့'ဘုန်းကြီးဘုရား တပည့်တော် အရင်ကဘုန်းကြီးတွေကို အသံပဲကြားဖူးပါတယ်။ မျက်နှာ မမြင်ဘူးပါဘုရား။ ဘုန်းကြီးကြတော့ အသံလဲကြးဖူးပါတယ်။ ရုပ်လဲဖူးတွေ့ရလို့ ၀မ်းသာမိပါတယ်ဘုရား။ တပည့်တော် အရှင်ဘုရားကျေးဇူးကို မမေ့ပါဘူးဘုရား။ နောက်လဲ မကောင်းတာတွေ မလုပ်ပါဘူးလို့ ဘုန်းကြီးကို ကတိပေးပါတယ်" ဟုပြောရင်း နာဂလူမျိုး ဦးဟန်းကမ်း ငိုပါတော့သည်။
သူငိုတော့တစ်မျိုးခံစားရပါသည်။ ဦးဟန်းကမ်းမှာ ကျောင်းတွင် ခေါ်ထားသော ရွာထဲမှ နာဂလူမျိုး မျက်စိကွယ်နေသူဖြစ်ပါသည်။
ဒီရွာကတောကျောင်းလေးကို ယခင်ကဘုန်းကြီး ခြောက်ပါးခန့်လာရောက် သီတင်းသုံး နေထိုင်ခဲ့ကြဖူးပါတယ်။ ခက်ခက်ခဲခဲ နေထိုင် သီတင်းသုံးခဲ့ကြသည်။ ဆရာတော်တစ်ပါးမှာ အသက်ပင်ပေးသွားခဲ့၏။ ယခု အချိန်တိုင်လဲ ပြောနေကြဆဲပင်ဖြစ်၏။ သောင်ပြင်၌ မီးသဂြိုဟ်လိုက်ကြသော အဖြစ်အပျက်ကို အမှတ်ရကြောင်း ပြောနေဆဲ။ ငှက်ဖျားကလဲ ကြမ်းကြမ်း လမ်းပန်း ဆက်သွယ်ရေးက ခက်ခက် မြို့တက်ဆေးကုရန် အချိန်မမီသဖြင့် အသက်ပေး ခဲ့ရခြင်းဖြစ်ကြောင်းပြောကြပါသည်။
နောက်ပိုင်းတွင် ဘုန်းတော်ကြီးများကျမ္မာရေးကို ဂရုစိုက်ကြပါသည်။ မိမိသည် ထိုတောကျောင်းလေးကို ၂၀၀၇ နောက်ပိုင်းတွင် ရောက်လာခဲ့ရသည်။ ဒီရွာဒီကျောင်းလေးကို ရောက်လာတော့ ဦးဟန်းကမ်းက ရွာထိပ်က ကျောင်းအိုလေးမှာနေပါသည်။ နောက်တော့ အသက်လဲကြီး၊ ကျမ္မာရေးလဲ မကောင်းတော့သဖြင့် ကျောင်းသစ်သို့ခေါ်လိုက်သည်။ ကျောင်းကပင် သူ့စားသောက်ရေးကို တာဝန်ယူရတော့သည်။
အစပိုင်းတွင် ဦးဟန်းကမ်းသည် အလေ့အထဟောင်းများအတိုင်း ကျောင်းပြန်နောက်ကျသည်။ အရင်က သုံးစွဲနေကြ ဘိန်းကိုလဲ အခြေအနေပေါ်မူတည်ပြီး လုပ်တတ်သည်။ ငယ်ငယ်ကတည်းက စွဲလာသော ဘိန်းမှာရံခါ အဆင်မပြေပါက သူများ ရှူပြီးသား ဘိန်းဘူးမှ ရသော 'တော်ပါရည်' ကို တောင်းပြီးသောက်တတ်ကြောင်း ပြောပြကြသည်။ မျက်စိမြင်ရစဉ်က ဆိုးသွမ်းခဲ့သောကြောင့် သူ့ကို လန့်ကြောက် ကြောက်ခဲ့ကြရသည့် ရွာသား အများစုမှာလဲ ဆွေမျိုးမကင်းပေမယ့် အကြင်နာတရားကတော့ ကင်းခဲ့ကြပြီ။ နောက်ဆုံးတွင် ဘုန်းကြီးကျောင်းတွင်သာ လာရောက်ပြီး ပို့ကြတော့၏။
' ဒကာကြီး တစ်ယောက်တည်းပဲနော်၊ အရင်ကဆွေမျိုးတွေ မရှိဘူးလား' ဟုမေးလျှင် ငေးနေတတ်သည်။ နောက်ပိုင်း အနေကြာလာသောအခါ တစ်ရွာလုံးမှာ သူ၏ ဆွေမျိုးများပင်ဖြစ်ကြောင်း ပြောပြပါသည်။ သို့သော် မျက်လုံးမြင်ရစဉ်က အနိုင်ကျင့်ခဲ့သောကြောင့် သူ့အပေါ်တွင် အခင်အမင် ပျက်ခဲ့ကြ၏။ နောက်ဆုံး ရွာတွင် သူကြီးလုပ်နေသော သူသည်ပင် သူ၏ တူတော်ကြောင်းပြောပြတော့သည်။
ဒီအကြောင်းတွေကြားရတော့ စိတ်မကောင်းဖြစ်မိသည်။ ဘယ်သူတွေဘယ်လို ဆက်ဆံ ဆက်ဆံ သူ့ကို ကျောင်းသို့ခေါ်ပြီး ကြွေးထားလိုက်၏။ သို့သော် ညတိုင်းဘုရား ရှိခိုးရမည်။ မနက်စောစော ထရမည်။ ကျောင်းကိုလဲ တတ်နိုင်သလောက် စောင့်ရှောက်ရမည်။ ဘိန်း လျှော့ရမည်။ ကျောင်းပြန်လာချိန်မှရမည်။ နောက်ပိုင်းတွင် သူ့ကို ပုတီးအစိပ်ခိုင်းသည်။ မေတ္တာ အပို့ခိုင်းသည်။ ရံခါ ဆေးလိပ်ဖိုးတောင်းတတ်သည်။ ကျမ္မာရေး မကောင်းသောအခါ သူ့ကို ဆေးဝယ် သောက်စေရသည်။ ဦးဟန်းကမ်း အချိန်မှန်ပြန်လာတတ်၏။ မေတ္တာပို့သံကြားလာရတတ်၏။ နောက်ပိုင်းတွင် ခန္တီးမြို့ရှိ အကျဉ်းထောင်သားများ အတွက် ဆေးကုရန် ဆရာဝန်များလောက်လာကြသည်။ ကြုံတုန်းကြုံခိုက် တောင်တန်းနေ နာဂလူမျိုးများကို မျက်စိ အခမဲ့ကုပေးမည့် အကြောင်းသိရသဖြင့် ကျောင်းမှ ကျောင်းစောင့် ဦးဟန်းကမ်းကို သတိရ၏။ ထို့နောက် ရွာထဲမှ လူကြီးများနှင့် တိုင်ပင်သည်။ ရွာလူကြီးများသည် စိတ်ပါလက်ပါပို့မပေးချင်ကြပေ။ နောက်ဆုံးတွင် ကျောင်းမှ ခေတ္တ ဒုလ္လဘ ၀တ်နေသာ ဦးဇင်းကြီးကို အလိုက်ပို့ခိုင်းလိုက်သဖြင့် ဆေးကုသခွင့်ရသွားခဲ့သည်။
ကံတရားသည် အံ့သြဖွယ်ကောင်းပါသည်။ လူပေါင်းများ ကုသပေမယ့် ဦးဟန်းကမ်း တစ်ယောက်သာလျှင် အကောင်းပကတိ နီးပါး ဖြစ်လာခဲ့သည်။ မတွေ့မချင်း ယုံတောင်မယုံချင်။ ကိုယ်တိုင်တွေ့မှပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိသည်။ ကံတရားကိုလဲ အံ့သြမိသည်။
' ဒကာကြီး အခုလို မြင်လာတာဝမ်းသာမိပါတယ်။ တကယ်ပြောတာပါ။ ရွာက ဒကာကြီးအပေါ်ဘယ်လို သဘောထားတယ် ဆိုတာလဲ ဒကာကြီးရိပ်မိလောက်ပါတယ်။ အခုမြင်ရပြီမို့ နောက်တော့ မဆိုးနဲ့တော့လို့ ဦးဇင်းကပြောချင်တာပါပဲ'။
ပြောပြရဦးမယ်။ ဦးဇင်းတို့ ဘုရားရှင်ဟောတဲ့ တရားပေါ့။ ဘာလဲဆိုတော့ကား လူလေးမျိုးရှိပါတယ်တဲ့။
တစ်က အမှောင်ထဲက လာပြီး အမှောင်ထဲ ပြန်သွားတဲ့သူ။
နှစ်က အမှောင်ကလာပေမယ်လို့ အလင်းထဲအရောက်သွားတဲ့လူ။
သုံးကြတော့ အလင်းကလာတာပါပဲ ဒါပေမယ့် အမှောင်ထဲ ၀င်သွားတဲ့သူ။
နောက်ဆုံး လေးကကြတော့ လာတုန်းကလဲ အလင်းထဲကပဲ ပြန်သွားတော့လဲ အလင်းထဲပဲ ဆိုပြီးလေးယောက်ပေါ့။
ဒကာကြီးနဲ့ သိပ်ပြီး ကိုက်ညီတာပဲ။ အခု ဒကာကြီး မျက်စိပြန်မြင်ရပြီ။ မျက်စိမမြင်ရခင်တုန်းက ဘယ်လိုနေခဲ့ရတယ်ဆိုတာ သိခဲ့ပြီနော်။ နောက်မမိုက်နဲ့တော့ ဒကာကြီး'။
ဦးဟန်းကမ်း တရှုံ့ရှုံ့ငိုပါသည်။ ၀မ်းနည်းဝမ်းသာဖြစ်ပေမည်။ 'ဒကာကြီး ဘယ်မှ မသွားနဲ့ ကျောင်းမှာပဲနေပါ။ နောက်တော့ ကောင်းကောင်းနေကောင်းသွားရင်တော့ ရေနွေးအိုးလေး ဘာလေးတည်ပေါ့ဗျာ' ဟုပြောလိုက်ပါသည်။
သို့သော် ထင်သလို မဖြစ်ခဲ့ပါ။ တစ်လကျော်ကျော်အကြာတွင် ဦးဟန်းကမ်း ကျောင်းပေါ်သို့တက်လာသည်။ ကိုယ်စွမ်းကိုယ်စဖြင့် လုပ်ကိုင်ပြီး ပဲနေချင်ကြောင်းပြောလာပါသည်။ သူ့အတွက် လမ်းစရိတ်နှင့် ဆန်ငါးပြည်ကို ပေးလိုက်သည်။ နောက်နေ့မနက်တွင် ငိုသံပါ အသံကြီးဖြင့် နှုတ်ဆက် လျှောက်ထားကာ မြစ်ဆိပ်ဘက်ဆင်းသွာခဲ့သည်။ ဘုရားပွဲတွင်လဲ ရောက်မလာပါ။ နောက်တွင်လဲ မတွေ့ရတော့ပါ။ မိမိတာဝန်ကျသော ဤရွာလေးတွင် တာဝန်ပြီးဆုံး၍ ပြန်ခဲ့ရသည့်တိုင်အောင် ဦးဟန်းကမ်း ကို မတွေ့ရတော့ပါ။ ဘယ်ဆီရောက်လို့ ဘယ်လိုဖြစ်နေမည် မသိနိုင်ပါ။
ဦးဟန်းကမ်းကြီး အမှောင်နဲ့ အလင်းကို ကွဲကွဲပြားပြားမှ သိခွင့်မှရပါလေစဟု......အမြဲတမ်းတွေးနေမိသည်။ ပြန်ခါနီး၍ ရွာကို နှုတ်ဆက်သောအခါ" ဦးဟန်းကမ်းကြီးကိုလဲ နှုတ်ဆက်သွားပါတယ်လို့ ပြောလိုက်ကြပါဗျာ"..။( ပဒူးမုန်းနာဂရွာလေးမှ ကိုယ်တွေ့အဖြစ်အပျက်ဖြစ်ပါသည်)။
No comments:
Post a Comment