Pages

Wednesday, June 19, 2013

မာတာ ယထာ


တစ်ယောက်တည်းသား စောင့်ရှောက်ထားသို့၊
မြတ်နိုးတတ်စွာ မွေးမာတာကို၊
ပမာထားပြု မေတ္တာပြုဟု၊
သုံးလူထွတ်ရှင် ဟောမြွက်တင်၏။



ဘုရားရှင်သည် မာတာ ယထာ - အမေကဲ့သို့ ဟူသောစကားတော်ကို မေတ္တသုတ်တော်တွင် ဟောကြား ထားသည်။

သတ္တ၀ါများအား မေတ္တာထားရမည့် သူမျိုးတွင်ထားရှိရမည့် စံ တစ်ခု အနေဖြင့် မာတာ ယထာ- အမေကဲ့ သို့ ဟုဟောထားခြင်းဖြစ်သည်။
………………………………….

နေ၀င်ရိုးရီအချိန်ကလေးတစ်စုလမ်းပေါ်တွင် ဆော့ကစားနေကြသည်။

ထိုစဉ် နွားရိုင်းတစ်အုပ် ပြေးလာသည်။ လူကြီးသူမများက ကလေးများကို အော်ကြီးဟစ်ကျယ် သတိပေးကြ သည်။ တစ်ချို့ကလေးများ အိမ်အတွင်းသို့ အပြေးဝင်ကြသည်။ 

ကလေးတစ်ယောက် ကြောက်အား လန့်အားဖြင့် မင်သက်မိနေသည်။ 
အရှေ့ဆုံးနွားကတိုက်မိလိုက်သဖြင့် ကလေးငယ်လဲကျသွားပြီ။
နောက်မှတစ်တန်းကြီးပါလာသော နွားများအောက်သို့ ကျလုလု …။

ထိုစဉ်အမေဖြစ်သူက နွားများအကြားပြေးဝင်ပြီး သားကိုကယ်သည်။ 
အဖြစ်အပျက်သည် အင်မတန်လျင်မြန်သည်။
သားငယ်ကို ရင်ခွင်ပိုက်ထားသော မိခင်သည်  တိုးဝှေ့သွားကြသည့် နွားများကြောင့် သွေးချင်းချင်း ရဲသည်။

အမေ့မေတ္တာဖြင့် သားငယ်ဘေးကင်းခဲ့သည်။
အမေ့မေတ္တာဖြင့် နှစ်ကြိမ်မြောက် မွေးဖွားပေးခြင်းခံလိုက်ရသည်သား..။

နောက်တော့ အမေကပြန်ပြောပြသည်။
ငါ့သားရယ် အဲတုန်းက ငါ့သားကိုနွားတိုက်မိလို့ ဒဏ်ရာနဲ့ အိပ်ယာထဲလဲနေလို့အမေ ဆေးလိမ်းပေးရတာ တစ်ပတ်လောက် ကြာတယ်ကွဲ့..။

ထိုစကားများပြောနေသော အမေ့ကိုသေချာကြည့်မိတော့ …..
ကျနော့်ကို နွားခြေထောက်အောက်ဝင်ပြီးကယ်ခဲ့စဉ်က ဒဏ်ရာများကို ခန္ဓာကိုယ်အနှံ အထင်းသား
တွေ့မြင်နေရဆဲပါ။
 
သားသမီးများ အတွက် တစ်ပတ်စာ ဒုက္ခကိုသာ သိမြင်တတ်ပြီး
မိမိရဲ့ဘ၀တစ်သက်စာဒဏ်ရာများနှင့် ကျေနပ်နေသူဆိုတာ အမေများရယ်ပါ။

No comments:

Post a Comment