Pages

Sunday, June 9, 2013

စိတ် ပြုပြင် နည်း


သစ်ကောက်ကို ဖြောင့်၊ ပမာထောက်၊ စိတ်ကောက် ဖြောင့်ပါလေ။

စိတ်ကောက်ကို ဖြောင့်၊ ခရီးမထောင့်၊ ရောက်လိမ့် မြတ်နိဗ္ဗာန်။


ရဟန္တာ မထေရ်မြတ်ကြီးသည် ကိုရင်ငယ်တစ်ပါးနှင့် ရွာထဲသို့ ဆွမ်းခံဝင်သည်။ လမ်းတစ်လျောက်သည် သာယာအေးချမ်းသည်။ လေပြေဖြူးဖြူး ကြည်နူးစရာကောင်းသည်။ နေရှိန်ကြောင့် လောက၀န်းကျင်သည် ထိန်ထိန်လင်းနေသည်။ လယ်ကွင်းများဆီတွင် လယ်လုပ်သားတို့ စတင်ပြီး လုပ်ငန်းဆင်းကြပြီ။

အရှင်မြတ်ကြီးဘုရား၊ ဒါက ဘာလုပ်ကြတာပါလဲဘုရား။
နောက်တော်ပါးမှကိုရင်ငယ်သည် မထေရ်မြတ်ကြီးကို မေးလျောက်သည်။
ကိုရင်ငယ်မေးသည့် အရာမှာ လယ်လုပ်သား လယ် အတွင်းသို့ ရေသွင်းနေကြသည့် လုပ်ငန်းကို
မေးခြင်း ဖြစ်သည်။ 

ဒီလို..၊ ကိုရင်ရဲ့..၊ ဒီရေတွေကို ဘောင်လေးခတ်ပြီး ကိုယ်လိုချင်တဲ့ ဆီသယ်ယူကြတာပေါ့။ 
လယ်ထဲရောက်အောင် လုပ်ကြတာပေါ့။

အော်..၊ မှန်ပါအရှင်မြတ်ကြီးဘုရား။ အသက်မရှိတဲ့ ရေကိုတောင် ဘောင်ခတ်ပြီး လိုရာယူလို့ရရင် စိတ်ကို လည်း လိုရာရောက်အောင် ထိန်းသိမ်းနိုင်တာပေါ့နော်ဘုရား။
မှန်တာပေါ့..၊ ကိုရင်..။ စိတ်ကို ထိန်းပြီး လိုတဲ့ နေရာထားနိုင်တယ်။

ဆရာ တပည့်နှစ်ဦးသည်။ လယ်ကြို လယ်ကြားခရီးအလွန်တွင် ရွာဦးအစသို့ရောက်ကြသည်။
လူတစ်ချို့ကိုမြင်ကြရသည်။ 
ထိုရွာသားများသည် သစ်ကိုင်းကို မီးလေးပြလိုက် ပြန်နှုတ်ယူလိုက် မျက်စိလေး ပေကလပ်ပေကလပ် လုပ်ပြီး လိုရာကွေးလိုက်လုပ်နေကြသည်။ 

အရှင်မြတ်ကြီးဘုရား..၊ ဒီရွာသားတွေ ဘာလုပ်နေကြတာလဲဘုရား။
အော်..၊ ကွေးနေတဲ့ သစ်ကိုင်းကို မီးအပူလေးပေးပြီး ဖြောင့်အောင်လုပ်နေကြတာကိုရင်ရဲ့။
မြှားလုပ်နေကြ တာပေါ့။ မြှားဖြောင့်မှ ပစ်မှတ်ထိနိုင်တယ်ကိုရင်..။

မှန်ပါ၊ အရှင်မြတ်ကြီးဘုရား။ သက်မဲ့ဖြစ်တဲ့ သစ်ကိုင်းကိုတောင် မီးပူပေးပြီး ဖြောင့်အောင်လုပ်နိုင်ကြသေး ရင်စိတ်ကိုလည်း ဖြောင်အောင်လုပ်နိုင်တာပေါ့နော်ဘုရား။

မှန်တာပေါ့ကိုရင်။ စိတ်ကို သတိ၊ သမာဓိ၊ ပညာ အပူပေးပြီး ကွေးနေတာကို ဖြောင့်အောင်လုပ်နိုင်တယ်။
စိတ်ကွေးဖြောင့်တော့ အေးတာပေါ့..ကိုရင်။
မှန်ပါ အရှင်မြတ်ကြီးဘုရား။

ဤသို့ခရီးနှင်ရင်း ဆွမ်းခံဝင်လာရာ ရွာလယ်လမ်းသို့ရောက်ကြပြီ။ ရွာသားတစ်ချို့ သစ်ရွေ၊ သစ်ခုတ် လုပ် နေကြသည်။ မျဉ်းကြိုးလေးနဲ့တိုင်းလိုက်၊ အမှတ်အသားအတိုင်း လိုက်ပြီး မလိုအပ်သည်များကို ဖယ်ထုတ်၊ ခုတ်ထစ်နေကြသည်။

အရှင်မြတ်ကြီးဘုရား။ သူတို့ဘာလုပ်နေကြတာလဲဘုရား။
အာ်..၊ ကိုရင်ငယ်၊ သစ်ဆိုတာ အကိုင်း၊ အခက်၊ အဖု အထစ်များတယ်။ အဲဒါလေးကို အလုံးချောဖြစ် သွားအောင် မလိုအပ်တာတွေကို မျဉ်သားပြီး ခုတ်ပစ်၊ ရွေပစ်ရတယ်ကွဲ့။
မလိုအပ်တာတွေကို ဖယ်လိုက်တော့ လိုအပ်တာတွေရပြီး လှသွားတာပေါ့ ကိုရင်..။

မှန်ပါ၊ အရှင်မြတ်ကြီးဘုရား။ အသက်မရှိတဲ့ သစ်တုံးကြီးကိုတောင် ဖြောင့်စင်းသန့်စင်လိုရာထွင်ယူနိုင်သေး ရင်၊ စိတ်ဆိုတာလဲ မလိုအပ်တာကို ဖယ်လိုအပ်တာကိုထားလိုက်ရင် သန့်စင်ဖြောင့်ဖြူးလာနိုင်တာပေါ့ ဘုရား။
မှန်တာပေါ့ ကိုရင်ငယ်။ စိတ်မှာဖြစ်တတ်တဲ့ ဖု၊ ထစ်၊ ရွတ်၊ တွ အလိုမကျတာတွေကို ခုတ်ထုတ် ပယ်ရှင်း လိုက်ရင် သန့်စင်ဖွေးလက် အရောင်ထွက်တော့တာပေါ့။

မှန်ပါဘုရား၊ အရှင်မြတ်ကြီး။ တပည့်တော် ဆွမ်းခံဆက် မလိုက်တော့ပါ။ ကျောင်းပြန်ပြီး စိတ်ပြုပြင်လိုက်ပါ ဦးမယ်ဘုရား။
အေး ကောင်းပေတယ်၊ ကိုရင်ငယ် ။ ပြန်ပြန်...။

ဆွမ်းခံမှအပြန်တွင် ကိုရင်ငယ်သည် ကျောင်းခန်းအတွင်းသို့ ၀င်ကာ စိတ်ကို လိုရာရောက်အောင် သွယ်ယူ သည်။ သတိ၊ သမာဓိ၊ ပညာ အပူပေးပြီး ကွေးနေသောစိတ်ကိုဖြောင့်လုပ်သည်။ စိတ်ကို သတိ၊ သမာဓိ၊ ပညာတင်ပြီးရှုသော အခါ ပိုနေတာတွေ့ရသည်။ မလိုအပ်သော စိတ်ပိုများကို ဖယ်ထုတ်ပယ်ရှင်းသည်။ 

နတ်တို့ဘုရင် သိကြားမင်းသည် ကျောင်းသို့ပြန်ကာ ကိုရင်ငယ် တရားအားထုတ်နေသည်ကို မြင်သဖြင့် အနှောက် အယှက်မဖြစ်စေခြင်းငှာ နတ်မင်းကြီးလေးပါးအား ကျောင်းဝန်းကျင် အားတိတ်ဆိတ်အေး ချမ်းအောင်အပြုလုပ်ခိုင်ထားသည်။ 

နေနတ်သား၊ လနတ်သားတို့ကိုလည်း နေ၀န်း လ၀န်းတို့ကို တန့်ထားစေသည်။ သိကြားမင်း ကိုယ်တိုင် မူ ကျောင်းပေါက်အနီးတွင် စောင်ရှောက်ထားသည်။ သတိ၊ သမာဓိ၊ ပညာဖြင့် ကိလေသာကို စစ်ခင်းနေသူ များအား နတ်၊သိကြားများစောင့်ရှောက်ကြရသည်။

ကိုရင်ငယ်သည် စိတ်ကွေးကိုဖြောင့်စင်းအောင်ပြုပြင်ရင်းဖြင့် သောတာပန်၊ သကဒါဂမ်၊ အနာဂါမ် အဆင့်တို့ကိုရရှိလေသည်။ ကိုရင့်ငယ်၏ မထေရ်မြတ်ကြီးကား ဆွမ်းခံရွာမှ ခပ်စောစောပင်ကျောင်း ၀ိဟာသို့ပြန်ကြ လာ သည်။

မတ်စွာဘုရားရှင်သည် ဆွမ်းခံရွာမှ ပြန်ကြွလာသော မထေရ်မြတ်ကြီးကြောင့် ကိုရင် စတုတ္ထမဂ်ဖိုလ်ရရေး အတွက် အနှောက်အယှက်ဖြစ်မြင်တော်မူသောကြောင့် ကျောင်းပါက်ဝသို့ ကြွတော်မူလျက် တပည့်ဖြစ် သည့် မထေရ်မြတ်ကြီးအား တရားနှင့်သက်ဆိုင်သော မေးခွန်များကို မေးလျက် ကိုရင်ငယ် အား ရဟန္တာဖြစ်စေတော်မူသည်။ 

တရားအားထုတ်လျင် ဘုရားရှင်၊ နတ်နှင့် သိကြားတို့ စောင့်ရှောက်တော်မူကြသည်။ 
ကိုယ်ကိုယ်တိုင်က ကိုယ့် အတွက် အနေသာကြီးဆိုလျင်ဖြင့် အခြားသူများကလည်း အနေသာကြီး
ဖြစ်ကြပေမည်။ 

"ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ." တရားကို မြတ်နိုးစွာစောင့်ရှောက် လျင်တရားတော်က လည်းပြန် လည်စောင့် ရှောက်သည်။ 
 .............................................................

ဓမ္မပဒ၊ ပဏ္ဍိတသာမဏေ ၀တ္ထု ကိုရေးဖွဲ့ပြပါသည်။ 

No comments:

Post a Comment