးပြီ မမှတ်နှင့်။

ကိုယ်ပိုင် gude မှ တဆင့် H.O.D ထံတင်ပြရပြန်သည်။ လိုအပ်ချက်များကို ပြောဆိုသည်။ ကိုယ်ပိုင် guide ၊ H.O.Dနှင့် ကျောင်သား သုံးယောက် အဆိုင် အကြား ဘယ်သူက ဘယ်သူကို ဘာပြောနေမှန်း မသိအောင်ပြော ကြသည်။

တမီးဘာသာဖြင့်လည်း ပြောသည်။ တစ်ခါတစ်ရံ အင်္ဂလိပ်လိုပြောသည်။ ခေါင်းတညိတ် ညိတ် မေးတစ် ဆတ် ဆတ်ဖြင့်လည်း စကားဆိုကြသည်။ တစ်ခါတစ်ရံကိုယ်ပါ ရောပြီး ကုလာခေါင်းညိတ် လုပ်ရသည်။

ဒါလေးထည့်လိုက်ရင် ကောင်းမလာမေးသည်။ Guide ပြင်ပြီးသားကို H.O.D ကပြင်ပြန်သည်။ သူတို့ချင်း ငြင်းကြသည်။ အခြေ အတင်းငြင်းကြသည်။ အော်ကြီးဟစ်ကျယ်ပြောကြ သည်။ ခေါင်းကုတ် စဉ်းစားကြသည်။

H.O.Dတင်ပြချက်ကို guide ကပြင်ပြန်သည်။ ထို့နောက် မူကြမ်း ထွက်လာသည်။ ရေးနေကျ စာရေးသာ သိနိုင်သော မှတ်ချက်၊ လက်သည်းကွင်း၊ အထက်အောက်မြား အစုံပြလိုက်သည်။ သူတို့ချင်းခေါင်း ညိတ်ပြီး..။ စာရေးပြန်ထွက်သွားပါသည်။

စာရေးနောက်စုပြုံလိုက်ပြီး၊ အခြေအနေမေးမိတော့ မနက်ဖန် မင်းတို့ကျောင်းသားနှင့် Doctrinal Topic စာရင်းဝင် မှတ်တမ်းတင်ပြီတဲ့။

ကိုယ်ပိုင်guide ထံ တစ်စောင်တင်ရမည်။
နှစ်စောင်ကို ရုံးပို့ရမည်။
မင်းတစ်စောင်ယူထားရမည်ဟုသူပြောသည်။

နောက်ဆုံးတော့ စာရေးလေး မှာတမ်းကို မပြတ်ရွတ်ရင်း ပြန်လာခဲ့ရသည်။ 

 
photo giving a welcome speech in the Spain spoken class (northern India)
 
မိုးရာသီ မနက်ခင်းများဖြင့် စတင်ခဲ့ရသော ခရီးစဉ်သည် မိုင် အနည်း အငယ်ကို ခရီးပေါက်ခဲ့ပြီထင်ရသည်။
ကောင်းကင်တစ်ခွင်လုံး မည်းမည်းမှောင်နေသော မိုးရိပ်တိမ်လိပ် တိမ်တောင်တို့သည် ဒီတစ်ခါဖြင့် ရင် ကို အေးစေပါတော့သည်။ 

Saturday, May 21, 2011

ဘုန်းကြီးဆိုတာ

“ ဘုန်းကြီးဆိုတာ လူ့ထက်တော်ရတယ် ”
အထက်ပါ စကားကိုပြောဆိုခဲ့သူမှာ မန္တလေးမြို့ ဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ် ဦးမြင့်ဆွေ( မဟာဝိဇ္ဖာ၊ လန်ဒန်) ဖြစ်ပါသည်၊ ဆရာကြီးသည် ခေတ်ပညာတိုးတက်ရေးအတွက် များစွာအထောက်အကူပြုသော ဗုဒ္ဓတက္ကသိုလ် ကြီးများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် တည်ထောင်ပြီးခေတ်နှင့်လျှော်ညီစွာ နိုင်ငံတကာ တန်းဝင် pali Sanskrit နှင့် english တို့ကို ရဟန်းတော်များအား ဦးတည်ပြီးဖွင့်လှစ်ပို့ချခဲ့သည်၊ 
၁၉၉၄ ခုနှစ်တွင်တည် ထောင်ခဲ့သော ဆိုပါတက္ကသိုလ်ကြီးများမှ ထွက်ပေါ်လာခဲ့သော မြန်မာရဟန်း တော် များသည် သီရိလင်္ကာနိုင်ငံ ရှိ တက္ကသိုလ်ကြီးများနှင့် အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်ကြီးများသို့ တက် ရောက်ပြီး ဘွဲ့လွန်ပညာရပ်များကို သင်ယူ လျှက်ရှိသည်၊ ဆရာကြီးတည်ထောင်သော တက္ကသိုလ်ကြီးများမှ B.Aတန်း အောင်မြင်လျှင် ဘွဲ့လွန်M.Aဘွဲ့ကို အထက်ပါ တက္ကသိုလ်ကြီးများတွင် ဆက်လက်သင် ယူနိုင်ခွင့်ရှိ သည်၊ အခြားနိုင်ငံရှိဗုဒ္ဓဘာသာဆိုင်ရာ ကောလိပ်၊ တက္ကသိုလ်ကြီးများတွင်လဲ ဆက်လက်သင်ယူနိုင်သည်၊ 
ဆရာကြီးသည် မြန်မာနိုင်ငံရှိ အရှေ့ တိုင်းဌာနများတွင် အစိုးရ၀န်ထမ်းအဖြစ်ထမ်းဆောင်ပြီးနောက်တွင် ကိုယ်ပိုင်တက္ကသိုလ် ကြီးများ ထူထောင် ခြင်းသည် မြန်မာပြည် ရှိရဟန်းတော်များ ခေတ်ပညာများကို လေ့လာလိုက်စားခွင့်ရှိအောင် ဖန်တီးနိုင်ခဲ့သည်၊ ဒီကနေ့ခေတ်တွင် ပြည်ပနိုင်ငံများ သို့ပညာဆက် လက်သင် ယူနေကြသော ရဟန်းတော်များသည် ရန်ကုန်၊ မန္တလေးရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် ကြီးများ၊ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဆရာကြီး ဦးမြင့်ဆွေ( မဟာဝိဇ္ဖာ၊ လန်ဒန်)၏ ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူဆရာတော်ကြီး၏ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်တို့မှဖြစ်ကြသည်၊
တစ်ခါတွင် ဒီပလိုမာတန်းကို ဆရာကြီးကိုယ်တိုင်ဝင်ရောက်ပြီး သင်တန်းပို့ချသည်၊ “ တပည့်တော် ရဟန်းလူ ထွက်ပါ၊ ဘုန်းကြီး ပညာရေးကို သူ့ခေတ် သူ့အလျှောက် ရှိတဲ့အဆင့်ကို ပြီးမြောက်အောင် သင် ယူခဲ့ပါတယ်၊ ဒါတင်မကဘူး၊ မြန်မာနိုင်ငံ မန္တလေးတက္ကသိုလ်က B.A ကိုလဲအောင်ခဲ့သေးတယ်၊ မှတ်မှတ်ရရပြောရရင် အမ်အေ ဒေါ်အုန်း ဆိုတာ တပည့်တော် ကျေးဇူးရှင်ပေါ့ဘုရား၊ နောက်လန်ဒန်က မဟာဝိဇ္ဖာလဲ ရအောင်ယူနိုင်ခဲ့သေးတယ်၊ အမှတ်ရလို့ပြောတာပါ၊ တပည့်တော် မှာခံစား ချက်ရှိတယ်၊ ဘုန်းကြီးဆိုတာ လူ့ထက်တော်ရမယ်၊ မျိုးချစ်စိတ်လဲ လူ့ထက်သာရမယ်၊ သာသနာကိုချစ်တဲ့ အရာမှာလဲသာရမယ်၊ အပြော အဆိုလဲ သာရမယ်၊ ဘာသန္တရ ကျွမ်းကျင်မှုမှာလဲ သာရမယ်၊ ရပ်ကျိုး ရွာကျိုး ဆောင်တဲ့နေရာမှာလဲ သာရတယ်၊ အခုတပည့်တော် ကိုယ်ပိုင် တက္ကသိုလ်ထူထောင်ပြီး ဘုန်းကြီးတွေ လုပ်ရ မယ့် အလုပ်တွေကို လုပ်နေတာက ခံစားချက် တစ်ခုထည်းပါ၊ အဲဒါက’ ဘုန်းကြီးဆိုတာ လူ့ထက်သာရမယ်’ ဆိုတဲ့ ခံစားချက်ပဲ”
ရှေးခေတ်က မြန်မာပြည်တွင် စာသင်နည်းများ ရှိကြသည်၊ မန္တလေးစာသင်နည်း၊ ပခုက္ကူစာသင်နည်း ဟနည်းတို့ဖြစ်သည်၊
ခေတ်သစ်နည်း စနစ်များဖြင့် ရဟန်းတော်များကို တိုးတက်အောင်သင်ကြားပေးမှုတွင် ဆရာကြီး၏ သင်ကြား နည်းနှင့် စိတ်ဓာတ်သည် တစ်ခေတ်ဆိုလောက်သည်၊ ကျမ်းများစွာကိုလဲ သူပြုစု ရေးသားသည်၊ ကျမ်း အများ စုသည် သာသနာတော်နှင့် လူမျိုး တိုးတက်ရေးကို ဦးစားပေးပြီး ရေးသားသည်၊ ဆရာကြီးသည် မြန်မာပြည် ဖွားရဟန်းတော်ကို လူ့ထက်တော်စေရန် အစွမ်းကုန် ထောက်ကူအားပေးနေသော မဟာဥပါသကာ ကြီးဖြစ်ပေသည်၊

မှတ်သားဖူးတာလေး ပြန်ပြောတာပါ၊ သူ့အပြောကိုကြိုက်တာ ကိုက်ညီနေတယ်ဆိုရင်တော့ ၀မ်းသာမိမှာ အမှန်ပါလို့၊
ရင်မှဖြစ်သော စေတနာများစွာဖြင့်……..။

Friday, May 20, 2011

မှတ်သားမိဖူးတာလေးတွေ


 ' From sanna to panna ’ ဆရာကြီးတစ်ဦးပြောပြတာလေးပါ၊ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က ဖြစ်ပါတယ်၊ တိတိကျကျ ပြောရရင် ၂၀၀၂ခုနှစ် ကာလဆီကပါ၊ 
မန္တလေးမြို့၊ မြို့လည်ဆူးခါးတိုက်တွင် တည်ထောင် ဖွင့်လှစ်ထားသော ဆရာကြီး ဦးမြင့်ဆွေ၏ ဗုဒ္ဓတက္ကသိုလ်သို့ တက်ရောက်စဉ်က တစ်ခါတော့ ပထမနှစ်အတန်းကို ဆရာကြီးကိုယ်တိုင် ၀င်ပါတယ်၊ 

မှတ်မိနေသေးတယ်၊ သူ့ဟန်ကို ဆေးလိပ်တိုလေး လက်မှာကိုင်လို့ မီးတော့ တို့မထားပါဘူး၊ လက်တစ် ဆစ်လောက်ပဲ ရှိမယ်ထင်တယ် ဆေးလိပ်တိုကလဲ၊ ပြီးတော့ ရေခွက်လေးလဲ ဆွဲလာတယ် လက်က၊ အတန်းထဲ ၀င်လာတော့လဲ ဘယ်ညာ ၀ဲယာ မကြည့်ပဲ အတန်းထိပ်ပိုင်းကို တမ်းပြီးသွားတယ်၊ ဘလက်ဘုတ် အောက်တည့်တည့်ကို ထိုင်ချလိုက်တယ်၊ ဖွေးဖြူနေတဲ့ မြေဖြူတွေက သူထိုင်လိုက်တဲ့ အောက်တည့်တည့်မှာ၊ တဆက်တည်း လေးချောင်းထောက် စားပွဲသေးသေးလေးကို နဲနဲပြင်ဆင်ပြီး စာအုပ်တင်လိုက်တယ်၊ ပါဝါ အတော် တက်နေပြီဖြစ်တဲ့ မျက်မှန် လေးကို ပင့်ကြည့်ပြီး သေချာကြည့်တယ်၊ ဘာစကား ဘာပလ္လင်မှ မခံဘူး၊ ဆတ်ကနဲ့ ထတဲ့ပြီး ဘလက် ဘုတ်မှာ သူရေးလိုက်တဲ့ စားသားလေးကို အခုန ပြန်ပြီး ရေးပြလိုက်တာပါ၊ from sanna to panna တဲ့၊ စွဲနေတာပါ၊ 
ပြီးတော့မှ သူကပြောပါတယ်၊ ‘ များများ မှတ်ရတယ်၊ မြန်မြန်လဲ မှတ်ရတယ်၊ လက်နှေးနေလို့ မဖြစ်ဘူး၊ လက်က သွက်နေမှရမယ်၊ ဘေးကလွတ်နေတဲ့ စာမျက်နှာတွေမှာရေးရတယ်၊ မှတ်ရတယ်၊ အလှကြည့်ဖို့ ထားတာ မဟုတ်ဘူး၊ တပည့်တော်ဆီစာလာတက်ကြတယ်၊ လူရော၊ ရဟန်းရော စုံပါတယ်၊ အစတော့ တော်တော်လေးများပါတယ်၊ နောက်တော့ သိပ်ပြီး မကျန်ဘူး၊ ခြောက်လလောက်တက်ရင် အင်္ဂလိပ်စာ တတ်မယ်ထင်ကြတယ်၊ ထိုက်သလောက်တော့ တိုးတက်မှာ အမှန်ပဲ ပြောရဲပါတယ်၊ ဒါပေမယ့်လို့ ကျက်မှတ်ရမယ့်ဟာကို ကျက်မှတ်မှ ရမှာပေါ့၊ အခုတော့ မမှတ်ချင်ဘူး၊ ပြီးတော့ အင်္ဂလိပ်စကား ပြောရမှာ ရှက်တယ်တဲ့၊ ရှက်တာက စိတ်၊ ပြောတာက ပါးစပ်ပါ၊ ဖြဲပစ်လိုက်စမ်းပါ ပါးစပ်ကို၊ များများမှတ်ပြီး လေ့လာ လိုက်စားလိုက်ရင် ပညာတစ်ခုရတာပါပဲ’၊
မှတ်သားဖူးတာလေး ပြန်ပြောတာပါ၊ သူ့အပြောကိုကြိုက်တာ ကိုက်ညီနေတယ်ဆိုရင်တော့ဝမ်းသာမိမှာ အမှန်ပါလို့၊ 
ရင်မှဖြစ်သော စေတနာများစွာဖြင့်…….။