တောကျောင်းလေးတွင်ဖြစ်ပါသည်။ တကယ့်တော ကျောင်းလေး တစ်ဆောင်ပင်ဖြစ်ပါသည်။ ချင်းတွင်း မြင်ဘေးတွင် တည်ရှိပါသည်။ ဤကျောင်းလေးကို လွန်ခဲ့သောဆယ်နှစ်ခန့်ကတည်ထောင်ခဲ့ခြင်းဖြစ်
သည်။
စေတီတော်တစ်ဆူလဲ တည်ထားကိုးကွယ်ခဲ့သည်။ ဇိနမာရ်အောင် စေတီတော်ဟု အမည်တွင်သည်။
ချင်းတွင်မြစ်၏ အစတွင် ရွာလေးတစ်ရွာရှိပါသည်။ နာဂရွာလေးဖြစ်၏။ ဤရွာလေးသို့ နိုင်ငံဆောင်များရောက်ဖူးကြသည် ဆိုပါသည်။ ၀န်ကြီးချုပ် ဦးနု ရောက်ဖူးသည်။ အိန္ဒိယနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဂျဝါဟာလာ နေရူးလဲ ရောက်ဖူးသည်ဟု ရှေ့မီ နောက်မီ နာဂအဖိုးအဖွား များ၏ ပြန်ပြောပြချက်တို့ကို ကြားရသည်။
သေချာသည်က စာရေးဆရာ လူထုဦးလှ ရောက်ဖူးသည်။ နောက်တစ်ရောက်မှာ ရန်ကုန် ဘဆွေ သူ ဘယ်မျှကြာအောင်နေသွားသည် မသိရသော်လဲ သူ့ လက်ရာ အနန်းဟာဗီးကို ယနေ့တိုင်း ဖတ်ရှုပြီး လေ့လာနိုင်သည်။ သူတို့ရွာရောက်တော့ အနန်းဟာဗီး အကြောင်းမေးမိသည်။ လူကြီးများက ဆိုပါစာအုပ်အကြောင်း မေးသည်ကို မကြိုက်ကြပေ။ သူတို့အဲလောက်မရိုင်းကြကြောင်း ပြန်ပြောပါသည်။ လူငယ်များကမူ ထို့ထက်ဆိုးနိုင်ကြောင်း တိုးတိုးတိတ်တိတ် ပြောကြပြန်သည်။ စာရေးဆရာရေးသာချက်တို့မှာ နေရာ ဒေသ အရပြောရပါလျှင် မှန်ကန်ပါသည်။
ဆိုပါ နာဂရွာလေးအနီးတွင် ရှိခဲ့ဖူးသော ကချင်ရွာလေး သဲလုံ အကြောင်းကို တွေ့ရသည်။ သိမီလိုက်သူတို့ ပြန်ပြောပြချက်အရ ပစ်ခတ်မှု ဖြစ်ပွားသောကြောင့် ရွာလိုက်ပြောင်းလိုက်ရခြင်းဖြစ်သည်။ ပြောင်းရွှေ့သွားသော ရွာလေးကို ခန္တီး တစ်ဘက်ကမ်းတွင် ယခုတွေ့နိုင်ပါသည်။ ကချင်ရွာဟုခေါ်သည်။ ခန္တီးတွင် ဆရာဝန် အဖြစ်ဖြင့် တာဝန်ကျဖူးသော စာရေး ဆရာ ကိုတာက သူ၏ တောင်ရောက်မြောက်ရောက် ဆရာဝန်စာအုပ်တွင် ဤပဒူးမုန်း ရွာလေးကို မှတ်တမ်းတင်ထားသည်။ သူတို့ တွေ့တုန်းက ရွာလေးမှာ ရွာဟောင်းဖြစ်၏။
၁၉၉၂ ခုနှစ်နောက်ပိုင်းတွင် သူတို့ ရွာပြောင်းလိုက်ကြသည်။ ရွာလေးကို တောအုပ်များက ၀ိုင်းထားသည်။ စေတီတော်လေးနှင့် ဘုန်ကြီးကျောင်းသာ မရှိခဲ့လျှင် သူတို့ကို မြင်ရဖို့ခက်နိုင်သည်။ တောထဲတွင်ပင် နေကြသည်။ တောင်ယာတွင် သူတို့ဘ၀ ကုန်ဆုံးသည်။ ရိုးသားကြသည်။ ထိုရွာလေးကို ပဒူးမုန်းဟုခေါ်သည်။ လေတံခါးဝ ဟုဆိုလိုကြောင်း သိရသည်။ ကချင်ပြည်နယ်ဘက်မှ စုန်ဆင်းလာသော ခရီးသည်တို့သည် ချင်းတွင်း မြစ်ကြောင်းတွင် ဤရွာလေးကို ပထမဆုံးတွေ့ရသည်။ ထိုကြောင့် မြိုတံခါးဝဟုခေါ်ကြောင်းပြောကြသည်။ ခန္တီးမြို့၏ တံဝါးဝ ဖြစ်ပါသည်။
နောက်တစ်မျိုးမှာ ထူးခြားပါသည်။ ပို၍ခိုင်မာသည်ဟုလဲ ပြောနိုင်သည်။ ညနေတိုင်း ခြောက်နာရီ ထိုးလျှင် တနိုင်းချောင်း တစ်လျှောက် တိုက်ခတ်လာသော လေနုအေးတို့သည် ဤရွာလေးသို့ ရောက်သည်ထင်ပါသည်။ နေ့ဘက်တွင်တော့ ဘယ်တွင် ပုန်းနေသည် မသိရပါ။ တစ်ညလုံးလေတို့ တိုက်ခတ်သည်။ ထို့ကြောင့် လေတံခါးဟုခေါ်သည်။ ရှမ်းစကားဟု ပြောပါသည်။ အနီးအနားတ၀ိုက်တွင် ရှမ်းရွာ၊ ကချင်ရွာများလဲ ရှိကြသည်။ ကချင် စကား ရှမ်းစားဖြင့်လဲ ပြောဆိုဆက်ဆံနိုင်သည်။
ထိုရွာလေးသို့ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလတွင် ရောက်ခဲ့ပါသည်။ ညနေပိုင်း တွင် ရောက်လာခဲ့ရာ ရွာလေးသို့အ၀င် ကုန်းမော့မော့ လေးသို့ အတက် တွင် လေနုအေးတို့က စိမ့်ကနဲ့နေအောင် ၀င်ရောက်တိုးဝှေ့ပါသည်။ ထိုလေ အေးအေးကို နှစ် နှစ်ခန့် ကြာအောင် ခံစားခဲ့ရပါသည်။ တွေလိုက်တိုင်း စိမ့်ကနဲ့နေအောင် ခံစားမိသည်။ စိတ်အစဉ်သည် အတိတ်ဆီသို့ ပြန်ရောက်တတ်ပြန်သည်။ ထိတ်စရာ ညများရှိခဲ့ဖူးသည်။ ထိုညများကို တွေးလိုက်လျှင်လဲ စိတ်ထဲ 'စိမ့်'ကနဲ့နေအောင် ခံစားမိတတ်ပြန်သည်။ တတ်ဆိတ်နေသော ည များတွင် ကျောင်းအောက်ဘက် ဆီမှ စကားအပြန်အလှန်ပြောသံကြားရတတ်သည်။
နောက်နေ့မနက် မေးကြည့်ပါလျှင် ဘယ်သူမှ မပြောကြပါဟု ပြောကြသည်။...ထိတ်ကနဲ့....
No comments:
Post a Comment