Pages

Sunday, June 9, 2013

ဦးဇင်း နောက်လူး


ရွာဦးကျောင်းသည် ကျောင်းသား ကိုရင်များ၏ ဘုရားစာ ရွတ်ဖတ်သံ၊ စာချဘုန်းတော်ကြီးများ၏ စာပေပို့ ချသံတို့ဖြင့် ညီစီနေသည်။ ဆိတ်ဆိတ်ငြိမ်ငြိမ်ဖြင့် တည်ငြိမ်စွာစည်ကားသည်။

ဆရာတော်..၊ နောက်လူး လာတယ်ဘုရား။
ဟေ..၊
ဟာ သုမနကြီး မင်းမလဲ ရွာ မရောက်တာတောင်ကြာပေါ့ကွာ..၊ အေး အေးငါ့တပည့်ရေ..၊ မင်းလာတာ ငါဖြင့် ၀မ်းသာတယ်ကွာ..။
ဒါနဲ့ မင်းရဲ့ နောက်လူး နာမည်က မပြောင်းသေးပါလားဟ။

သူငယ်ချင်းဖြစ်သူ ဦးသုဘောဂ၊ ဦးကောသလ္လတို့နှင့် အတူ ဦးသုမနာလင်္ကာ ပြုံးလေနေသည်။
သူငယ်ချင်းတစ်စုသည် ငယ်မူငယ်သွေးဖြင့် ဆရာတော်ခြေရင်းတွင် ကြည်နူးဖွယ်ကောင်းနေသည်။
....................................


ဦးသုစိတ္တ ဤတောရွာလေးသို့ ရွာဦးကျောင်းဆရာတော်အဖြစ်ဖြင့် ရောက်ခဲ့စဉ်က ကျောင်းသည် အို၏။ အမိုးသည် မိုးရေယို၏။ ဇရပ်ကြီးသည် ပြိုလုလုဖြစ်နေသည်။
ဘာသာရေးတွင် ဦးစီးဦးဆောင်မည်သူကင်းသဖြင့် အဆင်းမလှဖြစ်နေသည်။

ကျောင်းသည် ကျောင်းခေါင်းချည်းသက်သက်မို့ အကျည်းတန်စွာ တိတ်ဆိတ်နေသည်။
ထိုအခြေအနေကို ဦးသုစိတ္တပြောင်းပြစ်သည်။ ဘုရားစေတီသည် ထုံးဖွေးဖွေးဖြင့် ကြည်နူးစရာ ဖြစ်သလို၊ ဇရပ်အိုကြီးလည်း ပြန်လည်ပျိုနုလာသည်။

ထို့နောက် ရွာထဲက ကျောင်းသားငယ်များကို ဘာသာစာရေးသင်ကြားပေးရင်းဖြင့် သန်းထွန်း၊
ကျော်မောင်နှင့် ဟန်စိန်တို့ ကိုရင်ဝတ်လာကြသည်။ ကိုရင် မဖြစ်ခင်ကတည်းက သူငယ်ချင်းများမို့ အင်မတန်ရင်နှီးကြသည်။ ကိုရင်ဖြစ်လာသော အခါ သုဘောဂ၊ ကောသလ္လနှင့် သုမနတို့ဖြစ်လာကြသည်။ 

အစအဦးဆုံးနှင့် အနီးနေတပည့်များအဖြစ်အားကိုးတကြီးဖြင့် ဦးသုစိတ္တ စာပေများကို သင်ကြားပေး သည်။ ထိုတွင် ကိုရင်သုမနသည် ဉာဏ်သွက်သည်။ စာသဘောမြင်သည်။

သို့သော် တောကျောင်းလေးမို့ ဘုန်းမကြီးလှပေ။ ဦးသုစိတ္တသည်လည်း စာပေကိုသာ မြတ်နိုးသဖြင့် ဘုန်းကြီးအောင်ကား မပြောတတ်ပေ။ ဤသို့ ဆွမ်းခံရသမျှလေးကို ပေါင်းပြီး ကျောင်းသားအပါအ၀င် ဆယ်ဦး ခန့်ကို ညီမျှအောင် ဟင်းပေါင်းလုပ်ကာ စားကြရသည်။

မနက်ခင်းတွင် စာတစ်ချိန် ချ၊ စာချပြီးသော် ဆွမ်းခံထွက်ကြရသည်။ ဆွမ်းခံမှ ပြန်ရောက်သော် လောင်း လှူလိုက်သမျှကို ဟင်းပေါင်း အဖြစ်ပေါင်းကြရသည်။ သုဘောဂ၊ ကောသလ္လနှင့် သုမနတို့အလည့် ကျပေါင်းကြရသည်။ ထူးခြားချက်မှာ ဟင်းပေါင်းပြီးသော် အလည်တယ်ပုံဂံဖြင့် ခပ်ပြီး ဆွမ်းအမီအသင်ပြင် ရသည်။ အိုးတွင် ကပ်ကျန်သော ဟင်းကျန်ကိုကား အလှည့်ကျ ဟင်းပေါင်းကိုရင်က အိုးလူးပြီး စားလေ့ရှိသည်။

တစ်နေ့သော် ကိုရင်သုမန ဟင်းပေါင်းသည်။ တစ်ဘက်ကလည်း စာကိုကျက်မှတ်လျက်ရှိသည်။ ဟင်းပေါင်းကို အဆင့်သင့်သော် ခူးခပ်ပြီး ဆွမ်းပြင်လိုက်သည်။ အနည်းငယ်ကျန်နေသော စာကို အပြီးသတ် ဖို့ ကျန်နေသေးသည်။ ဟင်းပေါင်းကို မလူးသေးပဲ မီးဖိုပေါ်တင်ထားလိုက်သည်။

ထိုအချက်ကို မှတ်သားမိနေသော ကောသလ္လနှင့် သုဘောဂတို့သည် ကိုရင်သုမနမသိခင် ဟင်းပေါင်းအိုး ကို လူးနယ်လိုက်ကြသည်။

ဤသည်ကို မသိသော ကိုရင်သုမနသည် စာအုပ်ကို ဘုရားစင်ထားပြီး ဟင်းပေါင်းအိုးကို ဆွမ်းများထည့်ပြီး လူးတော့သည်။ လူးသော်လည်း ဆွမ်းကား အရောက်ထွက်မလာဖြစ်နေသည်။ 

ထိုအခိုက် ဇရပ်ပေါ်မှ ကိုရင်နှစ်ပါးသည် ကိုရင် သုမနကိုကြည့်ပြီး..
ဟာဟ..ဟာဟ..၊ သုမန နောက် လူးဟေ့..၊ ငါတို့လူးသွား မင်းမသိလိုက်ဘူးမို့လား.။ ငါတို့ လူးပြီးသား ဒယ်ကိုလူးတယ်ဟေ့..

ကိုရင်သုမနစိတ်တိုသွားသည်။ နည်းနည်းလည်းရှက်မိသည်။ သူများလူးပြီးမှ လူးမိသော မိမိအဖြစ်ကိုလည်း အားမလိုအားမရဖြစ်နေမိသည်။ သုဘောဂ၊ ကောသလ္လတို့ကား မျက်ပေးများဖြင့် စနောက်ကြသည်။

ထိုနေ့မှစကာ ကိုရင်သုမနသည် ကိုရင်နောက်လူးဟုဖြစ်လာတော့သည်။ ထိုသို့ခေါ်တိုင်စိတ်တို သည်။ စိတ်တိုလေ နောက်လူးခေါ်လေဖြင့် ဆရာတော်မရှိလျက် ဆူညံနေတတ်သည်။
ဤသို့ စ နောက်ရင် ဆွမ်းရှား၊ ကွမ်းရှား ဘုဉ်းပေးရင်း သူတို့ သုံးပါး စာသင်သည်။

ဉာဏ်တော်သော ကိုရင်သုမနကို မြို့စာသင်တိုက်ပို့လိုက်ကြသည်။ သူငယ်ချင်းဖြစ်သူကိုရင် သုဘောဂနှင့် ကိုရင်ကောသလ္လတို့သည် မျက်ရည်လဲရွှဲဖြင့် ကားဂိတ်လိုက်ပို့ကြသည်။

နောက်လူး မင်းစာကြိုးစားသင်နော်..၊ မင်းက ဉာဏ်တော်တော့ အောင်မြင်မှာပါ ကွာ..၊
 နှုတ်ဆက်စကား ဆိုကြသည်။ ကိုရင်သုမန ထို့နေ့ နောက်လူးဟုခေါ်သဖြင့် စိတ်မဆိုးသာ။

.....................

ကိုရင်သုမနစာတွေသင်လိုက်သည်မှာ ဆယ်နှစ်ဆယ်မိုးကျော်ခဲ့ပြီ။ စာမေးပွဲများလည်းအောင်မြင်သည်။ သာမဏေကျော်စာမေးပွဲများကိုပင် အောင်မြင်သောကြောင့် ဦးသုမနာလင်္ကာဟုပင်ဖြစ်လာသည်။
တစ်ရွာလုံး၊တစ်နယ်လုံးက အားကိုးချစ်ခင်ကြသည်။
နှစ် နှစ် တစ်ခေါက်၊ သုံးနှစ်တစ်ခေါက်တော့ ရွာကို ပြန်ရောက်ဖြစ်သည်။

ဤတစ်ကြိမ်ရွာကိုရောက်ဖြစ်ခြင်းသည် ပို၍ ကြည်နူးစရာကောင်းသည်။
ဦးကောသလ္လကျောင်းထိုင်သွားပြီဖြစ်သည်။ ဦးသုဘောဂလည်း ရွာဦးကျောင်းတွင် ဆရာတော်ပြီးလျင် အာဏာအရှိဆုံးဖြစ်လာသည်။ 
ဦးသုမနလင်္ကာရကားမြို့ပေါ်တွင် စာသင်တိုက်တည်တောင်ကာ စာချဘုန်းကြီးဖြစ်လာသည်။

အသက်တွေဘယ်လောက်ကြီးကြီး သူငယ်ချင်းများက နောက်လူးဟုခေါ်တိုင်း တစ်ချိန်ကငယ်ဘ၀ကို သတိရသည်။

...................

မှန်ပါ..၊ ဆရာတော်..၊ တပည့်တော် ဒီရွာမှာတော့ နောက်လူးပါပဲဘုရား။
ဆရာတော် အပါအ၀င် အားလုံးရယ်ကြသည်။ ငယ်မူငယ်သွေး ကိုယ်စီဖြင့်..။

.....................................

မှတ်ချက်.။ ဘွဲ့ အမည်များပြောင်းလဲထားသော ဖြစ်ရပ်မှန် အတိတ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသည်။ 


No comments:

Post a Comment