သီလ ပညာ အလှသာ
ယဿ ကာယေန ၀ါစာယ၊ မနသာ အတ္ထိ ဒုက္ကရံ။
သံဝုတံ တီဟိ ဌာနေဟိ၊ တမဟံ ဗြူမိ ဗြဟ္မဏံ။
ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း
ပြုအပ်သော မကောင်းမှု မရှိ။ ကိုယ် နှုတ် စိတ်သုံးပါးဖြင့် စောင့်ထိန်းသောသူကို ဗြဟ္မဏ(
မြင့်မြတ်ဖြူစင်သူ) ငါဘုရားဆိုသည်။
ကိုယ်နှုတ်ကို သီလဖြင့် ထိန်းရသည်။
စိတ်ကြမ်းကို သမထဖြင့်ထိန်းရသည်။
အနုသယကိလေသာကို ပညာဖြင့် ငြိမ်းစေရသည်။
သီလနှင့်ပညာသည်မြတ်ဗုဒ္ဓလမ်းစဉ်တွင်
အထွတ်ဖြစ်သည်။ မြတ်ဗုဒ္ဓလမ်းစဉ်နှင့် ဟိန္ဒူများ၏ အထွတ် အမြတ်ထားရာဝေဒကျမ်းဂန်များသည်
တစ်ချို့တစ်ဝက် တူညီသော သဘောတရားများပါသောကြောင့် ဗုဒ္ဓလမ်းစဉ်ကို ဝေဒလမ်းစဉ် တစ်ခုအဖြစ်လက်ခံကြ သူများရှိကြသည်။
ဗုဒ္ဓလမ်းစဉ်နှင့် ဝေဒသဘော တရား များသည် အိန္ဒိယနိုင်ငံကြီး၏ ဘာသာရေး ကဏ္ဍတွင် အမြင့် ဆုံးဖြစ်နေ သည်ကား
သေချာလှသည်။ ကမ္မ၊ သံသရာ၊ ရှေ့ဘ၀ နောက်ဘ၀နှင့် အကြောင်းအကျိုး ဆက်ပုံများသည် ဗုဒ္ဓလမ်းစဉ်နှင့်
ဝေဒကျမ်းဂန်များတွင် ရှိကြသည်။
မြတ်ဘုရားကိုယ်တော်တိုင်လည်း ဗြဟ္မဏဟူသော စကားလုံးကို ယူပြီးသုံးကာဟောပြတော်မူသည်။
ကိုယ်နှုတ်စိတ်သုံးမျိုးဖြင့် မကောင်းမှုမလုပ်ရင် မြင်မြတ်သူ ( ဗြဟ္မဏ)ဟုမိန့် သည်။ ဝေဒတတ် ကျွမ်းသော
ဗြဟ္မဏကို မဆိုလိုပေ။ မြတ်ဗုဒ္ဓ၏ ဗြဟ္မဏသည် ethic သဘောဖြစ်သည်။
ဟိန္ဒူများ၏ ဗြဟ္မဏသည်
ethnic သဘောဖြစ်သည်။ တစ်ခါသော် မြတ်ဘုရားသည် စမ္ပာမြို့ အနီးရှိ ဂဂ္ဂရာရေကန်အနီး ရဟန်းတော်ပေါင်းငါးရာနှင့်
သီတင်းသုံးနေခိုက်ဖြစ်သည်။ စမ္ပာမြို့စား သောဏ ဒဏ္ဍသည် ဘုရားရှင်ကြွရောက်တော်မူကြောင်းကြား
သိရသည်။
ဤသို့ဖြင့် သောဏဒဏ္ဍ ဘုရားထံမှောက်ရောက်လာသည်။
ဘုရားရှင်က သောဏဒဏ္ဍပုဏ်ဏား ကိုမေးတော်မူသည်။ သောဏဒဏ္ဍ ဗြဟ္မဏဟု သတ်မှတ်နိုင်ရန် အင်္ဂါရပ်ဘယ်နှစ်ပါးရှိသလဲ။
ရှင်တော်ဂေါတမ ဗြဟ္မဏဟုခေါ်နိုင်ရန် အင်္ဂါပါးပါးရှိပါတယ်။
၁။ မိဘနှစ်ပါးလုံးမျိုးဇာတ်ကောင်း ရမယ်။
၂။ ဝေဒကျမ်းဂန်တို့ကိုတတ်မြောက်ရမယ်။
၃။ အဆင်းလှရမယ်။
၎။ ကိုယ်ကျင့်သီလကောင်းရမယ်။
၅။ ပညာနှင့်ပြည့်စုံရမယ်။
ဤအင်္ဂါငါးပါးနှင့်ပြည့်စုံလျှင် ဗြဟ္မဏလို့ခေါ်နိုင်ပါတယ်ဟု
ရဲရဲရင့်ရင့်ဖြေကြား၏။
ဆက်လက်၍ ဘုရားရှင်သည် သောဏဒဏ္ဍ အင်္ဂါငါးပါးထဲက တစ်ပါးပါးကိုထုတ်ပြီး
ကျန်အင်္ဂါလေး ပါးဖြင့် ဗြဟ္မဏခေါ်နိုင်ပါသလား၊
မှန်ပါ၊ ရှင်တော် ဂေါတမ အဆင်းကို ပယ်၍ ကျန်လေးပါးဖြင့်
ဗြဟ္မဏခေါ်နိုင်ပါ တယ်။ နောက်ထပ် ပယ်နိုင်သော အင်္ဂါရပ်များရှိသေးလား၊
မှန်ပါ၊ ရှင်တော်ဂေါတမ
မျိုးဇာတ် သန့်စင်ခြင်းကို ပယ်ထားပြီး ကျန်အင်္ဂါရပ် များဖြင့် ဗြဟ္မဏခေါ်နိုင်ပါသေးတယ်။
နောက်ထပ်ပယ်နိုင်သော အင်္ဂါရပ်များရှိသေးလား သောဏဒဏ္ဍ၊ မှန်ပါ၊ ရှင်တော်ဂေါတမ ဝေဒ ကျမ်းဂန် တတ်ကျွမ်းခြင်းကိုပယ်ထားနိုင်ပါသေးတယ်။
ဗြဟ္မဏအင်္ဂါရပ်များကိုဖဲနှုတ်လာရာ နောက်ဆုံးသီလနှင့် ပညာနှစ်ပါးသာကျန်တော့သည်။
သောဏဒဏ္ဍ
ကျန်နေတဲ့ အင်္ဂါရပ်နှစ်မျိုးထဲက ပယ်နိုင်သေးလား၊
မှန်ပါ၊ ရှင်တော်ဂေါတမ ကျန်အင်္ဂါနှစ်ပါးတွင်
ပယ်နှုတ်ပြစ်ရမည့် အရာ မရှိတော့ပါ။
မြတ်ဗုဒ္ဓလမ်းစဉ်သည် အကျင့်တရားများကို အကျဉ်းချုပ်
အနှစ်ထုတ်ပြရာတွင် သီလနှင့်ပညာသာ ဟုသောဏဒဏ္ဍ ကိုသိစေလိုက်သည်။
သောဏဒဏ္ဍ ငါဘုရားသည် ကျန်အင်္ဂါရပ်များကို
မဟောကြားပေ။ သီလနှင့် ပညာကိုသာ အထွတ်ထားပြီးဟောညွှန်ပါတယ်။ သီလပညာမရှိရင်၊ ရပ်ဘယ်လောက်ချောချော၊
မျိုးဇာတ် ဘယ်လောက် သန့် သန့်၊ ဝေဒကျမ်းဂန်ဘယ်လောက်တတ်တတ် မြင့်မြတ်သူ အဖြစ် မဟောကြာဘူး။
ကျန်နှစ်ပါးဖြင့်သာ မြင့်မြတ်သူ အဖြစ်လမ်းညွန်ထားပါတယ်။ သီလမရှိရင် ပညာ မဖြစ်နိုင်ဘူး။
ပညာမရှိ ရင်လည်း သီလမရှိနိုင်ဘူး။ သီလနှင့် ပညာသည် ငါဘုရားလမ်းညွှန်ချက်ရဲ့ အထွတ်ပါပဲ။
ဘုရားရှင်ပွင့်တော် မမူမီက ရှိရင်းစွဲဗြဟ္မဏ၀ါဒသည် တစ်ချပ်ချင်း ကွာကျကုန်သည်။ ဇာတ်ကိုတော် လှန်လိုက်သည်။
အဆင်းကိုပယ်မြစ်လိုက်သည်။ ရွတ်ဖတ်ခြင်းသက်သက်ဖြစ်သော ဝေဒကိုငြင်း ပယ်လိုက် သည်။
သီလနှင့်
ပညာရှိရင် အဆင်း မလှသော်လည်း ဘ၀လွတ်မြောက်ရေးရနိုင်သည်။
မျိုးဇာတ် မမြင့်မြတ်သော်လည်း
နိဗ္ဗာန်ရနိုင်သည်။
ရွတ်ဖတ်ခြင်းကင်းသော်လည်း အကျင့်ဖြင့် ငြိမ်းချမ်းရေး ကိုဖော်ဆောင်ပြခဲ့သည်။
သီလနှင့်ပညာသာ လူသား၏ အထွတ်အမြတ်နှင့် လွတ်မြောက်ရာလမ်းစဉ်ဖြစ်သည်။
No comments:
Post a Comment