ပွင့်လျင်လည်း နမ်း၊ နွမ်းလျင်လည်းကောက်၊
ခြောက်လျင်လည်းသိမ်း၊ တိမ်းညွတ်တွယ်မက်၊
ဒီတစ်သက်မှာ၊ တစ်ပွင့်သာလေ၊
စွဲလမ်းနေမည်၊ ဝေေ၀ကြွေကြွေ။
မြတ်နိုး၏။
( မောင်စိန်ဝင်း)
အပိုင်း(၁)
“အရင်က အဲဒီနေရာမှာ မန်ကျည်းပင်တစ်ပင်ရှိတယ်
ကိုရင်တို့ရဲ့၊
နောက်တော့ ဘုန်းကြီးရဲ့ ရဟန်း ဒကာက ကျောင်းလေးဆောက်လိုက်တော့
မလွတ်လို့ ခုတ်လိုက်ရ ပါတယ်”
အိပ်မပျော်သော လပြည့်ညမျိုးများတွင်
ကပ္ပိယကြီးကို ပုံပြောခိုင်းကြသည်။ ကပ္ပိယကြီးပြောနေစဉ်ကျောင်း
လေးခြေရင်းကိုကြည့်မိသည်။လရောင်သည်ဖွေးနေ၏။ လေတိုက်တိုင်း ယိမ်းနွဲ့နေသော
ခရေရွက်တို့သည် တီးတိုးစကားဆိုနေသလိုလို..။
“နောက်တော့ အဲဒီ မန်ကျည်းပင်က ဥစ္စာစောင့်မက
ဘုန်းကြီးကို အိမ်မက်ပေးတယ်တဲ့။
မန်ကျည်းပင်ခုတ်လိုက် လို့ သူ့မှာ နေစရာပျောက်နေပါတယ်လို့ပေါ့..”
မှောင်နှင်းမည်းမည်း ကပ္ပိယကြီးစကားကိုနားထောင်ပြီး
ကြောထဲ စိမ့်ကနဲ့..။
“ဒါနဲ့ ဘုန်းကြီးက သူ့နေရာ အတွက်ဆိုပြီး
ခရေပင်လေးစိုက်ပေးလိုက်တယ်။
နောက်နေ့ကျတော့ ဘုန်းကြီးကို အိမ်မက်ပေးပြန်တယ်။
သူနေစရာရပါပြီတဲ့။
နေစရာလုပ်ပေးတဲ့ ဘုန်းကြီးကိုလည်း ကျေးဇူးတင်ကြောင်းလျောက်ထားကာ
ဦးချပြန်သွားပါတယ်တဲ့။
အဲဒါနဲ့ အဲဒီခရေပင်က ဥစ္စာစောင့်မကို
မခရေလို့ နာမည်ပေးလိုက်တယ်ပေါ့ ကိုရင်တို့ရာ..”
ကပ္ပိယကြီးသည် စိတ်မရှည်ဟန်ဖြင့် ဇာတ်လမ်းကို
အကျဉ်းချုပ်သည်။ ဇရပ်အိုကြီးအပြင်ဘက်တွင် လေတို့ တရွှီးရွှီးတိုက်ခတ်နေသည်။
ကျောင်းထောင့်နားက ခရေပင်ကို ကြည့်မိတော့
လရောင်အဖွေးသားတွင် ယိမ်းကနေသည်။
လေယူရာယိမ်းလိုက်တိုင်း အကိုင်းအခက်များသည်
တစ်စုံတစ်ယောက်အလားထင်စရာရှိသည်။
မခရေလေလား တွေးမိသည်။ ကိုရင်များသည်
ခြေဆုံးခေါင်းဆုံး လုံအောင်ထွေးပြီးကွေးကြတော့သည်။
…………………………………
ကိုရင်ဘ၀ငယ်စဉ် ရွာဦးကျောင်း ဆရာတော်၏
အကိုကြီးဖြစ်သော ကပ္ပိယကြီးပြောပြသည့် “မခရေ” ဇာတ်လမ်း သည် နှစ်ပေါင်းနှစ်ဆယ်နီးနီးရှိသည့်တိုင်း
ရင်တွင်ယိမ်းထိုးလှုပ်ခါဆဲရှိသည်။
ဇာတိရပ်ရွာပြန်ရောက်တိုင်း ညရေးညတာ
အရေးကိစ္စရှိ၍ မပြင်ထွက်ရပါလျင် ကျောင်းထောင့် ခရေပင်ကို ရဲရဲမကြည့်ဖူးပါ။ မကြည့်ပဲလည်း မနေနိုင်ပါ။ ကြည့်မိပြန်လျင်လည်း..လရောင်ဖွေးနေမည်။
လေတိုင်းတိုင်း ယိမ်းနွဲ့နေတတ်သည်။ အခက်အလက် အရွက်များ အကြားက ရိုးတိုးရိပ်တိပ်များသည်
တောင်ပြေးမြောက်ချီရှိတတ်သည်။
ထိုမြင်ကွင်းကို မြင်ရသည့် မိမိကိုယ်တိုင်မူ
စကားသံ တိုးတိုးကြားမိသလိုလိုရှိတတ်သည်။
တိုးတိုးလေး ရွတ်ဆိုမိသည်။
“မခရေ ထင်တယ်..”
ထိုအခါမျိုးတွင် ကျောင်းပေါ်သို့ လှမ်းတက်သော
ခြေလှမ်းတို့ သွက်လက်နေတတ်သည်။
အပိုင်း(၂)
ရွာဦးကျောင်းသည် ရွာသူ ရွာသားများဝိုင်းဝန်းလှူဒါန်းထာသောကြောင့်
အများပိုင်ဆိုနိုင်သည်။
ကျောင်းအတွင်း ရှိ ဇရပ်နှင့် ဆွမ်းစားဆောင်တို့သည်
တံခါးပိတ်ထားရိုးမရှိပါ။
ညရေး ညတာ ခရီးလွန်သူများရှိလျင် ဇရပ်နှင့်
ဆွမ်းစားဆောင်ပေါ်တက်ရောက်ပြီး အိပ်နိုင်သည်။
ဇော်နိုင်ဝင်းသည် ကျောင်းအနီးက အသက်သုံးဆယ်ဝန်းကျင်ရှိ
လူပေလူတေတစ်ဦးဖြစ်သည်။
ငယ်စဉ်က ရွာဦးကျောင်းတွင် စာသင်ကြားခဲ့ရသေးသောကြောင့်
ဘုန်းကြီးကျောင်းကိုမူ အ၀င် အထွက် အမြဲရှိ သည်။ သို့သော် နေ့အခါ ဆရာတော်ရှိခိုက် မဟုတ်ပဲ၊
ညအခါများမှသာလျင် လာတတ်သည်။
ဇရပ်ပေါ်တွင် သော်လည်ကောင်း၊ ဆွမ်းစာဆောင်ပေါ်တွင်လည်းကောင်း
အိပ်တတ်သည်။
တစ်ခုသော လပြည့် ရွာဦးကျောင်းတွင်
ကုသိုလ်ပြုသူများ စည်နေသည်။ ဇော်နိုင်ဝင်းကာ ထိုသို့မဟုတ်။
သောက်စားမူးရစ်နေသည်။ ညပိုင်းရောက်သော်
ဆရာတော် မသိစေပဲ ဇရပ်ပေါ်တက်ပြီး ကိုရင်များခြေရင်း ၀င်ပြီး အိပ်တော့သည်။
သူတစ်ရေးနိုးသော် လပြည့်ညသည် ရွှန်းရွှန်းဝေနေသည်။
ပတ်ဝန်းကျင်ကား တိတ်ဆိတ်နေသည်။
လေပြေလေး လည်း ဖြူးဖြူးတိုက်ခတ်သည်။ ညလေပြေတွင် အမည်မသိ ပန်းရနံ့တို့လှိုင်နေသည်။
သန်ခေါင်ကျော်ကျော်တွင် ညရေးညတာ အပေါ့အပါး ကိစ္စဖြင့် ဇော်နိုင်ဝင်းကျောင်းအောက်ဆင်းခဲ့သည်။
လှေကားရင်း အရောက်တွင် သူ့ခြေလှမ်းတို့
တုံ့ကနဲ့ဖြစ်စေသည့် မြင်ကွင်းက ခရေပင်ရင်းတွင် အမျိုးသမီး တစ်ဦးထိုင်နေသည်။
ညသည် လှသည်။
လသည် ဖွေးနေ၏။
လေပြေသည် မြူးသည်။
သူ့သွေးထဲရှိ အရက်ရှိန်သည် လည်းကောင်းကောင်းမပြယ်သေး။
ခရေပင်ရင်းသို့သွားကား ထိုင်နေသူကို အတင်းဝင်လုံးတော့သည်။
ရုန်းရင်းဆန်ခတ်ဖြင့် အလှညနှင့် လရောင်ကို
တိမ်ညိုဖုံးတော့သည်။ မခရေကား တတ်စွမ်းသမျှ ခုခံကာ ကွယ်သည်။ အမူးအရှိန်နှင့် ယိုင်နဲ့နဲ့ဖြစ်သွားသော
ဇော်နိုင်ဝင်းကို အနီးရှိ အုတ်ခဲဖြင့် ထုဖို့လုပ် သည်။
ဇော်နိုင်ဝင်းပြေးသည်။ ဇရပ်အကြိုအကြားနှင့်
ကျောင်းကြီးကို ပတ်ပြေးသည်။ ကျောင်းမြောက်ဘက်သို့ အရောက်တွက် နောက်ကလိုက်လာသော မခရေသည်
အုတ်ခဲဖြင့် ဇော်နိုင်ဝင်းကို လှမ်းပြစ်သည်။
ဇော်နိုင်ဝင်းငုံ့ရှောင်သည်။ အုတ်ခဲသည်
သိမ်ရှေ့ ခြင်္သေ့ကို ထိမှန်သည်။ ခြင်္သေ့သည် ခေါင်းတစ်ခြား ကိုယ် တစ်ခြား ဖြစ်သွားသည်။………
………………………
ထိုခဏ…၀ူးဝူးဝါးဝါးဖြင့်..ဇော်နိုင်ဝင်း
အိပ်ယာကနိုးသည်။ ချွေးများ ရွှဲနေသည်။ ရင်အုံကြီးမို့ လိုက်၊ ပိန်လိုက်ဖြင့် ဟောဟဲ ဆိုက်နေသည်...။
အသည်းအသန်ဖြစ်နေသည်။
ဇော်နို်င်ဝင်းသည် ဤဖြစ်ကို အိပ်မက်ဟုပြောရန်ခက်နေသည်။
ဤသို့ဖြင်…
ကိုရင် တပည့်တော်နဲ့ ခဏလိုက်ခဲ့ပါဦးဘုရား။
အနီးရှိမိမိကိုသူခေါ်သည်။ ဘာရယ်မသိ၊
အရေးတကြီးကိစ္စဖြစ်ဟန်ရှိသည်မို့ ထလိုက်သွားလိုက်သည်။
သိမ်ရှေ့သို့သွားသည်။ သူသေသေချာချာကြည့်သည်။..
“ဒါ အိပ်မက်မဟုတ်ဘူးတဲ့..”
သူဘာပြောသည်ကောင်းကောင်းမသိပါ။
သူလက်ညှိုးထိုးပြရာသေချာကြည့်လိုက်တော့..သိမ်ရှေ့က
ခြင်္သေ့ခေါင်းပြုတ်နေသည်။
မိမိအမြင်သည် ဤမျှသာဖြစ်သည်။
…………………………..
နောက်နေ့မနက်လင်းသော် ဇော်နိုင်ဝင်းသည်
ညက သူ့အိပ်မက် အကြောင်းကို အစုံပြန်ပြောပြသည်။
ထိုအခါကျမှ ညကအကြောင်းကို အကုန် အစင်သိရသည်။
ကျောင်းမြောက်ဘက်က သိမ်းနားရောက် တိုင်း ခေါင်းပြုတ်နေသော ခြင်္သေ့ကိုမြင်မိသည်။ ထိုခြင်္သေ့နှင့်
အတူ လသာသော ညကိုလည်းမြင်ယောင် မိသည်။
လရောင်ဖွေးနေမည်။
လေပြေလည်းတိုက်ခတ်မည်။
ပန်းရနံ့တို့သင်းနေမည်။
ခရေရွက်တို့ဟိုဒီယိမ်းလျက် ..။
“မခရေ” ဘေးရန်ကင်းပါစေဟု တိုးတိုးလေးဆုတောင်းမိသည်။
..................................
မှတ်ချက်။ ဘာသာရေးများကို အားကြိုးမာန်တက်ဆောင်ရွက်နေသော
ကျောင်းနေဘက် စီနီယာ ဦးဇော်နိုင်ဝင်းသို့ အမှတ်တရ။
No comments:
Post a Comment