Thursday, January 13, 2011
မတူပါ
နေ့လည် နေ့ခင်း ဆွမ်းစား၊ သပိတ်ဆေးကြောပြီးလျှင်ဘာအသံမှ မထွက်စေရ၊ တိုးတိုးတိတ်တိတ်နေရမည်။ ကျောင်းတွင်း စာမေးပွဲကျ၍ စာကျက်ဒဏ်ကျလျှင်လဲ မိမိနေရာတွင် သီးခြားကျက် မှတ်ခွင့်မပြုပါ။ စာကျက်ရာနေရာတွင်သာ သွားရောက်ပြီး ကျက်ကြရသည်။ ဆွမ်းစားပြီးခဏ ကျိန်းစက်လိုသော ပုဂ္ဂုလ်များ အတွက် အနှောက်ရှက်မဖြစ်စေရန် ရည်ရွယ်၍ အမိန့်ထုတ်ထားခြင်းဖြစ်ပါသည်။
တခါက အိပ်ချိန်တွင် သင်္ကန်းလျှော်သောကြောင့် ရောက်ခါစ ကိုရင်ကြီးတစ်ပါး အရိုက်ခံရဖူးသည်။ သင်္ကန်းလျှော်သောကြောင့် လိုရင် မဟုတ် ကျောင်းစည်းကမ်းကို သေသေချာချာ မဖတ်၍သာ မသိခြင်းကြောင့် ရိုက်ခြင်းဖြစ်သည်။ ထို့ကြောင့်ဆွမ်းစားပြီးစ အချိန်တွင် တိတ်ဆိတ်နေတတ်သည်။ မတတ်သာ စာဝါရှိ၍ သွားရန်လိုအပ်လျှင်လည်း ကျိန်းစက်နေသော ကိုယ်တော်များ မနိုးစေရအောင် တိုးတိုးတိတ်တိတ်ဖြင့် သွားလာလှုပ်ရှားရသည်။ မိမိတို့ကျောင်းတိုက်မှ အခြားကျောင်းတိုက်သို့ သွားရောက်ပြီး စာဝါတက်ရပါလျှင် ဆွမ်းစားပြီး ကျိန်းစက်ချိန်မရကြပါ။
ချမ်းသာကြီးကျောင်းတိုက်၊ အတုလဇေယျုံတွင်ကျောင်းတွင် နေ့လည်ဆဲ့တစ်နာရီ၌ ဆွမ်းစားရလေ့ရှိသည်။ ဆွမ်းစား၊ သပိတ်ဆေးခြင်းစသော ကိစ္စများဆောင်ရွက် ရန် နာရီဝက်ခန့်ကြာတတ်ပါသည်။ စာသင်သား သံဃာ များသောကြောင့် တစ်နှင့် တစ်ဦး ရေတွင်း တွင် ရေပုံးရရန် တန်းစီရသည်ပင် တော်တော်နှင့် မရနိုင်ပါ။ ဆေးကြောသုတ်သင်ပြီးလျှင် နေ့လည်ဘက် စာဝါ မ၀ါမရှိသော ဦးဇင်းကိုရင်များ ခဏအိပ်ခွင့်ရသည်။ အခြားကျောင်းသွားပြီးစာဝါတက်ရမည့် သူများမှာ အိပ်ချိန်ကောင်းကောင်းမရကြပါ။ အိပ်ပြန်လျှင်လဲ ခဏသာမို့ မအိပ်ကြတော့ပဲ မိမိတို့လိုက်ရမည့် စာဝါကိုသာ မသွားမီ အာရုံပြုကြရသည်။ စာကြည့်ရင်း ခဏမျှအိပ်ပျော်တတ်သည်လည်း ရှိ၏။ နိုးပြီးသည်နှင့်မျက်နှာသစ် အတူစာဝါလိုက်မည့် သူများကို အသိပေးပြီး အသာအယာ ထကြရ၏။ ချမ်းသာကြီးကျောင်းတိုက်မှ ၂၆ လမ်းကိုကူပြီး မိုးကောင်းတိုက်သို့ သွားပြီး လိုက်ရသောမိမိတို့ သူငယ်ချင်းတစ်စုမှာ ကောင်းကောင်းအိပ်ချိန်မရကြပါ။ မှတ်မိပါသည်။ ဦးစန္ဒာဝရ၊ ဦးညာဏ၀ရတို့နှင်အတူ မိုးကောင်းကျောင်းတိုက်၊ ၀ါးတန်းစာချကျောင်းတွင် ရူပသိဒ္ဓိစာဝါ လိုက်ကြရသည်။ ကျောင်းမှ ထွက် ခဲ့ရာ စာဝါလိုက်ရမည့် ကျောင်းသို့ တစ်နာရီထိုးခါနီးတွင် ရောက်ကြပါသည်။ စာလိုက်ကြသော အခြားကျောင်းမှ မိတ်ဆွေများကိုလဲ တွေ့ရသည်။
စာချဆရာတော်မှ" ငါ့ရှင်တို့ ၊ငါ့ရှင်များ ဒီကနေ့ တပည့်တော်တို့ သဒ္ဒါစာဝါပို့ချလို့ ငါ့ရှင်များလာပြီး လိုက်ကြတယ်။ ပထမလတ် တန်းရောက်နေမှတော့ သဒ္ဒါစာဝါဆိုတာ သိပ်ပြီးမဆန်းလောက်တော့ပါဘူးလို့ ထင်ပါတယ်။ ရူပသိဒ္ဓိကိုတော့ အခုမှ တက်ဖူးတာဖြစ်ချင်ဖြစ်မယ်ပေါ့။ အဲတော့ သဒ္ဒါကြီး စကျက်တော့ အတ္ထော အက္ခရသညာတော ဆိုတာကျက်ခဲ့ကြဖူးပြီပေါ့။ ဒီမှာ အတ္ထော ကိုဖွင့်ကြတယ်သဒ္ဒါပညာရှင်တွေက သူတို့ သဘောပေါက်သလိုပေါ့ သီဟိုဠ်ဆရာအကျယ်ဖွင့်ရေးတော့ သီဟိုဠ်ဖွင့်ပေါ့ မြန်မာတွေလဲ သဒ္ဒါကျမ်းတွေ ဖွင့်ဆိုရေးသားခဲ့ကြတာပဲ နောက်တော့ တွေ့ပါလိမ့်မယ်။ ကျမ်းကို စပြီး မလေ့လာ သေးခင် အနက်ဆိုတာကို ပြောရအောင်ပါ။ ငါ့ရှင်တို့ နားလည်အောင် ပြောရရင် ဥပမာ ဂေါ ပေါ့၊ ဂေါလို့ အသံကြားရုံသက်သက်ဟာ သဒ္ဒါပဲ၊ နောက်တော့ တွေးပြီးကြည့်တယ် ဂေါ သဒ္ဒါရဲ့ ဆိုလိုချက်ကို မြက်ခင်းပြင်မှာ တဘူးဘူးမှုတ်ပြီး မြက်စားနေတဲ့ ချို ၂ချောင်းနဲ့ အကောင်ကိုပေါ့။ ဂေါလို့ ကြားလိုက်တာနဲ့ မြက်စားနေတဲ့ အခုန ပုံမျိုးမြင်ရင် အတ္ထ ဖြစ်တာပဲ။ နည်းနည်း အကျယ်ချဲ့ပြောရရင် သဒ္ဒ၊ အတ္ထ၊ ပရမတ္ထ ဆိုပြီးပေါ့၊ အသံကြားပြီး နွားမှန်းသိပြီးတဲ့ အကောင်ကို သေချာစစ်ကြည့်လိုက်တော့ ဘာတွေလဲ ရုပ်နဲ့ နာမ်လို့တွေ့တယ်။ သဒ္ဒါ နဲ့ အတ္ထပေါင်းပြီးသိတဲ့ ပညတ် အသိထက် ပိုပြီးတော့ခက်တယ် မြင်တတ်ဖို့က ဒါကြောင်မို့ အဲဒါကို ပရမတ္ထ လို့ခေါ်တာ။ သဒ္ဒရယ်၊ အတ္ထရယ်၊ ပရမတ္ထရယ်လို့ အကျဉ်းအားဖြင့်မှတ်လိုက်ပါ။ ကဲ အိပ်ချင်ပြေလေး ရေးလိုက်ကြဦးစို့"။
ကျောင်းက အိပ်ခွင့် မရသဖြင့် တခါတရံ ခေါင်းနှင့် ကြမ်းပြင်တိုက်မိသော အသံမျိုးစာချဆရာတော် ကြားမိပါလိမ့်မည်။ အငိုက်မိသော တစ်ချို့ကိုယ်တော်များ ရီပြုံးပြုံးလုပ်နေကြသည်။ မိမိမှာ လူမိသဖြင့် ပတ်ဝန်းကျင်သို့ အရှက်ပြေလှည့်ကြည့်ရာ တချို့ကိုယ်တော်များမှာ 'အိပ်ချင်ပြေလေး ရေးလိုက်ရအောင်'ကိုပင် ကြားလိုက်ရဟန်မတူပါ။ ရူပသိဒ္ဓိ စာအုပ်ထူထူ အကြားတွင် ခေါင်းစိုက်လျှက်ပင်ရှိနေတတ်၏။ ဆရာတော်ပြုံးပါသည်။ အခုလိုအိပ်ချိန်ကြီး စာလာပြီးလိုက်ကြသည်ကို ပင်ကျေးဇူးတင်မိကြောင်း အခွင့်သင့်တိုင်း ပြောပြသဖြင့် ကြည်ညိုမိပါသည်။
မိုးကောင်းတွင် ၀ါတန်းစာချကျောင်းတွင်သာမက ဆိုပါကျောင်းနှင့်ကပ်လျှက် အရှေ့ဘက်က ရွှေရတနာ အုဋ်ကျောင်းတွင်လဲ သဒ္ဒါစာဝါလိုက် ရပါသေးသည်။ ပထမကြီးတန်းအောင်မြင်ပြီးနောက်တွင်လဲ ဆိုပါ ကျောင်းတွင် သီလက္ခန် ပါဠိတော်ကို အနက်ကို စနစ်တကျ လိုက်ဆိုရပါသေးသည်။ ထိုဆရာတော်မှာ ပိုပြီး ထူးခြားပါသည်။ စာဝါမလိုပ်မီ တွင် ဘုရားစင်ရှေ့တွင် ကပ်လှူထားသော ဖျော်ရည်၊ သရက်သီး၊ ငှက်ပျော်သီးစသည်တို့ကို စွန့်ပြီး စာလိုက်ဦးဇင်း၊ ကိုရင်တို့ကို ကြွေးမွေးပြီးမှ ပို့ချရမည့် စာဝါကို ပို့ချပေးပါသည်။ စာချရာတွင်လဲ ဆရာ၊ တပည့် ကြမ်းပြင်တွင် အတူထိုင်ကာ ပို့ချပေးပါသည်။ ညီရင်းအကိုပမာစေတနာထားပြီ ပို့ချပေးပါသည်။
ကံကောင်း ထောက်မ၍ သီရိလင်္ကာနိုင်ငံရှိ Kelaniya University တွင် တက်ရောက်သင်ယူရသောအခါ မန္တလေးကစာသင်သားဘ၀ကို လွမ်းသည်။ ဆရာတွေပို့ကြသမျှသည် ဤနိုင်ငံတွင် ပို့ချပေးနေသော စနစ်များထက် အသေးစိတ်ပြီး နားလည်လွယ်သည်။ စေတနာပိုသည်။ စာဝါလဲလိုက်စေ၊ စားစရာလဲကြွေးပါသည်။ အိပ်ငိုက်နေသော တပည့်ကိုပင် " အိပ်ချင်ပြေလေး ရေးလိုက်ကြဦးစို့" ဟု အသာတကြည် ပြောပြီးပို့ချပေးပါသည်။ တစ်ခုတော့ ပြောစရာရှိသည်။
မြန်မာပြည်က ဆရာတော်များသည် မိခင်ဘာသာစကားကို အသုံးပြုကြပါသည်။ ဤနိုင်ငံတွင်မူကား international languageဖြစ်သော English ကို အသုံးပြု ပြီး သင်ယူပို့ချကြပါသည်။ နိုင်ငံ အစုံကလာပြီး လေ့လာကြရသည်။ ထိုအထဲတွင် မြန်မာပြည် စာသင်တိုက်ကြီးများတွင် ဆရာနည်းကျ သင်ယူခဲ့ကြသော မြန်မာစာသင်သားများမှာ အများစုပင် ဖြစ်သည်။ သူတို့ပြောပြ၊ ပို့ချသွားမျှကိုမြန်မာပြည်ကတည်းကပင် အားလုံးလေ့လာသိရှိပြီးသည်ကများပါသည်။ သို့သော် အင်္ဂလိပ်ဘာသာ စကားလေ့လာမှုနည်းပါးမှုကြောင့် သူတို့ပိုချသမျှလိုက်မမီခြင်းက မြန်မာ ပြည်က စာသင်သားများကို အဟန့်အတားဖြစ်စေပါသည်။ သိပြီးသားများပင်ဖြစ် ပေမယ့် ပြန်လည်မေးခွန်းထုတ်ကြခြင်းမျိုး တွေ့ရခဲပါသည်။ မြန်မာပြည်တွင်ရှိသော သာသနာ့တက္ကသိုလ်များတွင်သာမက ပြင်ပစာသင်တိုက်များပါ အင်္ဂလိပ်စာကို ထည့်သွင်းသင်ကြားခြင်း
ပြုမည်ဆိုပါလျှင် နိုင်ငံခြားသို့ ကြွရောက်ကြမည့် ရဟန်းတော်များအတွက် ဘာသာစကားအခက်အခဲ နည်းပါးသွားနိုင်ပေသည်။
မန္တလေးက စာသင်သားဘ၀ကို လွမ်းရင်းနဲ့ပဲ ၂၀၁၀ ခု အတွက် သီရိလင်္ကာနိုင်ငံ Kalaniya University တွင် M, A တန်းကိုဖြေဆိုပြီးစီးခဲ့ရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment