Pages

Thursday, September 27, 2012

အဖော်မဲ့ ခရီးသည်


   
ဒီဃာ ဇာဂရတော ရတ္တိ- အိပ်မပျော်သူ အတွက် ညတာရှည်သည်တဲ့။ အိပ်မပျော်ပေမယ့် လှိုင်း၊ လေ အငွေ့သက် သက်လေးဖြင့် ပျော်ရခဲ့ဖူးသော ညလေးများရှိခဲ့ဖူးသည်။ မနက်လင်းမှာသာစိုးနေသည်။ ညတာရှည် သည် မထင်မိခဲ့။
ချင်းတွင်းမြစ်ပြင်သည် လှိုင်းတွန့်လေးများ ဖြန့်ကာကြဲလျှက် ပြေးလွှားနေသည်။ ကမ်းခြေကို လှိုင်းပြေးအတွက် ကမ်းစပ်က ခရုငယ်တို့ လန့်နိုးကြမည်လား တွေးမိသည်။ သောင်ခြေစပ်က အပင်ငယ်တို့ကား လှိုင်းအတက် တွင် ဟိုဒီတိမ်းပြီးယိမ်းကနေကြသည်။ အိပ်မပျော်သော်လည် ညသည်လှနေသည်။ ထို့ထက်ပို၍ လှသည်ကား လှိုင်းလေသော့သော့တွင် လမင်းငယ်ဆော့ကစားနေသည်။
လပြည့်ကျော်ညတစ်ညရဲ့ သန်းခေါင်ယံစွန်း လခြမ်းကွေးလေးသည် လှိုင်းလေတွင် ငြိမ့်ငြိမ့်စီးရင် တလိမ့်လိမ့် ကနေသည်ထင်မိသည်။
မော်တော်ဝမ်းတွင်းကို ပြန်လည်လှည့်ကြည့်မိတော့ နယ်ပြောင်းတာဝန်ဖြင့် တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့ လာသော မူလတန်းပြ ဆရာမလေးသည် ဘုရားရှိခိုးနေသည်။ သူမဆုတောင်းသည် တိုးတိုးညင်သာဆိုပေမယ့် ညရေးရေးတွင် သူမအသံကို ကြားနိုင်သည်။
တော၊ တောင်၊ မြစ်၊ ချောင်း၊ စသည်တွင် စောင့်ရှောက်နေသော နတ်များကို တိုင်တည်ပြီး သူမ ပြုလုပ်သော ကောင်းမှု အဖို့ကို အမျှဝေနေသည်။ အကြည်တနူး သာဓုခေါ်မိပါသည်။
ချင်းတွင်း မြစ်ဘေးက မော်လိုက်မြို့လေးသို့မော်တော်ဆိုက်တော့ ညနေ အမှောင်တို့ကြီးစိုးနေပြီ၊ မည်းမှောင် နေ သော မြစ်ပြင် သည် ငြိမ့်ငြိမ့် အိမ့်အိမ့် စီးဆင်းနေသည်။ မော်တော်ဆီသို့ လာရောက်ဈေးရောင်း ကြသော သူများဖြင့် စည်ဝေနေသည်။ 
ခရီးသည်တစ်ချို့ဆင်းကြသည်။ မော်လိုက်မြို့လေးတွင် မော်တော်ခရီးစဉ် တစ်ညအိပ်မည်။ နောက်နေ့မနက်မှ ခရီးဆက်ထွက်မည်။
ဦးဇင်း၊ ဒီမြို့မှာတစ်ညအိပ်မယ်လို့သိရပါတယ်။ တပည့်တော်နဲ့လိုက်ခဲ့ပါ။ တည်းခိုခန်းသွားပြီး ကျိန်းပေါ့ဘုရား၊
ရပါတယ် ဒကာတော်၊ ဦးဇင်းဒီမော်တော်ပေါ်မှာပဲအိပ်လိုက်ပါမယ်။
သူခေါ်နေပမယ့် ပြောစရာရှိပါသည်။ တောင်ပေါ်သူ တောင်ပေါ်သားများ အတွက် တောင်စလင်း တိုက် ဦးတိက္ခလှူ လိုက်သော စာအုပ်ထုပ်များနှင့် တောင်ပေါ်သား၊ တောင်ပေါ်သူများ အတွက် အလှူခံလာသော အ၀တ်အထည်များ အလစ်သုတ်သွား မှာစိုးသောကြောင့် ဒကာရဲ့ ကမ်းလှမ်းချက်ကို လက်မခံပဲ မော်တော် ၀မ်းတွင်းမှာ တစ်ညအိပ်ဖို့ စီစဉ်လိုက်သည်။
ကိုယ်ပိုင် မဟုတ်သေးပေမယ့် ပိုင်ဆိုင်ကြရမည့် သူများ အဖို့ တွေးတောပူမိနေသည်ကို စဉ်းစားနေမိရင်း ပြုံးချင် လာမိသည်။ 
  
ကမ်းပေါ်တက်သွားသူတစ်ချို့၊ မော်တော်ပေါ်တွက် ကျန်ရစ်သူ အငယ်နည်းဖြင့် ချင်းတွင်းရောက် ခရီးသည် တင်မော်တော်ရေယဉ်တွင် ခရီးသွားလူတို့ကျဲပါးစပြုလာပြီ။ 
ထိုစဉ် အရှေ့ရိပ်ကောင်းကင်က လခြမ်းကွေးလေး ထွက်ပေါ်လာသည်။ ရေလှိုင်းထပ်ကွန့် တွင် မြိုးဆော့နေသော လမင်းငယ်သည် အိပ်ချင်စိတ် ကိုပြေစေ သည်။

တစ်ချက် တစ်ချက် မော်တော်ကို လှုပ်နိုးလိုက် သလိုရှိတတ်သော လှိုင်းကြမ်း နုနုလေးများ ပြေးဆော့ လျှင် မော်တော်ယိမ်းထိုးနေတတ်သည်။ ခရီးသည်တစ်ချို့ ငြီးတွားသံ တစ်ချက်တစ်ချက်ကြားရတတ်သည်။ သူ့တို့ အိပ်မက်တွင် လမင်းသာနေမည်လား မပြောနိုင်ပေ။
ဤခရီးကို ရောက်လာစေရန် မန္တလေးမြို့တွင် ဆေးထိုးလာခဲ့ရသည်။ ဆေးထိုးပြီးမှ မုံရွာကားဖြင့် ခရီးတဆင့် ဆက်လာခဲ့သည်။ ထိုမှဆက်ကာ ရေယဉ်ခရီးဖြင့် ချင်းတွင်းကို ဆန်ခဲ့သည်။ လခြမ်းကွေးလေးရှိရာ ဤနေရာလေး တွင် တစ်ည အိပ်ရသည်။
မနက်ခရီးဆက်ရဦးမည်။ အရှေ့ရပ်ဆီက ရောင်နီပျို့လာပြီ၊ လခြမ်းကွေးလေး မှိန်ဖျော့လာသည်။ ချင်းတွင်း ကမ်းခြေတွင် ခရီးသည်တို့ သူ့ခေါ်ငါ့ဟစ်ဖြင့် မနက်ခင်း တစ်ခုကို အလှဆင်ကြပြီ။
ကောင်းစွာ အိပ်ပျော်သူတို့ ရွှင်ပြနေသည်။ အိက်မပျော်နိုင်သူတို့ ငြီးတွားကြသည်။ မိမိအတွက်မှာမူ အိပျော်သည် မပျော်သည် မပြောနိုင်။ မြစ်ပြင်ကျယ်က လခြမ်းကွေးလေးပျောက်သွားသည်သာ ထူးနေသည်။
ငှက်ဖျားဒဏ်ကြောင့်ဖြစ်ဟန်ရှိပေမည်။ အိပ်ချင်စိတ်တို့ပျောက်ဆုံးနေသည်။
လူသည်လည်း ပိန်ဖျော့နေမှန်းသိသည်။
လူစုံရင် မော်တော်ထွက်မယ်ဗျို့ဟူသော အသံသည် လှိုင်းကြမ်းများကို လှန့်နှိုးလိုက်သလိုရှိနေပေမည်။
လေပြင်းငယ်လာ လေပြေလျင်လည်း၊
ချောင်းကျယ် ဘယ်မငြင်း ချောင်ကျဉ်းလျှင်လည်း၊
စုန်ပြန်ရ ဖန်ဖန် ဆန်ပြန်ရတလဲလဲ၊
မဗေဒါ ဒီရေကြော မျောလျက်သာပဲတဲ့။
ဤသို့ ဆရာကြီးဇော်ဂျီရေဖူးသည်။ ခရီးအဆန်တွင် မဗေဒါကို တွေ့လိုတွေ့ငြားရှာကြည်မိသေးသည်။ ချောင်းရိုး တွင်သာ အနေပျော်သော မဗေဒါကို မှတ်မိလိုက်မှပင်။
အော်ငါ့နှယ်ဖြစ်ရတယ်။ မချိတင်ကဲညဉ်းမိပါသည်။
  
မြစ်ပြင်ကျယ်ကျယ်တွင် ဗေဒါမဲ့ ခရီးသည်ဖြစ်နေသည်။ အဖော်မဲ့နေသလိုလိုထင်မိတော့၏။
 

Friday, September 21, 2012

အမတ အမွေ



ပျော်ရာမှာ မနေရ၊ တော်ရာမှာနေရဟူသော စကားသည် လူသာမန်များ မဆိုထားနှင့် မြတ်ဘုရားရှင် နှင့်သက် ဆိုင်ပါသည်။ ဇာတ်ကြောင်းဤသို့ရှိသည်။
တစ်ခုသော မိုးလရာသီရဲ့ ၀ါဆိုလပြည့်ညချမ်းတစ်ခုမှာ သက္ကတိုင်းအိမ်ရှေ့စံ မင်းသိဒ္ဓတ်သည် အနော်မာကမ်း သို့ လှမ်းထွက်ခဲ့သည်။ အို၊ နာ၊ သေခြင်းကင်းရာကို ရှာချင်လို့၊ တစ်ယောက်တည်း အတွက် မဟုတ်၊ လူသားအာလုံး အတွက်ဖြစ်သည်။
ဂင်္ဂါမြစ်ကြီးကို အကြိမ်ကြိမ်ဖြတ်သန်းပြီး ဥရုဝေလတောသို့ရောက်လာ သည်။ ရှေးဟောင်းကျင့်အားလုံးကို ကျင့် ဆောင်သည်။ အို၊ နာ၊ သေကင်းရာကို ရောက်နိုင်ကြောင်းနည်းလမ်းမဟုတ်မှန်းသိခဲ့ရသည်။ မှားဖူးမှ အမှန်ကို သိရာသည်။
အမှားကို သိရှိပြီးနောက် ပယ်စွန့်ကာ သစ္စာလမ်းပေါ်လျှောက်လှမ်းခဲ့သော မြတ်ဗုဒ္ဓသည် အမှန်တရား အထွတ် အထိပ်သို့ ပရမတ္ထသစ္စာကို သိမြင်သည်။ ငါသိသလို သိစေရမည်ဟူသော ရည်မှန်းချက်ဖြင့် တရားဟောပြီး လမ်းပြသည်။ ဘုရားရှင်ပြသော လမ်းမြင်သူများကို သူတော်စင်ခေါ်သည်။ သမင်တော မိဂဒါဝုန်တွင် သစ္စာ သိ မြင်သော တပည့်ငါးပါးနှင့် အတူ သီတင်းသုံးနေထိုင်တော်မူသည်။
မိုးလရာသီလွန်မြောက်တော့ မိမိတပည့်များကို လူသားမျာအား လမ်းပြဖို့ စေလွှတ်တော်မူသည်။ ကိုယ်တော် တိုင် ဂယာသီသတောင်တန်း သို့ကြွပြီး ရှေးဟောင်းယောဂီကြီးများကို လမ်းမှန်ပြဆောင်တော်မူသည်။ ဂယာတောင် တန်းကြီးနှင့် အနီးဆုံး ရာဂြိုဟ်တွင် မင်းတစ်ပါးအုပ်ချုပ်နေသည်။
ထိုမင်းသည် မင်းသိဒ္ဓတ်သစ္စာတရားရှာဖွေဖို့ရောက် လာစဉ်က မင်းသားသစ္စာတရားများတွေ့ခဲ့ပြီးရင် အကျွနှ်ုပ်ထံ သို့လာခဲ့ပါဦးဟူသော စကားရှိခဲ့ဖူးသည်။ ယခုမြတ်ဗုဒ္ဓသည် ရဟန်းတော်ပေါင်းခြံရံလျှက်ကြွ ရောက် တော်မူခဲ့ပြီ။
ရာဇဂြိုဟ်ပြည့်ရှင်က ကျောင်းဆောင်လုပ် လှူဒါန်းသည်။ ထိုကျောင်းတော်တွင် သီတင်းသုံးနေ ခိုက်မွေး ရပ် မြေသက္ကတိုင်းမှ ဖခမည်း၏ သားတော်ဘုရားကိုတွေ့လိုကြောင်း လာရောက်ခေါ်ဆောင်ကြသည့် တမန်တော် များလာကြသည်။ အဆောတလျင်ကြွတော်မမူခဲ့။
ဖွားဖက်တော် ကာဠုဒါယီ အမတ်လျှောက်ထားသည့်အခါ အချိန်တန်ပြီးမို့ မွေးရပ်မြေ သက္ကတိုင်းသို့ ခရီးရှည် ကြွတော်မူ သည်။ 
ဖခမည်းတော် သုဒ္ဓေါဓနမင်းကြီးက နိဂြောဓာရာမကျောင်းကို ဆောက်လုပ်လှူဒါန်းသည်။ ထိုနိဂြောဓာ ရုံကျောင်းတွင် သားတော်ရာဟုလာ သာမဏေဖြစ်တော်မူသည်။ မင်းသိဒ္ဓတ် တောထွက်သွားစဉ် သက္ကတိုင်းသည် အိမ်ရှေ့စံ မဲ့နေသည်။ ခုနှစ်တာကာလ လွန်မြောက်ပြီးနောက် မွေးရပ်မြေ သို့ ပြန်လည် ကြွရောက်လာသော ဘုရားရှင်အား မယ်ယသော်က သားတော်ရာဟုလာ အတွက် အိမ်ရှေ့စံ အဖြစ်နှင့် ရွှေအိုးကြီးများကို အမွေ အဖြစ် အတောင်းခိုင်း သည်။
ရွှေအိုးကြီးတွေပေးလိုက်ရင် ရွှေသူဌေးဖြစ်ပါမည်။ ရွှေသူဌေးသည် အိုးဘေးကို ရွှေဖြင့် မကယ်နိုင်။ ရွှေသူဌေးကြီး အိုရမည်။ ရွှေသူဌေးကြီးနာရဦးမည်။ အပေါ်ယံ အနာကိုရွှေပေးကုလို့ရပေမယ့် ဇရာကို ရွှေပေးလို့ မရနိုင်။ နောက်ဆုံး ဇရာ မောင်းလိုက်လို့ အဆုံးဖြစ်သော သေခြင်းတရားကို ရွှေတွေပေးပြီး မသေပါနှင့်တောင်း ပန်လို့မရနိုင်သည်။ ရွှေသည် အို၊ နာ၊ သေ ဘေးက မလွတ်နိုင်ကြောင်းသိတော်မူသည်။
မင်းမြောက်တန်ဆာများပေးပြီး အိမ်ရှေ့စံရာထူးကို ပေးနိုင်သော်လည်း အမတ်ပေါင်းဝန်းရံခနေသော မင်းအဖြစ် သည်လည်း အိုရဦးမည်။ ရှင်ဘုရင်ဆိုတော့ ရှင်ဘုရင်အိုအိုရမည်။ အိုခြင်းသဘောက မလွတ်နိုင်။ နောက်ဆုံး တစ်နေ့ ရှင်ဘုရင်မို့ ရှင်ဘုရင်သေ သေရမည်။
တိုင်းသူပြည်သားမျာကို အမိန့်ပေးစေခိုင်းနိုင် သော်လည်း သေမင်းကို တိုင်းပြည်အရှင် မင်း၊ ရှင်ဘုရင်တို့ မနိုင်မှန်းသိတော်မူသည်။
ကိုယ်တော်တိုင် လေးသင်္ချေ ပတ်လုံးရှာဖွေတွေ့ရှိတော်မူခဲ့သော သစ္စာတရားသည် အိုခြင်းမရှိ၊ နာခြင်းသဘော ကင်းသည်။ သေ ခြင်းမရှိ၍ အမတဟုထင်ရှားသည်။
ရွှေအိုးနှင့် မင်းဖြစ်ရေး သင်္ကန်းစကို ကိုင်လျှက် ကျောင်းတော် လိုက်လာသော ရာဟုလာသည် မြတ်၏ ဗုဒ္ဓညွှန်ကြား ချက်ဖြင့် သာမဏေဖြစ်တော်မူသည်။
လူဖြစ်လို့ လူ အဖေဆီက လူတို့ရသင့် ရထိုက်သော ရွှေ၊ ငွေ၊ စည်းစိမ်၊ ဥစ္စာ တို့ကိုတောင်းကြသည်။ ပေးကြ သည်။ မြတ်ဗုဒ္ဓသည် လောကီလွန် အမွေကိုပေးဆောင်တော်မူသည်။ လူသာမန်တို့ ပေးရိုးမရှိကြ။
လောကီသုခကို အို နာ သေဖြင့် အာမခံချက်ပေးထားရသည်။ လောကီချမ်းသည် အို နာ သေကို အခပေးပြီး ခံစားရသည်။ လောကီလွန်ချမ်းသာက အို နာ သေကင်းသည်။ လောကီလွန် ချမ်းသာသည် ငြိမ်းချမ်းခြင်း အရသာမြတ်ရှိသည်။ 
သားတော်ရာဟုလာ ရှင်သာမဏေဖြစ်ပြီး နောက် ရာဇဂြိုဟ်ကို ဘုရားရှင်ပြန်လည်ကြွ ရောက်တော်မူသည်။
လူသာမန်တွေးတွေးကြည့်လျင် ပျော်ရာမှာ မနေရ၊ တော်ရာမှာနေရသည်ဟုရှိသည်။
 
ဘုရားရှင် အတွက် ပျော်စရာဟုခံစားစရာ မရှိတော့သော်လည်း ဖခမည်းမင်းကြီးနှင့် ဆွေတော်မျိုးတော် တို့ကို စွန့်ထားပြီး အများသတ္တ၀ါ အတွက် သင့်တော်ရာမှာသာ သီတင်းသုံးတော်မူသည်။
ဂင်္ဂါမြစ်ကြီးကိုဖြတ်သန်းပြီး ရာဇဂြိုဟ်သို့ အပြန်ခရီးတွင် နောက်တော်ပါးက အမွေးရထားသော သားတစ်ပါး သည် ရှင်သာမဏေ အဖြစ်ဖြင့်ပါလာခဲ့ပြီ။ ဂင်္ဂါမြစ်ကြီးသည် ရေစီးသံလွင်လွင်ပေးလျှက် စီးနေမြဲသာဖြစ်သည်။ 
ရွှေပေးလို့ သူဌေးဖြစ်ပေမယ့်
ရွှေသူဌေးအို အိုရမယ်။
ရွှေသူဌေးလို နာရမယ်။
အသေ ရွှေသူဌေးသေ ခေါ်ရမယ်။

ထီးနန်းအစုံ ကြငှန်းဘုံဝယ်

မတ်ပေါင်းခြွေရံ ဂုဏ်သိန်ဟန်ဖြင့်
ဘုရင်ခေါ်ရိုး ထီးဖြူမိုးလည်း
အို နာ သေပွဲ ၀င်ရတယ်။

မြတ်ဘုရားသခင် သုံးလူ့ရှင်က

အို နာ သေ ကင်း ငြိမ်းချမ်းခြင်းနှင့်
မွှမ်းထုံစုံသား မြတ်တရားကို
ချစ်သားရစေ မိန့်ခွန်းခြွေလို့
ရှင်တော်ရာဟု သာမဏေပြုသည်
ဖခမည်းမွေတော်စစ်စစ်တည်း။
 

Thursday, September 13, 2012

စုန်မှာလား ဆန်မှာလား

ဘ၀သည် မြစ်ပြင်ကျယ်နှင့် တူသည်။ အနိမ့်၊ အမြင့်တောင်စောင်း တောတောင် ချောက်ကြား စသည်ဖြတ် သန်း စီးဆင်းရသည်။ အကွေ့ပေါင်းများစွာကွေ့ဝိုက်ရသည်။ နွေ၊ မိုး၊ ဆောင်း မရှောင်သာ စီးဆင်းမြဲစီး ဆင်းရသည်။

နွေနေအပူတွင် မသက်မသာစီးဆင်းရပြန်သည်။ ဆောင်းရာသီများတွင် မြူးနှင်းတို့ကို အဖော်လုပ်ကာ စီးဆင်း ရပြန်သည်။ ပျော်နေမည် တွေးမိသည်။ မိုးတွင် သူမော်နိုင်ပြီ။ သောင်ပြင်များကို ကျော်ဖြတ်သည်။ ကုန်းကမူ များကို တိုက်စားပြစ် တတ်သည်။ ခေါင်းနှင့် တိုက်ပြစ်သည်။ အမြီးဖျားနှင့်ခတ်ထုတ် သည်။

မြင်မြင်ရာရာကို ကသောင်း ကနင်းဖြစ်အောင် လုပ်ဆောင်နိုင်သည်။ မြစ်မင်း မင်းမူနေ လျှင် တော လုံးတောင် တိုင်း ဟီးဟီးခတ်တော့သည်။

လောကသည် မြစ်တစ်စင်းလိုဖြစ်နေသည်။ လူများသည် ခရီးသွားလှေငယ်များဖြစ်ကြပြန်သည်။

လေအသင့် ရေအသင့်လိုက်ရင်း ပျော်ရသည်။ လေအသင့် ရေအသင့်တွင် ရွက်လွှင့်ကာ ရေစုန်လိုက်ကြ သည်။ လွယ်သည်။ လူလောကထဲက လူတစ်ချို့သည်လည်း ဤသို့ဖြစ်သည်။ သား၊ သမီး၊ ဇနီးကြင်ယာနှင့် အိမ်ထောင်ရာ လူ့ဘောင်တွင်ပျော်ရသည်။

သားအတွက် မယားအတွက်၊ အာဏာ၊ ရာထူးစသည် အတွက် ကိုယ်ကျင့်တရားများကို ပေးဆပ်ကြသည်။ လိုက်လိုက် လျောလျောပေးလိုက်ရသည် လည်းရှိသည်။ သိက္ခာနှင့် ရိက္ခာအလဲအထပ်လုပ်ကြသည် လည်းရှိကြသည်။ လိုချင်တာရဖို့ မလုပ်ချင်သည်များ ကိုလုပ်ဆောင်ရသည်။ 
မကောင်းမှုများကို လိုလိုလားလား လုပ်ဆောင်ပြီး မိမိတို့ဘ၀လည်ပတ်မိနေအောင် လုပ်ဆောင်နေရသည် လည်းရှိကြသည်။

လိုက်ရင်လည်၊ လည်ရင်း မျောနေကြသူများ ဖြစ်ကြသည်။ ရေဆန်တက်ရန်ခက်နေ တော့သည်။ သူသည် ရေစုန်လိုက်သူဖြစ်သည်။

ရေဆန်သည် အစုန်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လူတစ်ချို့ကားရေဆန်ကို ခြေကန်တက်ကြ သည်။ လေအလှန်ကို အနေမှန်အောင် ခြေကန်တောင့်ထား ဆန်တက်တတ်ကြသည်။ ပင်ပန်းသည်။ မသက်သာ။ ချွေးပြိုက်ပြိုက်ကျမည်။ လှော်ရင်းဆန်တက်။ 

ဆန်တက်နေရင်း အမောဖြေရသည်။ လက်စုံချ အသာတကြည် လိုက်ရသော ရေစုန်ခရီးနှင့် ဆန်ကျင့်ဘက် သည် အဆန်ဖြစ်တော့သည်။

ကိုယ်ကျင့် သိက္ခာကို ရိက္ခာနှင့် မလဲလိုကြ။ အပြုလွယ်သော မကောင်းမှုကို စိတ်အား သန်သန်ဖြင့် ကာကွယ်တောင့် ထားနိုင်ကြသည်။ ကာမဂုဏ်ဆောင်ရာ နောက်လို့ မလိုက်ကြ။ လူလောကတွင်နေလျှင် လည်း အစုန်၊ အဆန် သဘောရှိနေမည်သာ ဖြစ်သည်။ အစုန်လမ်းသည် ဆွဲဆောင်ရာ လိုက်ရမြဲ သဘော မို့ အဆုံးတွင် ခြာလည်ရိုက်နေ တတ်သည်။

အဆန်လမ်းသည် အားမာန်တင်းခံပြီး လှော်တက်ရသည့် သဘောမျိုး ရှိသောကြောင့် ခိုင်မြဲသည်။ ကိုယ်ပိုင် ခွန်အားရှိတတ်ကြသည်။ သူသည် ရေဆန်ကို ခြေကန်တက်သူဖြစ်သည်။

သား၊ မယား၊ စီးပွား၊ ဥစ္စာ၊ ရာထူး၊ အာဏာရှိရာလောကကြီးတွင် စုန်၊ ဆန်နေသူများရှိသလို၊ လောက စည်းစိမ်ရေအလျဉ်မှ လွန်မြောက်သူများလဲရှိကြသည်။

ဘ၀ပင်လယ်ကို မကူးမြောက်သေးသော်လည်း လူ့ဘ၀ အရှုပ် အထွေးတို့ဖြင့် ပွေလီသော အနှောင် အတွယ်များကို လွန်မြောက်နိုင်ခဲ့ပြီ၊ သားကင်း၊ မယားကင်း၊ ချစ်ခြင်း တဏှာကင်း လျက် မေတ္တာဖြင့် သာ နေထိုင်နေကြသူများတို့နေရာတွင် ငြိမ်းချမ်းစွာနေနိုင်ပြီ။

ထိုသူများ ကား ဘ၀ပင်လယ်ကို လွန်မြောက်ကြပြီ။ သူသည် ဘ၀ အမောပင်လယ်မှ လွန်ရာကမ်းကို လက်ကိုင် ထားနိုင်ပြီ။ လောဘ၊ ဒေါသ၊ မောဟများကြောင့် စိတ်အပူကုန်ပြီ ၊ အေးချမ်းခြင်တို့သာရှိတော့ သည်။

လောဘသားကောင် ဖြစ်ဖို့ လမ်းမမြင်တော့ပြီ၊ ဒေါသ သားကောင်ဖြစ် ရန် မလိုတော့ပြီ၊ မောဟ ညွတ်ကွင်းကို လွန်မြောက်ပြီ။ အရိယာ သူတော်စင်များသည် ဘ၀ပင်လယ်ခရီးကို အပြီးတိုင် အောင်မြင်ပြီြး ဖစ်၍ လောကလွန်ရာ လောကုတ္တရာ ကမ်းတွင် ငြိမ်အေးစွာ နေနိုင်ပြီ။

ဒုက္ခနွံတောမှ လွတ်မြောက်ပြီး တစ်ဘက်ကမ်းတွင် ငြိမ်းအေးစွာ နေထိုင်သူသည် အရိယာ သူတော်စင် များသာဖြစ်သည်။

အဆန်ခရီး စိတ် အကြံဖြင့် မပြီးနိုင်ပါ။ လှော်ခတ် ဆန်တက်ရပါဦးမည်။



Friday, September 7, 2012

ခရီးသွား ခရီးနား


သူငါအများ ခရီးသွားတို့
သွားကြ လာကြ ဤလောက၀ယ်
အဖြေးလည်းရှိ အပြေးရှိ၏။

မန်းမြို့တော်ကြီးတွင် နေထိုင်ပြီးကျောင်းတက်ရစဉ်က ပါဠိဌာနတွဲဘက်ပါမောက္ခကြီး တစ်ဦးက ပြောဖူးတာ မှတ် မိနေသည်။

သိပ်မလိုချင်နဲ့၊ လိုချင်ရင် ကြောက်ရတတ်တယ်တဲ့။
အဖြောင့်သဘော အဓိပ္ပာယ်ကတော့ မလိုချင်နဲ့တော့၊ မလိုချင်ရင် ဘာမှကြောက်စရာမလိုဘူးပေါ့။

ဖြည်းဖြည်းချင်း သိလာသလိုလိုတော့ ရှိလာ သလိုလိုပါပဲ။ လိုချင်တာတွေများတော့ လိုက်ရပြန်ပါတယ်။ တစ်ခါတစ်လေတော့ ဖြေးဖြေး သက်သာ လိုက်ရပါတယ်။ တစ်ခါတစ်လေကျတော့လဲ အပြေးလိုက်ရ ပါတယ်။ ကိုယ်လိုပြေးနေတဲ့ သူနဲ့တော့ ခရီးတူကြပြန်တယ်။ ဖေးမကူညီရင်း လမ်းလျှောက်မိတော့ ကြည်နူးရပါတယ်။

ကိုယ်ကိုယ်တိုင် ခရီးမောလျှောက်လှမ်းရတော့လဲ စိတ်ဓာတ်အားဖြင့် ဖေးမကူညီ၊ အထောက်အပံ့အားဖြင့် လက်တွဲဆွဲထူ ရှိကြပြန်တော့ ကြည်နူးမိတာ အမှန်ပါ။

လမ်းတွေပေါ်ကြည့်မိလိုက်တော့ တစ်ချို့လူတွေပြေး နေကြတယ်။ တစ်ချို့ကတော့ ဖြေးဖြေးသွားကြတယ်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့ ဖြေးဖြေးလား၊ အပြေးလေးလားတောင် သေချာမသိတော့။
 သေချာတာတစ် ခုက တောတော့ လိုက်နေတယ်။ လိုချင်လို့။

လိုချင်လိုက်ပါ ခရီးတာကား
ရှည်လျားလွန်းစွ အစဘယ်မှာ
အဆုံးကားမသိ ဝေးလွန်း၏။


တစ်ခါတုန်းက ညီတော်၊ နောင်တော်နှစ်ပါး ရှိကြတယ်။ အကိုကြီးဖြစ်သူက ငါရှင်ဘုရှင်မလုပ်ချင်ဘူး ညီတော်၊ မင်းပဲ နန်းစံနေရစ်တော့၊ ငါကတော့ ငြိမ်းချမ်းတဲ့ တောရွာလေးမှာ အေးချမ်းစွာနေခွင့် ရရင်တော်ပါပြီ။

ညီဖြစ်သူ ဘုရင်ဖြစ်ပြီး၊ အကိုကြီးဖြစ်သူ တောရပ်သို့ထွက်ခွာပြီး ငြိမ်းချမ်းခြင်း ကိုရှာတယ်။ လှလိုက်တာ။ အခွင့်၊ အာဏာ၊ ရာထူးကို စွန့်ပြီး ငြိမ်းချမ်းခြင်းနဲ့လည်လှယ်လိုက်တယ်။

ညီဖြစ်သူ ရှင်ဘုရင်က တိုင်းပြည်အတွင်းရှိ ကျေးရွာ၊ မြို့နယ်၊ တိုင်းအသီးသီးကို အခွန်ကောက်ပါ တယ်။ နောင်တော်ကြီးနေထိုင်ရာ ကျေးရွာလေးကတော့ ဘုရှင်မင်းမြတ် အကိုတော်ကြီးနေတဲ့ရွာဖြစ်လို့ အခွန် လွတ်စေတယ်။ ဒီအကြောင်းကို ရွာနီးချုပ်စပ်သိတော့ နော်တော်ကြီးဆီလာကြတယ်။ သူတို့ရွာလေးလဲ အခွန်လွတ်အောင်ဆောင်ကျဉ်ပေးစေချင်ပါတယ်စသည်..စသည်..။

နောင်တော်ကြီးဆောင်ကျဉ်းလိုက်တော့ နောက်ရွာလေးလဲ အခွန်လွတ်သွားပြန်ပါ တယ်။ နောက်ရွာလေး တစ် ရွာ..၊ နောက်တော့ မြို့လေး တစ်မြို့၊ နောက်တော့ ပြည်နယ်တစ်ခု။

အခုလိုဆောင်းကျဉ်ပေးလိုက်လို့ နောင်တော်ကြီးမှာ အာဏာရလာပါတယ်။ အခြေအရံပေါ်လာပါတယ်။ လဒ်ထိုးကြေးအဖြစ်ပါဝင်လာတဲ့ အရက်သေစာ၊ ပျိုကညာတို့ဖြင့် ငြိမ်းချမ်းခြင်းကိုရှာမှီးခဲ့သူကြီး မီးတောက် နေပြီ။ မီးလောင်ရာလေးပင့်သူများ အခစားဝင်လိုက်တော့။ 

ရှင်ဘုရင် မလုပ်ချင်လို့ တောထွက်ခဲ့တဲ့ နောင်တော် ကြီးက ညီတော် ငါရှင်ဘုရင်ပြန် လုပ်မယ်။ မင်းနန်းစွန့်တော့၊ အသာတကြည် မရရင်တော့ မင်းကို စစ်ခင်းပြီး အနိုင်ယူရလိမ့်မယ်။

ငါ့မှာ မင်းကို တိုက်ဖို့ စစ်အင်အား အပြည့်ရှိတယ်။ အာဏာငင်ရာ၊ ရာထူးဆွဲရာ၊ အမြှောက်အပင့် အကြောမှာ မင်းသားကြီးမျောပြီ၊

တစ်ရွာအပိုင်းစား အဆင့်မှ သွေးချင်းညီတော်ကို စစ်ခင်းနိုင်လောက်အောင် အစမရှိတဲ့ ခရီးကြီးကို လှမ်းမိတော့သည်။

ဒီဇာတ်လမ်းကိုဒီမှာပဲ ရပ်ချင်ပါတယ်။ ကမ်းပြိုတယ်ဆိုတာ တစ်ခါတည်း ဗြုန်းဒိုင်း ပြိုတယ်ဆိုတာထက်၊ တစ်လက်မချင်း ပြိုတာပါတဲ့။ လောဘဆိုတာလဲ တဖြည်းဖြည်းချင်တိုးလာတာပါပဲ။

လိုချင်လိုက်ပါ ခရီးတာကား
ရှည်လျားလွန်းစွ အစဘယ်မှာ
အဆုံးကားမသိ ဝေးလွန်း၏။
........................................................... 

ခရီးတစ်ခွင် လျှောက်နေစဉ်ဝယ်
အတ္တ ပရ ညီမျှလျှင်
သင်၏ခရီး လိုရာပြီးလိမ့်။

သံသရာမဆုံးသရွေ့တော့ ခရီးသွားတွေချည်းပါ။

မြတ်ဗုဒ္ဓနှင့် ငြိမ်းချမ်းပြီး သာဝကကြီးများကတော့ ခရီးနားကြီးများဖြစ်ကြသည်။ ဘုရားရှင်လဲခရီးသွားဖြစ်ဖူး သည်။ မသိမှုနဲ့ အစွဲအလန်းများရင် ခရီးနှင်ရဦးမည်။ မြတ်ဗုဒ္ဓသည် ခရီးသည်ကြီးဖြစ်နေစဉ်အတွင်း မိမိအကျိုး၊ သူတစ်ပါး အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူခဲ့သည်။

ဘုရားရှင်ဖြစ်ဖို့ရည်ရွယ်ပြီး ပါရမီတော်များဖြည့် စဉ်တိုင်း စည်းစိမ်၊ ရွှေငွေ၊ ထီးနန်း ကြငှန်စွန့်ပြီး အများအကျိုး ဆောင်တောင်မူသည်။ တစ်ခါတစ်ရံ အသက်စွန့်ပြီး အများ အကျိုးဆောင်တော်မူသည်။ ခရီးလမ်းမှာ အသိဉာဏ်နည်းသူများကို ပညာလမ်းပြလျှက် အမှန်သို့ဆောင်တော်မူသည်။ သတ္တ၀ါအများ ကို အမှန်ရောက် ရေး ပေးဆပ်ခြင်းများပြုလုပ်သည်။

လောကေ ပညာယ အတ္တတ္ထော၊ ပရတ္ထောစ သမိဇ္ဈတိ၊ 

အမှား အမှန်၊ အကျိုးရှိ မရှိကို သိနိုင်သော ပညာဖြင့် လုပ်ဆောင်ခြင်းသည် မိမိအကျိုး၊ သူတစ်ပါး အကျိုးကိုပြီးစေသည်။

မြတ်ဗုဒ္ဓနှင့် မြတ်ဗုဒ္ဓ သာဝကကြီးများသည် သစ္စာလမ်းပေါ်တွင် ပညာကို ကိုင်ဆောင်လျှက် ကရုဏာဖြင့် လျှောက်လှမ်းခဲ့ကြသည်မို့ သံသရာခရီး ဆုံးခန်းတိုင်ခဲ့ကြသည်။ အတ္တ၊ ပရညီမျှခဲ့ကြသည်။ 
အတ္တ၊ ပရကို ညီညီမျှမျှဆောင်ရွက်ခဲ့ကြသူကြီးများ၊ မြင့်မြတ်သူကြီးများတို့သည်..
အောင်ပြီ။
ငြိမ်းပြီ။
အေးပြီ။
သံသရာခရီး အရှည်ကြီးကို ခရီးနားအဖြစ်ဖြင့် အောင်မြင်သွားကြလေပြီ။