Pages

Wednesday, April 3, 2013

ဘုန်းကြီး လမ်းမတက်




ရေကန်လည်းသာ ကြာစုံလည်းမွှေး
အေးချမ်းတဲ့ မြေ ဘိုးဘွားမွေတည်း။

ဘုရားပုထိုး ဂူမျိုးမျိုးနှင့်
တိုးဆင့်အသရေ ဖြိုးဖြိုးဝေ၏။

သမိုင်းထောင်ချီ ထိမ်းသိမ်းတည်တံ့
ပြန့်ပွားထွေထွေ စည်ပင်ဝေ၏။

ဗုဒ္ဓဆုံးမ တရားလှကို
နှလုံးသားတွင် ကိန်းဝင်စေ၏။

ရေကန်လည်းသာ ကြာကလည်းမွှေး
ဘိုးဘွားတို့မြေ မသွေစောင့်ရှောက်
တာဝန်ရောက်သော် မကြောက်မရွံ့
ကိုယ်ကျိုးစွန့်လော့။


ထန်းတောညိုညိုသည် မြူခိုးဝေလျက်။ 

ယာတောပြန့်ပြန့်များသည် အနိမ့်အမြင့်တစ်လှည့်စီဖြင့်။
ယာတောနှင့် ထန်းညိုညို ပင်အို ပင်ပျိုတို့ အလွန်တွင် ရွာလေးတစ်ရွာရှိသည်။
တဲကြီးကုန်းဟု ခေါ်ကြသည်။ သမိုင်းရှိသော ရွာလေးတစ်ရွာဖြစ်သည်။

မြန်မာနိုင်ငံကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်ကြီးစိုးစဉ် အာဏာလုပြိုင်ပွဲကြောင့် နယ်စွန်နယ်ဖျားထွက်လာခဲ့ကြ ရသည်။ ရုပ်ဖျက်ကာ ထွက်ပြေးလာကြရသော နန်းကျဘုရင်သည် တဲကြီးတစ်လုံးရှိသော ထိုနေရာလေးကို တဲကြီးကုန်းမှည့်ခေါ်သည်။

နောက်က လိုက်လာသော အာဏာပြိုင်ဘက်များရန်ကြောင့် ခဏ ပုန်းအောင်း တိမ်းရှောင်ရသော နေရာ ကို အောင်းကုန်းဟုခေါ်သည်။ 

ထိန်ပင်မြင့်မြင့်ကြီးရှိသော ကုန်းကမူလေးကို ထိန်ကုန်။ နန်းကျ ဘုရင်ကြီး၏ ကြင်ယာတော်မိဖုရား မကျန်း မမာ ဖြစ်သော နေရာကို မိဖုရားကုန်း။ မိဖုရား နတ်ရွာစံရာနေရာရှိရွာလေးကို ကျန်ကုန်” မိဖုရား ကျန်ရစ် ကွယ်လွန်ရာနေရာ” အဖြစ်သမိုင်မှတ်သည်။ 

သို့သော် ထန်းတော်ညိုညိုနှင့် ယာတော ပြန့်ပြန့် အလွန်က သရက်ပင် အုပ်အုပ် နေရာလေးကိုမူ ထူးထူး ခြားခြား “ ဘုန်းကြီး လမ်းတက်”ဟုခေါ်ကြသည်။ 

ရွာရှိ ဘုန်းတော်ကြီးနှင့် သက်ကြီး ရွယ်အို အဖိုးအဖွားတို့ကမူ မူရင်း အမည်သည် “ ဘုန်းကြီးလမ်း မတက် ”ဖြစ် သည်ဟု ပြန်ပြောကြသည်။
……………………………………

မြန်မာနိုင်ငံသည် သူ့ကျွန်ဘ၀အဖြစ်ကို နိုင်ငံအား တစ်ဖဲ့စီ ဖဲ့ဖဲ့ပြီးပေးရသည်။ နောက်ဆုံး တစ်နိုင်ငံလုံး သူ့ကျွန်ဖြစ်ရသည်။ ညီညာပြည်သာ စည်းလုံးစွာနေခဲ့ကြရသော နိုင်ငံသူ နိုင်ငံသားတို့သည် တစ်စစီကွဲ ကွာ ရသည်။ ခွဲခွာပြစ်ခြင်းခံရသည်။ 
ဆရာ တပည့် အတူမနေနိုင်။ ကိုယ့်နိုင်ငံကိုယ်မပိုင်မို့ အသက်ကိုပင် အနိုင်နိုင် လုကာ ပြေးလွှာကြရသည်။
...........................
............................


ဘုန်းကြီး၊ ဘယ်ကို ကြွမှာပါလဲဘုရား။ ဆွမ်းချိန်လဲနီးနေပြီမို့ တပည့်တော်တို့ ထန်းတဲမှာ ရှိသမျှဖြင့် ဆွမ်းဘုဉ်းပေးတော်မူပါဦးဘုရား။

သာဓုဗျာ..။ ရဟန်းတော်သည် သာဓုခေါ်ကာ လက်ခံလိုက်သည်။
ရဟန်းတော်ကား သက်တော်ငယ်ငယ်ပင်ရှိသေးသည်။ နုပျိုမှုထက် ရင့်ကျက်မှုပိုနေသည်။
တည်ကြည်ခံ့ငြား သည်။
ဆွမ်းဘုဉ်းပေးပြီးသော်..
ဘုန်းကြီးဘယ်ဒေသကို ဆက်လက်ကြွတော်မူမှာပါလဲဘုရား။
ရဟန်းတော်ကာ ခပ်ဝေးဝေးသို့ငေးလျက်..

ဒကာရေ..။ ဦးဇင်းဘယ်ကို ကြွရမယ်ဆိုတာ ကောင်းကောင်းမသိပါဘူး။
နယ်မြေတွေ မလုံခြုံတော့ မြို့ပြတွေမှ မနေရဲပဲ ဒီဘက်ထွက်လာခြင်းပါပဲ။
ဘယ်ကို သွာရမယ်ဆိုလဲ ကောင်းကောင်းမရှိပါဘူး။

ရိုးသားသော ထန်းတဲပိုင်ရှင် ဒကာသည် လက်အုပ်ချီလျက်..
မှန်ပါ၊ ဒီလိုဆိုရင်ဖြင့် တပည့်တော် ဒီမှာ ထန်းတော တဲပေါင်း နှစ်ဆယ်ကျော်ကျော်ရှိပါတယ်။ စစ်ဘေး တိမ်းရှောင်ရင်း ပုန်းခိုနေတယ်ပဲ ပြောပါရစေတော့..။ 

ကိုယ့်ရပ်ကိုယ့်ရွာမနေနိုင်တော့ ဘုရားကင်း၊ တရားကင်း၊ သံဃာကင်းဖြစ်နေရပါတယ်ဘုရား။
အရှင်ဘုရားလဲ ရှေ့ဘယ်ခရီးဆက်ရမယ် မသိတော့.။ ဟောဒီ..တပည့်တော် ထန်းတောတဲစုမှာ သီတင်း သုံးစေ ချင်ပါတယ်ဘုရား။

ရဟန်းတော်ကား မည်သို့မျှစကားမိန့်တော်မမူပဲ ဒကာ၏ လျောက်ထားချက်ကိုလက်ခံလိုက်သည်။
…………………………………

ထန်းတော်ညိုညို ယာခင်းစိုစိုများအဦးပိုင်းတွင် ရဟန်းတော်သီတင်းသုံးသော ထန်းလက်ကျောင်းလေးတိုး လာသည်။ မိဘများ ထန်းတက်ခိုက်၊ ယာတောဝင်ခိုက် ဥမမယ် စာမမြောက် ကလေးပေါက်စနများသည် ရွာဦးက ထန်းလက်ကျောင်းတွင် စာသင်ကြသည်။

“ကကြီးရေ-က၊ ကကြီးရေးချ-ကာ” စသည်ဖြင့် သံပြိုင်အော်သံသည် ထန်ပင်ဖျားက ဖခင်နှင့် ယာတော တွင်းက မိခင်များကို အင်အားဖြစ်စေသည်။ ကလေးမိဘများသည် မိမိတို့သားသမီးများ စာအံသံကြား တိုင်း၊ ဘုရားဝတ်တက်သံကြားတိုင်း ရွာဦးကျောင်းက ဆရာတော်ကိုဦးညွတ်ကြသည်။ 

ထန်းလက်ကျောင်းဆရာတော်ဦးစီမှုဖြင့် သီတင်းပွဲ၊ တန်ဆောင်တိုင်ပွဲ၊ ထမင်နဲထိုးပွဲ၊ သင်္ကြန်ပွဲစသည်ဖြင့် တတ်အားသရွေ့ဖြင့် တောရွာတောဓလေ့ဘုရားပူဇော်ခြင်းဖြင့် စည်ကားနေသည်။
ဤသို့ဖြင့် နွေ၊ မိုး၊ ဆောင်း အလီလီပြောင်းကာ နှစ်တွေဟောင်းခဲ့ပြီ။
………………………………………….

ရဟန်းတော်ရွာထန်းတောရွာလေးသို့ရောက်စက “ကကြီးရေ-က၊ ကကြီးရေးချ-ကာ”ဆိုရသော သူသည် ရွာထဲတွင် တစ်အိုးတစ်အိမ်ဖြင့်.အိမ်ထောင်ဦးစီလျက်.။ 

ရဟန်းတော်ကို မိမိရွာတွင် နေထိုင် သီတင်သုံးရန်ပင့် ဖိတ်သော ထန်းတောပိုင်ရှင် ဒကာကြီးပင် အသက် အရွယ် အရ ထန်း မတက်တော့ပဲရှိတော့သည်။ 

ဤအချိန်ကာလတွင် မြန်မာမျိုးချစ်များကြောင့် မြန်မာနိုင်ငံလည်း လွတ်လွတ်လပ်လပ်ဖြစ်ခဲ့ပြီ။
သူတို့အတွက်တော့ ဤပေါင်းစုခြင်းသည် ခွဲခွာဖို့ဖြစ်လာပြီ။
…………………………………….

ကျောင်းဒကာကြီးရေ..၊ တို့နိုင်ငံလွတ်လပ်ရေးလည်းရပြီ။ သာယာဝပြောစည်ပင်လာခဲ့ပြီမို့။
ဘုန်းကြီးလဲဘုန်းကြီးရွာကို ပြန်ရပေဦးမယ်။ ဒီတော့…
ထိုစကားအမိန့်ရှိတိုင်း ရွာသူ ရွာသားမျက်နှာ မကောင်းတတ်ကြ။ အတင်းအကျပ်မတားလိုသော်လည်း မိမိတို့ရွာမှ ထွက်မသွားစေလိုသည့် သဘောကား အထင်သား။

ရဟန်းတော်သည်လည်း ဤထန်းတောရွာလေးတွင် နှစ်ပေါင်းနှစ်ဆယ်နီးပါးနေလာခဲ့ရသည့်မို့ အခွဲရခက် သည်။ သို့သော် မပြီးဆုံးသေးသည့် ခရီးများရှိသေးသည်မို့..။
…………………………

ဦးချသူတစ်ချို့၊ ငိုယိုတောင်းပန်သူတစ်ဝက်၊ လက်ဆွဲမတားသော်လည်း ခြေဖမိုး အစုံကို ဦးချရင်း တင်းတင်းဆုပ်လျက် တောင်းပန်သူတစ်ချို့ဖြင့် ရွာဦးကျောင်းဆရာတော်ကိုတားကြသည်။
ဆုံးဖြတ်ချက်ခိုင်မာသော ရဟန်းတော်ကား ရွာဦးဆီသို့လှမ်းထွက်ခဲ့ပြီ။

သရက်ပင်အုပ်အုပ်နားအရောက်တွင် မိမိနေခဲ့သော ရွာလေးကို ပြန်ကြည့်မိသည်။
ထိုကုန်းစောင်းလေးမှ ရှေ့ဆက်မတက်နိုင်တော့…။

ထန်းတောတဲစုလေးဆီသို့ ပြန်ခဲ့ပြန်သည်။ ရွာသားများ အတိုင်းမသိ ပျော်ကြသည်။
ဘုရားဝတ်တက်သံမြိုင်မြိုင် သည်. ထန်းတောဝန်းကိုကျော်လျက် ဘ၀ဂ်ခတ်တော့သည်။
ဤသို့ဖြင့် နွေရောက်တိုင်း ရွာဦးကျောင်း ဆရာတော်သည် ရွာသားများတောင်းပန်လျောက်ထားသည့် အကြားက မိမိရပ်ရွာသို့ ပြန်မည်မိန့်ကာထွက်သွားတတ်သည်။ 

သို့သော် သရက်ပင်အုပ်အုပ်နှင့် ကုန်းထိပ်ရောက်တိုင်း ရွာလေးကိုသမင်လည်ပြန်ကြည့်မိသည်။
ကြည့်မိတိုင်း ရှေ့ဆက်မတက်နိုင်တော့။
ဤသို့အကြိမ်ကြိမ်……..

မိမိကို ထန်းတောရွာလေးမှာ ကျောင်းဆောက်လှူသော ထန်းလက်ကျောင်းဒကာကြီးလည်း ကွယ်လွန်ခဲ့ပြီ။
ရွာလေးလည်းစည်ပင်ပြန့်ပွားခဲ့လေပြီ။ ရဟန်းတော်စာသင်ပေးခဲ့သော လူငယ်လူရွယ်များသည် လည်း ရပ်ရွာ တာဝန်ကို အသီးသီးထမ်းလျက် ပျော်စရာ..၊ ကြည်နူးစရာဖြစ်နေသည်။


တစ်ခုသောနွေတွင် ရွာဦးကျောင်းဆရာတော်ပြန်ဖို့ ပြင်ဆင်ပြန်သည်။
နောက်ပါးက ကပ္ပိယကြီးကိုခေါ်လျက် ထွက်လာခဲ့ပြီ။ …………………

သရက်ပင်အုပ်အုပ် ကုန်းတက် အရောက်တွင်မူခဏရပ်ပြီး စဉ်စားနေဟန်ရှိသည်။ ကပ္ပိယကြီးကား ရင်တထိတ် ထိတ်။ ရွာဦးကျောင်းဆရာတော်ကား နောက်သို့ ပြန်မကြည့်ပဲ တစ်ချက်တည်း လှည့်ပြီး ရွာဆီသို့ ပြန်လာခဲ့ သည်။ ဆရာတော်နောက်က လိုက်ပို့သော ကပ္ပိယကြီးကားပြုံးပျော်လျက်။

ထိုနေ့မှစ၍ သရက်ပင်အုပ်အုပ်နှင့် ထိုကုန်းကမူလေးကို” ဘုန်းကြီးလမ်း မတက်” ဟု မှည့်ခေါ် လိုက်ကြ သည်။

ထိုဘုန်းကြီးလမ်း မတက်ကုန်းကမူလေးနောက်တွင် ထန်းတောညိုညို ယာခင်းစိုစိုနှင့် ရွာလေးကား
”တဲကြီးကုန်း” အမည်ရှိသော ရွာလေးဖြစ်သည်။ 

တဲကြီးကုန်းရွာဦးကျောင်း ဆရာတော်ကား သက်တော်ဆုံးတိုင် ထိုရွာလေးတွင် သီတင်းသုံးနေထိုင်တော် မူသွားသည်။ 

......................................................
မှတ်ချက်။  မွေးရပ်မြေသို့ အမှတ်တရ..။
 

No comments:

Post a Comment