Pages

Thursday, May 26, 2011

သူ နဲ့ ကျနော်


 ပုံရိပ်

ချင်းတွင်းဆီသို့ ပြန်ရောက်ဖြစ်တယ်၊ မြစ်ရေကြည်သည် ညင်ညင်သာသာ ဖြေးလေး ညှင်းတွဲ့ စီးဆင်းနေတယ်၊ ချင်းတွင်းသည် ပြည့်ပြည့်ဖြိုးဖြိုးမဟုတ်ပဲ အရွယ်ကျနေသော သူတစ်ဦးကိုကြည့်ရ သလိုဖြစ်နေတယ်၊ အော် ချင်းတွင်း သင်လှခဲ့၊ မာန်ကြွယ်ခဲ့၊ ဘယ်သူ့ကိုမှ မမှု၊ တွေ့သမျှကို ပြုချင်တိုင်းပြုပြီး ပြေးထွက်ရှောင် ပြေးသွား တတ်တဲ့ သင့်ရဲ့ပုံရိပ်တို့ကို လွမ်းနေမိတယ်၊ ဟုတ်တော့လဲ ဟုတ်ပါတယ် ချင်းတွင်ရယ် ငါအရောက် နောက် ကျတော့ သင့်ရဲ့ပြည့်ဖြိုးတဲ့ အလှကို ဘယ်မြင်ခွင့်ရမလဲ၊ ကြည့်စမ်းပါဦး၊ ချင်းတွင်းရယ် ပိန်ပျော့ပြီး စီးဆင်းမှု များပင် ပြတ်တောက် သွားမယောင်ထင်မိတယ်၊

သင့်ကို ကြည့်ရတာ ငါတောင် အသက်ရှုမ၀သလို ခံစားမိပါရဲ့၊ ကြည့်လိုက်စမ်းပါ့၊ ရာသီကောင်းချိန်ဆို သင့်ကို မထေမဲ့မြင်ပြုဖို့ မပြောနဲ့ အနားကပ်လာရင်တောင် ရေအောက်စုံးစုံးမြှုပ်ပြစ်နိုင်တဲ့ တစ်ချိန်က ခွန်အားတွေ ကိုမှ မထောက် ပိန်းကောလေးနဲ့ တစ်ဘက်ကမ်း ကူးသွားကြတဲ့ သူတွေက ရက်စက်တယ် ထင်မိတယ်၊

မြင်ခဲ့ရဖူးတယ် ချင်းတွင်းရယ်၊ တိမ်တောင်တိမ်လိပ် မိုးရိပ်တွေနဲ့ အတူ တောတန်းကိုမမှု၊ တောင်တန်းတွေကို ဖြတ်ပြီး တေးသံစဉ်တလွင်လွင် အားမာန်အပြည့် ကြွကြွရွရွ လှလိုက်ပုံများ၊ ရောင်စုံတောက်တဲ့ တိမ်စိုင်တွေ တောင်ရှုံးလောက်အောင်လှခဲ့တဲ့ ချင်းတွင်း၊

ဆောင်းဆို ရှက်လို့ ထင်ရဲ့ နှင်းပ၀ါကြီးခြုံပြီး ဘယ်သူမှ မနိုးသေးခင် အသံလွင်လွင်ပေးပြီး အဝေးကြီးကို ခရီးနှင် ရတယ်၊ တကယ့် အဝေးကြီးပါ၊ ခရီးဆုံးအောင် မပြေးနိုင်ဘူးထင်ရဲ့၊ မြစ်မင်း ဧရာရင်ခွင်ထဲ ခိုဝင်ပြီး ခရီး ဆက်ရတယ်၊ စာနာမိပါတယ်၊ ချင်းတွင်းက တော အထပ်ထပ် တောင် အသွယ်သွယ်ကို ဖြတ်ရတယ်၊ အကြင်နာမဲ့ လူသားတိုရဲ့ တူးဖြိုခြင်းကို ခါးစီးခံရတယ်၊ တစ်ပါးသူ့ ရင်ခွင်ခိုဝင်လို့ သစ္စာမဲ့တယ်လို့ မပြော ရက်ဘူး ချင်းတွင်းရယ်၊

အခုတော့ မြင်ရပြီ၊ နွေ တပေါင်းက ညှဉ်းလို့ထင်ရဲ့ ခိုးငွေ့တွေ တလူလူနဲ့ မှုန်တေကြီးလုပ်လို့၊ ဗျိုင်း တစ်အုပ် က ခပ်နိမ့်နိမ့် ပျံသန်းပြီး မထေမဲ့မြင် ပြုသွားတယ်၊ တစ်ဘက်နဲ့ တစ်ဘက်ထိလုနီး သောင်းကမ်း တွေကလဲ မျက်နှာမှာ အမာရွတ်တွေ ပေါက်နေသလိုပဲ ပြည့်လို့၊ သောင်ပြင်ကြီး ကြားဖြတ်လို့ ဖြစ်နေလိုက်ပုံများ မျက်နှာ ပြင်မှာ ဟက်တက်ကွဲ ဒဏ်ရာကြီးကို ကြည့်ရသလိုပဲ၊ ပြန်မတွေ့တော့ဘူး ထင်မိတာ၊ ပြန်ဆုံဖြစ်သေး လို့ဝမ်းသာနေမိတယ်၊


သရုပ်မှန် (၀န်ခံချက်)


ချင်းတွင်မြစ်ဖျားရှိ ပဒူးမုန်း နာဂရွာလေးတွင် တောင်တန်း သာသနာပြုဘ၀ဖြင့် နှစ် နှစ် တာနေ ခဲ့ရ ဖူးသည်၊ မိုးတွင်း အခါ ချင်းတွင်းမြစ် ရေကြီးတာကို ကြုံခဲ့ရဖူးသည်၊ ကမ်းလုံးလျှံပြီး ကမ်းနားက နာဂရွာ တွေနဲ့ ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝ၊ ကလေးမြို့၊ မင်းကင်းနှင့် မုံရွာမြို့ကြီးတွေကို ခြိမ်းခြောက် နိုင်ခဲ့သည်၊ ဆောင်း အခါလဲ သူနဲ့ နီးနီးနေဖူးသည်၊ နှစ်စဉ်ဘုရားပွဲ အတွက် သောင်ပြင်တွင် တဲထိုးပြီး ချမ်းအေးတဲ့ ပြာသိုလ မှစတင်ပြီး တပေါင်းတိုင်အောင် ချင်းတွင်းမြစ်ရိုး တစ်လျှောက် စုန် ဆန်နေတဲ့ သင်္ဘော၊ မော်တော်များကို အားမနာ ပါးမနာ အရပ်ခိုင်းပြီး အလှူခံရသည်၊ သောင်ပြင်ဆီက ဖြတ်တိုက်လာတဲ့ လေအေးအေးတို့က ဆောင်းမှန်း သိအောင်ပြသည်၊ 

ဆောင်းခါကာလ အားနွဲ့ခဲ့သမျှ နွေတွင် ရေမပြတ်ရုံတမယ် ရှိတော့သည်၊ အဲဒီလို နှစ် နှစ်တာ ကာလနေခဲ့ရပြီးထိုင်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံတို့သို့ ရောက်ခဲ့ရသည်၊ မြန်မာပြည်သို့ ခဏ ပြန်ရောက်ခိုက် ခန္တီးနယ်၊ လက်ပံသာကျေးရွာတွင် မိမိကိုယ်တိုင် ဦးစီး ဆောင်ရွက်ခဲ့ရသော ကျောင်းအောင်ပွဲ ရေစက်ချ ပင့်သဖြင့် မန္တလေးမြို့မှ ခန္တီးမြို့သို့ ရုတ်တရက် သွားခဲ့ရသည်၊

ချင်းတွင်းမြစ်ဘေးက ပဒူးမုန်းနာဂရွာလေးတွင် တစ်ညအိပ်ခဲ့သည်၊ လွမ်းစရာများ ပြောမပြတတ် အောင် ရှိလှသည်၊ မိုင်ပေါင်း ၇၅၀ ရှည်သော ချင်းတွင်းမြစ်သည် သမိုင်းတွင် မှတ်တမ်း တင်ရလောက်အောင် ရေအား နည်းနေသည်ဟု မှတ်တမ်းတွေ့ရသည်၊ 

သူတို့မှတ်တမ်း မတင်လဲ ချင်းတွင်းကို နားလည်သည်၊ ဥသြသည် လွမ်းလွမ်း ဆွေးဆွေး အော်မြည်သည်၊ ချင်းတွင်းသည် တောင်တန်းများ အကြား ခေါင်းလျှိုး နေရသော အဖြစ်ကို အပြန်ခရီး လေယျာဉ်ထက်မှ ကြည့်ရ၊ မြင်ရသည်မှာ……………။

No comments:

Post a Comment