ရွာကနေလှမ်းကြည့်လျှင် တောင်တန်းတစ်ခုကိုမြင်ရသည်။
ဇော်ဂျီတောင်လို့ အမည်ရသည်။
ထိုတောင် ထိပ်တွင် ရေကန်တစ်ကန်ရှိသည်ဟု သိရသည်။
လူတိုင်း မတွေ့ပါ။
ကံကောင်းသူများသာ မြင်ရသောက်ရသည်ဟု အဆိုရှိသည်။
အဖေနှင့် ခရီးသွားဖူးပါသည်။ ချောင်းရေစပ်စပ်တွင်
မိုးဖွဲဖွဲဖြင့်ပြေးရသည်ကို သတိရနေမိသည်။
လှည်းလမ်းကြောင်းတွင် ရေကြည်ကြည်များ
စီးဆင်းကြသည်။ ထိုလမ်းအတိုင်း လမ်းလျှောက်ရသည် အရ သာသည် ကြည်နူးပျော်ရွှင်စရာကောင်းသည်။
အင်းရွက်ပေါ် တင်ကျန်နေသော မိုးရေပေါက်တို့ကို
စုတ်သောက်ရသည်မှာ ပြန်မရနိုင်တော့သည့် အရာ များသာဟု သိလိုက်ချိန် အဖေ့ကို လွမ်းပါသည်။
ထူးခြားသော ရေကန်ရှိသည့် ဇော်ဂျီတောင်ကို
အဖေနှင့် တက်ဖူးပါသည်။ ထိုတောင်ခါးပန်းမှ ရွာထိပ် က ရေကန်ကို လှမ်းကြည့်ရာတွင် ရေကွက်ပြာပြာနှင့်
ဗေဒါတို့ အကွက်လိုက် စီတန်းနေသည် ကို ရေးပြပြမြင်ရသည်။
တောင်တစ်ကြောတွင် စိမ်းစိမ်းစိုနေသည်။
ရင်ခတ်ပန်းတို့ ပွင့်ကြသည်။ ရှုမျှော်လိုက်တိုင်း ကြည်နူး စရာတွေ ချည်းဖြစ်သည်။
တောင်တစ်ကြောတွင်
ဟိုဒီလှည့်လည်ရင်း မွန်းလွဲနေအစောင်း တွင် တောင်ခြေရင်းကို ပြန်ဆင်း ကြသည်။ အဖေသည် နီးရာသစ်ပင်ကို
ဓါးဖြင့်ခုတ်ထစ်လိုက်သည်။
တောင်ခြေပြန် အရောက် တောင်ခါးပန်းတွင်
ဓားခုတ်ထစ်ထားသော သစ်ပင်ကိုပြန်ကြည့်ပြီး “ငါ့သားရေ တို့ ဟိုနားအထိရောက်ခဲ့တယ်၊ နောက်တစ်ခါဆို
နတ်ရေကန်ရှိတဲ့ အနားထိတက်ကြမယ်”
ထိုဇော်ဂျီတောင်ထိပ်က ရေကန်ကို အဖေက နတ်ရေကန်ဟုခေါ်ပါသည်။
တောင်ထိပ် တွင် မြူခိုးတွေ တို့ ဝေနေသည်။
ညနေ အစောင်းတွင် နေရောင်ဖြင့် အရောင်ဟပ်နေသော
တောင်ထွတ်သည် ညို့ညို့ဆိုင်းနေသည်။
အပြန်ခရီးတွင် ၀ါးရုံပင်များ အုပ်ဆိုင်းနေသော
လှည်းလမ်းကြောင်းတွင် မိုးရေစပ်စပ်ဖြင့် အိမ်ပြန်ခဲ့ကြသည် မှာ ပျော်စရာကောင်းသည်။
လမ်းဘေးတစ်ဘက်တစ်ချက်ရှိ ပင်အို ပင်ပျိုနှင့်
တောင်ယာစိုက်ခင်းတို့သည် တစ်မျှော်တစ်ခေါ်ရှိသည်။
..............
....................
အတိတ်က ဖြစ်ရပ်တို့ကို ဇော်ဂျီတောင်နှင့်တွဲလျက်မြင်ယောင်မိပါသည်။
ထိုတောင်ထိပ်၌ နတ်ရေကန်ရှိ၊ မရှိ တကယ် မသိလိုက်ရပါ။ အဖေသည်လည်း လိုက်မပို့နိုင်ခဲ့ပေ။
တောင်တစ်ရိုး၌ မြူခိုးတို့ဝေတိုင်း
အဖေ့ကို သတိရမိပါသည်။ ကံကောင်းသူများသာ မြင်နိုင်သည်ဆိုသော
ထိုရေကန်ကို အဖေနှင့် အတူ မမြင်လိုက်ရခြင်းသည်ပင် ကံမကောင်းခြင်းဖြစ်နေတော့သည်။
No comments:
Post a Comment