အမေနဲ့ အဖေ ကျုပ်သာသနာ့ဘောင်ဝင်ပြီး၊ ရဟန်းပြုပါရစေ၊
အို...မဖြစ်နိုင်တာ သားရယ်။ ငါ့သားက အမေတို့ အဖေတို့ရဲ့ တစ်ဦးတည်းသော သားပါကွယ်။
မင်းသာသနာ့ဘောင်ဝင်ပြီး ရဟန်းပြုလိုက်ရင် တို့အမွေခံခြင်းနဲ့
မျိုးဇာတ်ပြတ်တော့မှာပေါ့။
ပြီးတော့ သားရယ်၊ ရဟန်းဘ၀ဆိုတာ သူများပေးစာ၊
ကမ်းစာကိုသာ စားရတဲ့သူတွေပါ။
ကိုယ်စားချင်တာ စားလို့ မရပါဘူး၊ သားရယ် ကိုယ်တိုင်က
အေးတဲ့ အရသာ အာဟာရလိုချင်ပေမယ့် အပူကို ရတတ်ပါတယ်။ အဲလိုပဲ အပူလိုချင်ရင်
အအေးရတတ်ကွယ့်။
တော်ပြီဗျာ၊
ကျုပ်ကတော့ ရဟန်းမပြုရရင် မထင်းမစားတော့ဘူး။ နောက်ဆုံးတော့ ခိုင်မြဲသော ဆန္ဒပြ၊ အဓိဌာန်ချက်တွေနဲ့
ရဟန်းတော် တစ်ပါးဖြစ်ခဲ့ရပြီ။
ဥယျာဉ်ကြီးသည်
အုံ့ဆိုင်းစိမ်းညို့နေသည်။ ထိုတောအုပ်ကြီး၏ သစ်ပင်တစ်ပင်အောက်တွင်
ရဟန်းတော်တစ်ပါးသီတင်းသုံးနေသည်။ ရဟန်းတော်၏ အသွင်အပြင်သည် စိမ့်စမ်းကောင်းသော
ဂနိုင်ကြီးနှင့်အတူ အေးချမ်းတည်ငြိမ်သည်။
ကြွေသောသစ်ရွက်တစ်ချို့လည်းမြေသက်နေကြသည်။
ရင့်ရော်နေသော သစ်ရွက်အိုတို့ နောက်ဆုံး အချိန်ကိုငံ့လင့်ရင်း တွဲလဲခိုနေကြသည်။
အိုမင်းခြင်းတို့ ကုန်ဆုံးလျှင် ရွက်နုသစ်ဖူးပုရစ် အစုံစုံဖြင့်
တော ရဂုံကြီးလှပေဦးတော့မည်။
နုပျိုခြင်းသည်
အလှတစ်မျိုးဖြစ်သလို၊ ရင့်ရော်ခြင်းဆိုသည်မှာလဲ အလှတစ်မျိုးဟုပင် ဆိုနိုင်သည်။
အားပြိုင်နေသော အလှတို့ အကြားတွင် အိုခြင်း၊ ပျိုခြင်း၊ နုသစ်ခြင်းတို့ကို
အမှုမထားပဲ ငြိမ်သက်ခြင်း တရားဓမ္မကို ရဟန်းတော်ဆင်ခြင်နေလေသည်။
ထိုရဟန်းတော်၏
ရှေ့တွင်ကာ ဘုရင်တစ်ပါး ရှိသည်။ အားမာန်ရှိသည်။ အင်းအားပြည့်သည်။ နိုင်ငံ့ ဦးကင်းဖြစ်သည်အားလျှော်စွာ
တည်ငြိမ်ခြင်းလဲပါနေသည်။ သတိထားကြည့်လျှင် သူ့မျက်ဝန်းတွင်
စူးစမ်းလေ့လာမေးစမ်းလိုသော သဘော အထင်းသားမြင်နိုင်သည်။
အရှင်ဘုရား၊
တပည့်တော်က ကုရုတိုင်းက ဘုရင်ပါကောရဗျမင်းပါဘုရား၊ ရှင်ဘုရား သာသနာ့ဘောင် ၀င်ပြီး
ရဟန်းပြုသွားတယ်ကြားမိတော့ အတော် စိတ်မကောင်းဖြစ်မိပါတယ်။ အံ့လည်းအံ့သြမိပါတယ်။
တပည်တော်အံ့သြတာက အရှင်ဘုရားလို နုနုနယ်နယ်၊ ပျိုပျိုရွယ်ရွယ်လေးနဲ့ လောက စည်းစိမ်တွေကို
စွန့်ပြီး စည်းစိမ်ကင်းတဲ့ ရဟန်းဘ၀ကို ကူးပြောင်းသွားတယ်ဆိုတော့ အံ့သြ လိုက်တာဘုရား၊
တပည့်တော်
သိထားတာက အိမ်ရာထည်ထောင်တဲ့ လူ့ဘ၀ကနေ တောထွက်ရဟန်းပြုကြတယ်ဆိုတာ
အိုမင်းရင့်ရော်ပြီး
စည်းစိမ်ခံစားလို့ မရတော့တဲ့ အချိန်လိုဆိုတဲ့ အိုခြင်းတရား၊
စည်းစိမ်ခံစားလို့
မရနိုင်လောက်အောင် နာကျင်ခြင်းဝေဒနာတို့ ဖြစ်ပေါ်ချိန်၊
ပြီးတော့
စီးပွာဥစ္စာတွေပျက်စီးပြီးထောက်တည်ရာမရ ခိုကိုးရာမဲ့နေတဲ့အချိန်၊
နောက်
ဆွေမျိုးတွေပျက်စီးလို ကြွေးမွေးမယ့် သူမရှိတော့လို့ အားကိုးရာမဲ့တဲ့
အချိန်မျိုးဆိုတဲ့ ပျက်စီးခြင်းတွေနှိပ်စက်လို့ တောထွက်ရဟန်းပြကြတယ်လို့
ထင်နေတာပါဘုရား၊
အရှင်ဘုရားကတော့
သူဌေးသားလဲဖြစ်၊ အရွယ်လဲ နုပျို၊ မိဘများလည် သက်ရှိထင်ရှားရှိနေပါလျှက်နဲ့
ရဟန်းပြုသွားတယ်ဆိုတော့ အံ့သြလွန်းလို့မေးလျှောက်မိတာပါဘုရား။
ရဟန်းတော်နှင့်
ရှင်ဘုရင်တို့အကြား ခဏမျှ တိတ်ဆိတ်သွား၏၊ သစ်ရွက်အိုတစ်ချို့ လှုပ်ခတ်နေ၏။
တစ်ချို့လေတွင်ဝဲကာ မြေသက်ကြ၏။ တောကြီးတစ်လုံးအေးဆေးငြိမ်းချမ်းသည်လဲ ရှိနေ၏။
သစ်ပင် အကြိုအကြားက တိုးဝင်လာသော နေရောင်ခြည်ကြောင့် ရဟန်းတော်၏
အေးဆေးတည်ငြိမ်ပြီး သောက ကင်းသော ပုံရိပ်၊ ပူပန်ခြင်းကင်းသော အသွင်ပြင်၊ ရဲရင့်သော
မူဟန်သည် ပီပြင်ထင်ရှား နေ၏။
ဒကာတော်ကြီး၊
ဟောဒီသစ်ရွက်တွေ ရွက်နုသစ်ကနေ တဖြည်းဖြည်းအိုလာကြတယ်။ ခန္ဓာဆိုတဲ့ သဘောကလည်း
အိုးခြင်းဘက်ကို ဆောင်နေတယ်။ အဲဒီအိုခြင်းဆိုတဲ့ သဘောကိုမြင်လို့ရဟန်းပြု ပါတယ်။
ဟောဒီတောထဲက သစ်ရွက်တွေ
လေတိုက်တော့လဲ ကြွေ၊ မိုးရွာတော့လဲကြွေ၊ သူ့အလိုလိုကြွေ ဆိုတဲ့ ဘေးရှိတယ်။
လူ့ဘ၀ဆိုတာလဲ ကြွေရမယ့် အဖြစ်မျိုးကနေ လွတ်အောင် ရုန်းဖို့ အားမရှိဘူး၊ အားကိုးရာ
မရှိဘူး၊
အဲဒါကြောင့်
အားကိုးလို့ မရတဲ့ သဘောကို မြင်လို့ ရဟန်းပြုပါတယ်။
ဟောဒီတောထဲ
က သစ်ရွက်တွေ နုရာကနေ အို၊ ဖူးပုရစ်ကနေ အို၊ နောက်ဆုံး ရွက်ရော်ဘ၀ ရောက်ပြီး
ဆုတ်ယုတ်နေခြင်းဆိုတဲ့ သဘောရှိသလို၊ ဘ၀ခန္ဓာဆိုတာလဲ ဆုတ်ယုတ်သွားတဲ့ သဘော ပဲရှိပါတယ်။
အဲဒါကိုမြင်လို့
သိလို့ရဟန်းပြုပါတယ်။
ဒကာတော်ကြီးသိသလို၊
ကြားဖူးသလို အဖြစ်မျိုးနဲ့ ရဟန်းပြုခဲ့ခြင်းမဟုတ်ပါဒကာတော်။
မှန်ပါ၊။
ဝမ်းမြောက်လှပါတယ်ဘုရား။
တောဂနိုင်ကြီးသည်
တည်ငြိမ်နေ၏။ သစ်ရွက်တစ်ချို့ လေအဝှေ့တွင် ယိမ်းထိုးလှုပ်ခါနေကြ သည်။ ကြွေသော
တစ်ချို့၊ အိုသော တစ်ချို့ဖြင့် တောဂနိုင်သည် မိုးဦးကာလတွင်လည်း ရွက်သစ်တို့ဖြင့်
လှချေဦးတော့မည်။
ရဟန်းတော်သည်သာ အိုခြင်း၊ နာခြင်း၊ နုပျိုခြင်းတို့ကို အမှုမထား အေးချမ်းခြင်းတရား၌ သာမွေ့လျော်ငြိမ် သက်နေတော့သည်။