Pages

Monday, May 23, 2011

မြကန် ရေကြည်ချောင်း မအေးကြည်


 ၁
မြကန်သာ၊ တောင်ကျချောင်းတေး၊
ရေ၀င်ပြေးလှည့်၊ ရေအေးကြည်စွာ၊
ကန်ပိုင်မာလျှက်၊ ကြာပေါင်းထုံထုံ၊
ငှက်မျိုးစုံသည်၊ ဘုံဝတိံသာ၊
နန္ဒာပေလော၊ တူစွဟုတ္ထာ။
မြန်မာ့ စာပေလောကတွင် အစောဆုံး မြန်မာ ကဗျာလေးပါ၊ ရှေးယခင်ကပုဂံသည် ယခုလောက်ပူ လိမ့်မည် မဟုတ်ပါ၊ တော တောင်စိမ့်စမ်း ဖြိုင်ဖြိုင် မြိုင်မြိုင်ရှိပေမည်၊ ပတ်ဝန်ကျင်မှ စီးဝင်လာသော ရေကို ကန်ဘောင် လုပ်ပြီး ဆည်ဖို့ထားပေမည်၊ အစတော့ ခပ်သေးသေး ဖြစ်ပေလိမ့်မည်၊ နောက်တော့ တောင်ကျ ချောင်းရေသည် စီးမြဲမို့ ရေအားကြီးသော် ကန်ဘောင်ကို ထပ်ပြီး တက်ရပေသည် ကြာသော် ကန်ဘောင်သည် ခန့်ထည်မြဲမြံ လျှက် ရေအားကိုကောင်းစွာထိန်းပြီး ပဏာတင်နေပေမည်၊ ဆိုရေ ကြည်ကြည်ကန်လေးတွင် ကြာမျိုးပေါင်း များစွာနှင့် အခြားရေ၌ ပေါက်ရောက်သော သစ်ပင်တို့ အစီအရီ ရှိပေမည်၊ ရေကြည်ပြီး ကြာပေါင်းမွှေးတော့ ငှက်မျိုးလဲ စုံတော့သည်၊
နတ်တို့ပြည်တွင် သိကြားမင်းသည် နတ်သမီးပေါင်း ခြံရံလျှက် နန္ဒာအမည်ရှိ ရေကန်တွင် ရေကစားလေ့ရှိသည်၊ ပုဂံပြည်က မြကန်သည်လည်း စာလာပေရှိ နန္ဒာကန်နှင့် ညှိပြီး တစ်ယောက်သော သူသည် စိတ်လက်ရ ကဗျာ ခြယ်သခဲ့ပေမည်၊ ဆိုလို့ကောင်းသည်၊ ရင်ထဲငြိသည်၊ စိတ်လက်ရ မှတ်ထားမိသည်၊ သို့သော် အခုတိုင်အောင် ပင် မြန်မာ၌ လူဖြစ်ရပါလျှက် ပုဂံသို့ မရောက်ဖူးပါ၊ ပုဂံက မြကန်သည် ရင်ထဲ၌ တွယ်ရစ်စီးဆင်းခဲ့သည်မှာ အတော်လေးတော့ ကြာခဲ့ပါပြီ၊ သူ့ကို ဘွားကနဲ့တွေ့လိုက်ရသည်က နာဂတောင်တစ်နေရာတွင် ဖြစ်သည်၊ ပုဂံက မြကန် ဘယ်ရောက်သွားပါလိမ့် ထင်ကြမည်၊ ပြောပြပါမည်၊ မန်းမြေကို ခွာပြီး နာဂတောင်တန်းသို့ သာသနာပြု သွားခဲ့ရသည်၊ တောကြီးနက်၏၊ တောင်သည် မြင့်မား၏၊ ချင်းတွင်းသည် ရေစီးသန်၏၊ ဆောင်းတွင် သွေးခဲမတတ် အေး၏၊ မိုးတွင် လင်းသည်မရှိ နေလုံးပျောက်အောင် အကြာကြီးရွာတတ်သည်၊ နွေးပါးပါးလေးတွင် ဥသြ ရောက်လာတတ်သည်၊ လွမ်းတေးသီသည်၊

ထိုသို့ ဥသြလွမ်းတေးသီခိုက်.........
နွေကုန်လုလု ဆောင်း အစလုလုတွင် ချင်းတွင်းမြစ်ရိုး၌ လိပ်သုတေသန အတွက် လာရောက်သော သူများကို မကြာခဏ တွေ့ရတတ်သည်၊ တစ်ခါသော် မြန်မာပြည်အနှံ့ ရောက်ဖူးသော လူကြီးက သူလုပ်နေသော လိပ် သုတေသနကို ရှင်းပြသည်၊ ပြီးတော့ သူရောက်ခဲ့သော ဒေသများကို ပြပေးသည်၊ အိန္ဒိယနိုင်သို့ လဲသူ ရောက် သည်၊ ပုဂံက မြကန်သို့ သူရောက်သည်၊ ကွန်ပျူတာသုံးပြီး ပြပေးသည်မို့ ကြည့်ရသူအတွက် အရသာ ရှိလှသည်၊ တစ်နေရာရောက်တော့ မြကန်ဓာတ်ပုံလေးကို သူလက်ညှိုးထိုးပြီး လင်္ကာလေးကိုလဲ ရွတ်ပြသည်၊ ကျက်မှတ်မိသော စာသားလေးသည် ထင်းကနဲ့ပေါ်တော့သည်၊ သူနဲ့အတူတူ လိုက်ဆိုမိသည်၊ 
‘ ဦးဇင်း ဒီကဗျာ  လေးကို ကြိုက်တယ်ဗျ’ လို့လွှတ်ကနဲ့ ပြောမိသည်။ ထိုကတည်းက မြကန် ကဗျာလေးကို မမေ့ တော့ပါ၊ အခုထိ တိုင်ဆိုနေဆဲပါ၊
 ၂
ချင်းတွင်းမြစ်စတင် စီးဆင်းရာနေရာတွင် ရွာလေးတစ် ရွာရှိသည်၊ ပဒူးမုန်းဟု ခေါ်ကြသည်၊ အရှေ့ဘက်ဆီက တနိုင်းချောင်း တောင်ယွန်းယွန်းဆီက နတ်မှော်ချောင်းတို့ပေါင်းဆုံပြီး ချင်းတွင်း အမည်ခံပြီး ဤရွာလေးနားမှ စုန်ကာ မြန်မာနိုင်ငံ အနောက်ခြမ်းက ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ မော်လိုက်၊ ကလေး၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ တို့ကို ဖြတ်သန်းပြီး စီးဆင်းသည်၊ တနိုင်းချောင်းနှင့် နတ်မှော်ချောင်းသည် ဧရာဝတီမြစ်ကို မေခနှင့် မလိခ ပေါင်းသလို ပေါင်းပြီးစီး ဆင်းသည်၊ မြစ်တို့သည် ချောင်းပေါင်းများစွာ ပေါင်းပြီး စီးဆင်းသလို ချောင်းလေးများ သည်လဲ သေးငယ်သော တောင်ကျ စမ်းရေတို့၏ အစု အပေါင်း ဖြစ်ပြန်သည်၊ နတ်မှော်ချောင်းကို မကျန်ခချောင်း နှင့် ရေကြည်ချောင်း တို့က ပေါင်းပြီး အားကူသည်၊ သူတို့ဆုံရာ နေရာလေးကို ချောင်းသုံးခွဟုခေါ်သည်၊
မြန်မာများ အောက်ရပ် အောက်ရွာက လာပြီး ရွှေလုပ်ကြသည်၊ နာဂလူမျိုးများလဲ ရွှေလုပ်ကြသည်။ ရွှေလုပ်ကြသော သူတို့သည် စက်ကြီး စက်ငယ်များသုံးပြီး မျောတိုက်ကြသောကြောင့် နတ်မှော်ချောင်းသည် ကြည်လင်သည် မရှိပါ၊ အမြဲတမ်းနီးပါ ၀ါကျင့်ကျင့်ဖြစ်နေတတ်သည်၊ မကျန်းခချောင်းလဲ ရေမကြည်ပါ၊ တိန်းညက်တောင်တန်းကြီးများဆီက စီးဆင်လာသော ရေကြည်ချောင်းလေးသည်သာ ကြည်လျှက် စီးဆင်း၏၊ ရေအောက်ကြမ်းပြင်က ကျောက်ရောင်စုံကို အတိုင်းသား မြင်ရသည်၊ ထိုချောင်းတို့ဆုံရာ ဒေသသည် ခရီကွာ လွန်း၏၊ သို့သော်ရောက်ခဲ့လျှင် ရေကြည်ချောင်းလေးကြောင့် ကြည်နူးရသည်၊ ရေစီးသံကြောင့် အေးချမ်း သည်၊ မြင်လှည့်၊ ရှုလှည့်၊ ခံစားစေချင်လှသည်၊
 ၃
ပဒူးမုန်းနာဂရွာလေးတွင် နာဂအိမ်ထောင်စု နှစ်ဆယ့်သုံးစု နေထိုင်သည်၊ အိန္ဒိယနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဂျဝါဟလာနေရူးရောက်ဖူးသည်၊ သမိုင်းဝင်ရွာလေးဖြစ်သည်၊ မြန်မာစာပေလောကတွင် ထင်ရှားသော နန်းဟာဗီးဝတ္ထုသည် ဤပဒူးမုန်းရွာလေးတွင် အခြေတည်ပြီးရေးဖွဲ့သည်၊ အနေဆင်းရဲသည်၊ လူရိုးသားသည်၊ တောင်တန်းနေသူတို့ဓလေ့ အတိုင်း အရာရာကို စိုးရွံ့ကြသည်၊ အစား၊ အ၀တ်၊ ပညာ၊ ဗဟုသုတသာ မွဲကြသည် မဟုတ်သေးပါ၊ နာမည်လဲ ဆင်းရဲသည်၊ မိန်းကလေးမှန်လျှင် အင်စော အမှည့်များသည်၊ ယောက်ျားလေးမှန်လျှင် ကျီးမိုး အမှည့်များသည်၊ မြန်မာနာမည် မရှိသလောက် ရှားသည်၊သို့သော် မအေးကြည် ကား ပေါများလှသည်၊ အဖွားအေးကြည်က အသက်ခြောက်ဆယ်ကျော် ရှိသည်၊ မအေးကြည်က အသက်နှစ် ဆယ်လောက်ရှိသည်၊ အေးကြည်ပူကတော့ (အဲဒီတုန်းက )လွန်ခဲ့တဲ့ သုံးနှစ်လောက်က အသက်တစ်ဆယ့် လေးနှစ်လောက်တော့ရှိမည်၊ 
အဖွားအေးကြည်က ဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်းသို့ လာသည်၊ အေးကြည်ပူ က မနက်တိုင်း အာရုဏ်ဆွမ်းလာပို့တတ်သည်၊ ကျန် မအေးကြည် တစ်ယောက်က အနေရိုးသည်၊ ရံဖန်ရံခါသာ ကျောင်းသို့ လာတတ်သည်၊ နာဂလူမျိုးလို့မထင်ရအောင် လှသည်၊ တည်ငြိမ်သည်၊
မြန်မာစကား မကြားရသောနေရာဒေသ၊ အေးချမ်းသောနေရာ၊ တောင်တန်းများသာ ရှိသောဒေသ၊ ချောင်း မြောင်းတို့စီးဆင်းဖြစ်ထွန်းရာ နေရာက ပဒူးမုန်းရွာလေးတွင် မအေးကြည် အမည်ကား ထင်ရှားတော့သည်၊ တည်ငြိမ်ပြီး လှတဲ့ မအေးကြည်သည် ရွှေလုပ်သည်၊ တစ်ခါတရံ ရေကြည်ချောင်း သို့သွားတတ်သည်၊ မြန်မာစကား ကောင်းကောင်း ပြောတတ်သည်၊ ဆယ်တန်းအောင်မြင်သော သူနှစ်ယောက်တွင် မအေးကြည် ပါသည်၊ နောက်တော့ ရန်ကုန်မြို့သို့လိုက်သွားသည်၊
ရေကြည်ချောင်းသို့ရောက်တိုင်း မအေးကြည်တွေကို သတိရနေမိတတ်သည်၊ လှတဲ့မအေးကြည်ကိုကား အထူးသတိ ရမိသည်၊ ပုဂံပြည်က မြကန်သို့များ မအေးကြည် ရောက်ခဲ့လေမလားတွေးမိသည်၊ ရေကြည်ချောင်းလေးသို့ကား မအေးကြည် ပြန်မလာတော့ပါ၊ နန်းဟာဗီးလို မြို့နေလူတန်းစားတို့၏ အထင်သေး အမြင်သေးကြည့်ခြင်းများ ခံရလေမလား တွေးမိသည်၊
ပုဂံပြည်က မြကန်၊ ချင်းတွင်းမြစ် ထက်ဖျားဆီက ရေကြည်ချောင်း၊ ပြီးတော့ မအေးကြည်တို့ကို အဆက်စပ်မဲ့သတိရနေတတ်သည်၊
မြကန်၊ ရေကြည်ချောင်း နှင့် ……………….။

No comments:

Post a Comment