Pages

Saturday, July 28, 2012

ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ အမေ

 ရာသီ မရွေး မြူနှင့် နှင်းတို့ ဝေရာ ချင်းတွင်းမြစ် အစ
ချင်းတွင်းမြစ်ရိုး တစ်လျှောက် တိမ်ညိုမည်းတို့ အုံ့ဆိုင်းနေသည်။ ချင်းတွင်းမြစ်သည် ဘယ်ကွေ့ ညာယိုင်ဖြင့် တောင်တန်း အသွယ်သွယ်ကို ဖြတ်သန်း စီးဆင်းခဲ့သည်။ နွေ၊ မိုး၊ ဆောင်းရာသီတိုင်းသည် ချင်းတွင်းမြစ် ဖျားတွင် လှနေလေ့ရှိသည်။

ဆောင်းအခါများသည် နှင်းဖွေးဖွေးဖြင့် လှနေတတ်သည်။ မိုးအခါများတွင် ချင်းတွင်းမြစ်တွင် ရေများ လျှံကာ ပျော်စရာ တစ်ခုအလားဖြစ်နေတတ်သည်။ နွေလအခါများသည် ချင်းတွင်းသောင်ပြင်တွင် လေပွေ တစ်သိုက်တို့ တောင် မြောက်လား ဆော့ကစားနေကြသည်ကို တွေ့ရတတ်သည်။

အောက်ချင်းငှက် တို့ အတောင်ခတ်သံ တဟီးဟီးဖြင့် အဝေးသို့ ခရီးနှင်နေသည်ကို တွေ့ရတတ်သည်။

လူဆိုသည်မှာလည်း သုံးရာသီ ခါမလင့်လှုပ်ရှားနေကြရသည်။ ရှင်သန်ခြင်းဖြင့် လှုပ်ရှားသွားလာနေသော သူများတွင် သူတို့လည်းပါကြသည်။

ငါ့ရှင်တို့ စာမေးပွဲတွေဘယ်လောက်အောင်အောင် အများ အကျိုးမဆောင်ရင် အောင်ရုံသက်သက်သာပဲ ရှိမယ်ဘုရား၊ တန်ဘိုးမမြင့်လှဘူး၊ အခုတော့ ငါ့ရှင်တို့က ဒီတက္ကသိုလ်ကနေသင်ကြားပို့ ချပေးလိုက် လို့ အောင်သင့်အောင်ထိုက်တဲ့ အဆင့်များကို အောင်မြင်ခဲ့ကြပြီ၊

လက်တွေ့လောကထဲဝင်ပြီး တောင်တန်းနေ တိုင်းရင်းသားတို့ရဲ့ အကျိုး၊ တနည်းပြောရရင် တို့မြန်မာ တိုင်းရင်သားဆွေမျိုးတွေရဲ့ အကျိုးကိုဆောင်ရွက်ကြ ရတော့မယ်။ ဉာတတ္ထစရိယလို့ခေါ်နိုင်တယ်၊ အလောင်း တော်မြတ်တို့ ကျင့်သုံးတဲ့ လမ်းစဉ်ကို ငါ့ရှင်တို့က လက်နာကျင့်ကြံပြီး၊ သာသနာပြု ဆိုတဲ့ အနေနဲ့ ရာသီ ဥတုမတူ၊ အစား အသောက်ဆင်းရဲ၊ အနေအထိုင် မပြည့်မစုံ၊ ဘာသာစကား အခက်အခဲတွေနဲ့ မို့ပင်ပန်းဆင်း ရဲခြင်းတော့ရှိကြမယ်ဆိုတာ သိပြီဖြစ်ပါတယ်။ 

 တောင်ပေါ်သားများနှင့် အမှတ်တရ
ဒီတော့ တပည့်တော်များ မှာချင်တာက ငါရှင်တို့ဘ၀မှာ..
၁၊ အသက်မသေစေနဲ့၊
၂၊ ဘ၀ မသေစေနဲ့၊
၃၊ နာမည်မသေစေနဲ့၊
လို့ အကျဉ်းချုပ်မှာလိုက်ချင်တယ်ပါတယ်။

တစ်-ဘ၀ မသေစေနဲ့ဆိုတာက လူ့ဘ၀လေးကို ရထားတဲ့ ငါ့ရှင်တို့ဟာ တောင်တန်းနေ ညီနောင်ဖွားတို့ အတွက် ဆောင်ရွက်ရတဲ့အခါ ဆင်းရဲပင်ပန်းလို့ အနာ၊ အဖျားရှိပြီးလာတဲ့ အခါ ပေတေပြီး မနေပဲ မြို့ တက်ပြီး ဆေးကုသမှုခံယူပါ၊ ငါရှင်တို့လို အများအကျိုးဆောင်တဲ့ သူများကို စောစောစီး စီး သေခွင့် မပေးနိုင်ဘူး။

နှစ်- ဘ၀မသေစေနဲ့ ဆိုတာက အရှင်ဘုရားတို့ တပည့်တော်တို့ရရှိထားတဲ့ ရဟန်းဘ၀ဆိုတာ အသေ အင်မတန် လွယ်ပါတယ်။ တောင်တန်းဒေသတွေရောက်တော့ ငါဘုရင်ပဲ၊ ငါမင်းပဲဆိုပြီး ရဟန်းတော်တစ်ပါး အနေနဲ့ မသင့်တော်တဲ့ အပြု အမူမျိုးကြောင့် မိမိတို့ ရရှိထားတဲ့ ရဟန်းဘ၀ကို မသေပါစေနဲ့ဘုရား။

သုံး- နာမည်မသေစေနဲ့ ဒါကတော့ ကိုယ်ထမ်းဆောင်ရမယ့်နေရာဌာနရောက်တော့ ပတ်ဝန်းကျင်နဲ့ မတည့်၊ သာသနာ့ညီတော်၊ နောင်တော်များနဲ့ အဆင်မပြေ၊ ထင်ရာစိုင်းပြီး ကိုယ်ကျရာတာဝန် လစ်ဟင်းကာ သာသနာပြုရဟန်းတော်ဆိုတဲ့ နာမည်လည်း မသေပါစေလို့ တပည့်တော်များ က ပြောကြား အားပေးလိုပါတယ်။

ဤသို့ဖြင့် တန်ဖိုးရှိလှသော အမှာစကားများကို ရင်ဝယ်ထားလျှက်ဖြင့် တောင်ပြာတန်းကို ထွက်ခဲ့ရသည်။ တစ်နှစ်တာရဲ့ အအေးဆုံးလဆိုနိုင်သော ဒီဇင်ဘာလတွင် တောင်တန်းမြေကို အခြေချခဲ့ရသည်။

တာဝန်ထမ်းဆောင်ပြီဖြစ်ကြောင်း အကြောင်းကြားစာကို မြို့နယ်သာသနာရေးဌာနတွင် လက်မှတ်ထိုးပြီး မှတ်တမ်း တင်ရသည်။ ဤဌာနတွင် သူ့ကိုတွေ့ခဲ့ရသည်။ သူကားမြို့နယ် သာသနာရေး ဌာန လက်ထောက် စာရေးဖြစ်သည်။ 
တောင်ပြာတန်းမှ မှတ်တမ်းငယ်

အော်..၊ ဦးဇင်း၊ တပည့်တော် မန္တလေးမြို့သာသနာတက္ကသိုလ်ကျောင်းဆင်းတစ်ယောက်ပါ၊ ထမံသီမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ အခုတော့ ဦးဇင်းတို့ သိတဲ့အတိုင်းပဲ အခြေအနေအရ လူဝတ်လဲပြီး သာသနာ့ တာဝန်ထမ်းဆောင်နေဆဲပါဘုရား၊ ဘာမှမပူပါနဲ့၊ တပည့်တော် တတ်နိုင်သလောက် ကူညီပေးပါ့မယ် ဘုရား။

မှတ်မိနေပါသေးတယ်ဘုရား၊ ဦးဇင်းတို့လိုပဲ တောင်တန်းဒေသ စပြီးကြွရတော့၊ မယ်တော်ကြီးက မှာရှာတယ်။

မျက်ရည်အရွှဲသားနဲ့ပေါ့ဘုရား၊ ဦးဇင်း တောင်တန်းဒေသဆိုတာ အချိုစားချင်ပေမယ့် အချဉ်ရတတ် တယ်၊ နွေးနွေးထွေးထွေးနေချင်ပေမယ်၊ ခိုက်ခိုက်တုန်အေးနေတတ်တယ်။ ဆက်ဆံပေါင်းသင်းရမယ့် လူတွေကလည်း ရိုးသားကြတယ်လို့ ကြားဖူးပေမယ့် ရောက်ခါစဆိုတော့ အနေစိမ်းပြီး တစ်စိမ်း ဆန်နေကြမယ်။ ရောဂါဘယ များလဲ ဖြစ်တတ်သတဲ့ဦးဇင်းရယ်၊ 

ဒါပေမယ့် အမေကတော့ မပူဖူးနော် ဦးဇင်း၊ ဘာလို့ဆိုတော့ ဦးဇင်းက ငယ်တော့တာမှ မဟုတ်တာ၊ သာသနာပြုရာမှာ အောင်အောင်မြင်မြင်နဲ့ လိုရာခရီးပြီးမြောက်ပါစေလို့ပဲ တပည့်တော်မ ကတော့ ဆုတောင်းပါတယ်တဲ့ဘုရား။

အဲဒီတော့ တပည့်တော်က နှုတ်မထွက်ပေမယ့် “ပေးတဲ့ ဆုနဲ့ပြည့်ပါစေ အမေ”လို့ ဆုတောင်းခဲ့ဖူးပါတယ်။

ဘ၀ဆိုတာ ဖြစ်ချင်တာဖြစ်ခွင့် မရတတ်တဲ့ သဘောကို ဦးဇင်းတို့လဲ သဘောပေါက်လောက်ပြီးပါပြီ၊ တပည့်တော် တာဝန်ကျတဲ့ရွာလေးမှာ တာဝန်ထမ်းဆောင်ရင်း ပါရမီကုန်တယ်ပဲ ရိုးရိုးပြောကြပါစို့။ ဘ၀ပြောင်း ရမယ့် ကိန်းကြုံလာပါတယ်။ ဆုံးဖြတ်ချက်လည်း ချပြီးပါပြီ၊ အောက်ရပ်အောက်ရွာပြန်ပြီး ဘွဲ့လက်ခံယူမယ်၊ ပြီးရင် ဒီတောင်တန်းကိုပြန်လာပြီး လူထွက်မယ်ပေါ့ဘုရား၊

အောင်ရပ်အောက်ရွာတုန်း အမေ့ဆီသွား ပါသေးတယ်။ မယ်တော်ကြီးကိုတော့ တောင်တန်းပြန် လူထွက် မယ် လို့ ဘယ်ပြောရက်မလဲ ဦးဇင်းရယ်၊

ဒကာမကြီး၊ ဦးဇင်း တောင်တန်းမှာ မပြီးပြတ်သေးတဲ့ အလုပ်များရှိနေလို့ တစ်နှစ်ထပ်တိုးထမ်းဆောင်ဖို့ ဆုံးဖြတ်ထားပါတယ်လို့ ပြောရတာပေါ့၊ ဒီတော့ မယ်တော်ကြီးက မပြောင်းလဲတဲ့ ဆုတောင်း စကား တွေပြောတာပေါ့။

မယ်တော်ကြီး ဆုတောင်း စကားတွေဆုံးတော့၊ တပည့်တော်က တစ်ခုပဲပြောလိုက်ပါတယ်။ ရင်ထဲကပေါ့၊  “ပေးတဲ့ဆုနဲ့ပြည့်ပါစေ အမေ”လို့ပေါ့ဘုရား။
 တောင်ပြာတန်းဘ၀ အမှတ်တရ
အခုတော့ ဦးဇင်းတို့ မြင်တဲ့ အတိုင်းပဲ လူဝတ်လဲ၊ သားနဲ့ မယားနဲ့ လောကတာဝန်ထမ်းဆောင်နေ ရတယ်ပေါ့ဘုရား။ အမေ့ကို မြင်ယောင်မိတယ်။ တပည့်တော်လူထွက်တာ အမေဘယ်သိအုံးမလဲဘုရား။

ဘာပဲပြောပြော နောက်ထပ်ကြွရောက်လာမယ် ဦးဇင်းများကို လျှောက်ထားချင်တာကတော့ တပည့်တော် လို မဖြစ်စေချင်ဘူး။ ဦးဇင်းတို့ ကြွလာတော့လဲ ဦးဇင်းတို့ မယ်တော်ကြီးများက “သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ၊ ခလုတ် မထိ၊ ဆူးမညိပဲ လိုရာခရီးပြီးမြောက်ပါစေ”ဆိုတဲ့ ရိုးသားလှတဲ့ ဆုပေး မျိုးတော့ နှုတ်က ထွက်ပြီး မပေးတောင်မှပဲ အမေတို့ရင်ထဲရှိနေကြမှာပါဘုရား။

တပည့်တော်လို့တော့ အမေ့ ဆုပေးကို “ပေးတဲ့ဆုနဲ့ပြည့်ပါစေ အမေ” မညာမိကြပါစေနဲ့ လို့ လျှောက် ထားချင် ပါတယ်ဘုရား။

ချင်းတွင်းမြစ်ရိုးတွင် တိမ်ညိုမည်းနှင့် ဆောင်းနှင်းတို့ရောထွေးကာ မိုးသီးမိုးပေါက်များ အဖြစ် ပြိုဆင်း လာသည်။ ကမ်းတစ်ဘက်သို့ ကူးဖြတ်လာသော ငှက်ငယ်တစ်အုပ်သည် မြစ်လည်တွင် သောင်ထွန်းသော ကျွန်းလေးပေါ် သို့ ထိုးဆင်းသွားကြသည်။

ငှက်ငယ်တစ်အုပ်သည် တစ်ဘက်ကမ်းသို့ မရောက်တော့ပြီ။ တိမ်မည်းညိုနှင့် ဆောင်းနှင်းတို့ ရောထွေး ကာ ပုံရိပ်သည် ဝေး၀ါးသွား တော့သည်။

ရုတ်တရက် စိတ်ထဲတွင် ပေါ်လာသော ..

၁။ အသက် မသေစေနဲ့၊
၂၊ ဘ၀မသေစေနဲ့၊
၃၊ နာမည် မသေစေနဲ့ဟုသာ ရေရွတ်မိသည်။ 

.......................................................................
( တောင်ပြာတန်းမှ၊ မြို့နယ်၊ သာသနာရေး အရာရှိ၊ ကိုရဲဝင်းသို့ အမှတ်တရ)။ 


Wednesday, July 25, 2012

သီလ ပညာ



ယတ္ထ သီလံ တတ္ထ ပညာ၊ ယတ္ထ ပညာ တတ္ထ သီလံ၊
သီလ၀တော ပညာ၊ ပည၀တော သီလံ။
သီလပညာဏဉ္စ ပန လောကသ္မိံ အဂ္ဂမက္ခာယတိ။
( သောဏဒဏ္ဍသုတ္တ)

အကြင်သူ၌ သီလရှိ၏၊ ထိုသူ၌ ပညာရှိပါသည်။
အကြင်သူ၌ ပညာရှိ၏၊ ထိုသူ၌ သီလရှိပါသည်။
သီလရှိသော သူအား ပညာရှိပါ၏။
ပညာရှိသော သူအား သီလရှိပါ၏။
သီလနှင့် ပညာကို လောက၌ အမြတ်ဆုံးဟု ဆိုအပ်ပါသည်။

သမိုင်းလှသော ဗုဒ္ဓ၀င်ဇာတ်တော်များသည် အိန္ဒိယနိုင်ငံကြီး၏ နက်ရှိုင်းသော အတွင်းပိုင်းတွင် နစ်ဝင်လျက် ရှိသည်။ အိန္ဒိယနိုင်ငံ၏ စာပေ၊ ကဗျာ၊ ဘာသာစကားများကို ဗုဒ္ဓဘာသာ၏ အရှိန်က ကြီးမားစွာလွှမ်းမိုးထား နိုင်သည်။ အဿဂေါသသည် ကဗျာ၊ နီတိ၊ ပြဇာတ်ဆရာကြီးများဖြစ်သည့် ကာလီဒါသ၊ ဘာဘ၊ စာဏကျ တို့ထက် ရှေးဦးစွာ ကဗျာ၊ ပြဇာတ်၊ နီတိ၊ ဒဿနများ စွာကို ရေးသားခဲ့သူသည် ဗုဒ္ဓသာဝက တစ်ဦးဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အနုလက်ရာ၊ ရသ၊ ကဗျာနှင့် အတွေး အခေါ်များကို ဦးဆောင်ခဲ့သူဆိုနိုင်သည်။
သူသည် အေ ဒီတစ်ရာစု၊ သို့မဟုတ် ဘီ စီနှောင်းပိုင်းတွင် ပေါ်ထွန်းခဲ့သူ ဖြစ်သည်။

Sakyamini Buddha was certainly the greatest man to have been born in India, and the contribution of his teachings towards Indian history and culture was perhaps greater than that of Brahmanism.

သကျမုနိဗုဒ္ဓသည် အမှန်အားဖြင့် အိန္ဒိယနိုင်ငံတွင် မွေးဖွားခဲ့သော အကြီးအမြတ်ဆုံး လူသားဖြစ် သည်။ မြတ်ဗုဒ္ဓ ၏ လမ်းညွှန်ချက်ဖြစ်သော တရားတော်များ၏ အိန္ဒိယနိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှုတို့ အတွက် အကျိုး သက်ရောက်မှုသည် ဗြဟ္မဏအယူဝါဒထက် ပိုမိုကြီးမြတ်သည်ဟုဆိုနိုင်ကောင်းသည်။
အိန္ဒိယနိုင်ငံ၏ အတိတ်သမိုင်းကြောင်းပြန်ပြောင်းလေ့လာသူများက ဤကဲ့သို့ဆိုခဲ့ကြသည်။

ဗြဟ္မဏအယူဝါဒသည် ဗုဒ္ဓမြတ်စွာထက်စောပြီး အိန္ဒိယတွင်ပေါ်ပေါက်သည်။ တဆင့်ချင်းတိုးတက်လာသော ဘာသာဝါဒဖြစ်သည်။ ကျမ်းပေါင်းများစွာကို ဆရာ( ဂုရု) ကြီးပေါင်းများစွာက ရေးသားဖွင့် ဆိုခဲ့ကြ သည်။ ခေတ်အဆက်ဆက်ရေးသားခဲ့ကြသည်။ မြတ်ဗုဒ္ဓ လက်ထက်တော်တွင် ဗြဟ္မဏကြီးဝေရဉ္ဖ၊ ကုဋဒန္တ၊ ပေါက္ခသာတိတို့ကဲ့သို့သော ဗြဟ္မဏကြီးများသည် ဗုဒ္ဓဘုရားရှင်နှင့် လာရောက်ပြီး
ဗြဟ္မဏ၀ါဒရေးရာများကို ဆွေးနွေးကြသည်။


မြတ်ဗုဒ္ဓသည် ဇာတ်စနစ်၊ ယဇ်ပူဇော်၊ ပူဇာတေးဖွဲ့ခြင်းအားဖြင့် မပြည့်စုံသော ဗြဟ္မဏများ၏ အယူဝါဒများ ကို သီလ၊ ပညာ တို့ဖြင့် အထွတ်တပ်ထားသော မဇ္ဈိမလမ်းစဉ်ဖြင့် ချိန်ထိုးပြခဲ့သည်။

လူတစ်ဦးတွင် သီလ၊ ပညာထက်ပိုမိုမြင့်မြတ်သော အရာမရှိကြောင်းနှင့် မဇ္ဈိမလမ်းစဉ်သည် သီလ၊ ပညာဖြင့် ဖွဲ့စီထားခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ဇာတ်စနစ်ကိုပယ်သည်။ ဒေ၀တာများကို ပူဇာတေးဖွဲ့သီနေရုံရုံ သက်သက်ဖြင့် လွန်မြောက်မှုမရနိုင်ကြောင်း ရှင်းပြသည်။ တည်ထောင်က တည်းကပင် အနိုင်ယူလာခဲ့ သည်ဆိုနိုင်သော ဗုဒ္ဓ၀ါဒသည် အိန္ဒိယနိုင်ငံကြီးတွင် ခိုင်ခိုင်မြဲမြဲ အမြစ်တွယ်နေခြင်းမှာ အံ့သြဖွယ်မဟုတ်တော့။ သီလ၊ ပညာ ဟူသော စနစ်များဖြင့် ဖွဲ့သီထားသော ဗုဒ္ဓလမ်းစဉ်သည် ဗြဟ္မဏ၀ါဒထက် အကျိုးပိုမိုသက်ရောက် သည်ဟုဆိုခြင်းသည် မှန်ကန်သည်။

စာပေအနေအားဖြင့်လည်း ပါဠိဘာသာသက်သက်သာမက သက္ကတဖြင့်လည်းထွန်းတောက် အောင်ဖော်
ဆောင်နိုင်ခဲ့သည်။ မြောက်ပိုင်း ဗုဒ္ဓဘာသာသည် ဗြဟ္မဏကြီးများ အလေး အမြတ်ထားသော သက္ကတဖြင့် ဗုဒ္ဓ၀စနများကို ရေးသားဖွင့် ဆိုခဲ့ကြသည်။ တစ်ချိန်က ဗုဒ္ဓ၀ါဒမည် မျှကြီးမားခဲ့ကြောင်းကို အိန္ဒိယနိုင်ငံ၏ လူဦးရေ သုံးပုံပုံ နှစ်ပုံသည် ဗုဒ္ဓ လမ်းစဉ်ကိုလိုက်နာကျင့် သုံးခဲ့ကြသည်ဟု ကမ္ဘာသိ ဒဿနပညာရှင် သိဝေကာနန္ဒက ဆိုခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အနုပညာလက်ရာ အနေအားဖြင့် ရှေးအကျဆုံးလက်ရာများသည် ဗုဒ္ဓ၀င်နှင့် သက်ဆိုင်ခဲ့ သည်။ ပညာရေး အတွက် ဦးဆောင်ဦးရွက်ပြုခဲ့သည့် အခန်းကဏ္ဍတွင် ဗုဒ္ဓတက္ကသိုလ်ကြီးများ ထူထောင် ခြင်းက သက်သေခံ လျက်ရှိသည်။ စစ်ပြုပြီးမှ အနိုင်ရအောင်မြင်သော နောက်ပေါက် ဘာသာတရားများ ပေါ်ထွန်း လာသောအခါ ဗုဒ္ဓလမ်းစဉ်သည် သီလ၊ ပညာနှင့် ငြိမ်းချမ်းရေး ကို မြတ်နိုးသော လူသားကြီးတို့ နှလုံးသားတွင် ပိုမိုထင်ရှားလာသည်။


နှစ်ပေါင်းတစ်ထောင်ကျော်ကျော်အတွင်း ဘာသာရေးအောင်မြင်ရေးအတွက် လူ့အသက်ပေါင်း သန်းပေါင်း များစွာ အသတ်ခံရပြီးမှ အောင်ပွဲဆင် နယ်မြေလုလာခြင်းမျာကို မျက်ဝါးထင်ထင်တွေ့ လိုက်ရသော အခါ နှစ်ပေါင်း နှစ်ထောင်ခြောက်ရာကျော်သက်တန်း အတွင်း ဘာသာရေး အမည်ခံပြီး သွေးတစ် စက် မြေမကျခဲ့သော ဗုဒ္ဓ လမ်းစဉ်သည် အနှိုင်းမဲ့ဖြစ်လာသည်။ ငြိမ်းချမ်းရေးလိုလားသော လူသားများ သည် ဗုဒ္ဓလမ်းစဉ်ကို တပူတပြင်း ရှာဖွေလျက်ရှိသည်။

ဗုဒ္ဓလမ်းစဉ်သည် သီလ၊ ပညာနှစ်ပါးကို အထွတ်ထားပြီး ငြိမ်းချမ်းခြင်း အစစ်ကို ရှာဖွေသည်။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော လောကကို လှစေသော သဘောတရားများဖြင့်
အငြိမ်းဓာတ်မရမီလူပီပီနေနိုင်ရေး အတွက် ငြိမ်းချမ်းရေးလမ်းစဉ်များကို ညွှန်ပြတော်မူခဲ့သည်။

Today India is again appearing on the Buddhist map of the world.
Indians are awakening to their Buddhist past.

ယနေ့အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ဗုဒ္ဓဘာသာ မြေပုံကားချပ်ပေါ်တွင် တစ်ဖန်ပေါ်ထွက်လာပြန်ပြီ၊
အိန္ဒိယနိုင်ငံသားများသည် သူတို့၏ ဗုဒ္ဓဘာသာဆိုင်ရာအတိတ်မှ သမိုင်းအသိဉာဏ်များ နိုးထခဲ့ပြီ။


Friday, July 20, 2012

အမိမြေ အလွမ်းပြေ




တောင်ပိုင်း ဒြာဗီဒီယန်တို့ နယ်မြေ
ခရီးတိုင်းသည် ပျော်စရာမကောင်းပါ၊ သို့သော် အပျော်ခရီး မဟုတ်ပေမယ့် ကျေနပ်စရာလေးဖြင့် ကြုံရသော အခါ ကြည်နူးရပါသည်။ အမိမြေနှင့် မနီးသော အခြားနိုင်ငံတွင် အမိမြေကြောင်း ပြောပါလျှင် ရင်ခုန်ပါသည်။ နိုင်ငံခြားသားတစ်ဦး အထံမှ မင်္ဂလာပါဟုပြောလျှင် ဘယ်လိုတုံ့ပြန်ရမည် မသိအောင် ကြည်နူးပါသည်။

ထို့အတူ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားသာ ခရီးသွားများသည်လည်း သူတို့ ဘာသာ စကားဖြင့် နှုတ်ဆက်ပါလျှင် ၀မ်းသာတတ်ကြသည်။ ပြုံးပျော်ကြည်နူးကြသည်။ အိန္ဒိယနိုင် ငံကြီး သည် ပြည်နယ်ပေါင်းများစွာဖြင့် တည်ထောင်ထားသော ကမ္ဘာ့လူဦးရေ ဒုတိယ အများဆုံးနိုင် ငံကြီးဖြစ် သည်။ ဘာသာ စကား အမျိုးပေါင်း ထောင်ပေါင်းချီရှိကြောင်းသိရသည်။

ဓလေ့ထုံးစံများလည်း ပေါများကြွယ်ဝကြောင်း ဂုဏ်ယူပြောဆိုကြသည်။ လူတို့စိတ်ကို ထိန်းကြောင်းပေးရာ ဘာသာတရားများစွာလည်း ထွန်းကားသည်။ မိမိနိုင်ငံ အတွင်းသာ ကြွယ်ဝချမ်းသာပြည့်စုံနေသည် မဟုတ်၊ အာရှတိုက်တစ်တိုက်လုံးနီးပါးသည် အိန္ဒိယနိုင်ငံကြီး၏ ဘာသာတရား၊ ဘာသာစကား၊ အနုလက်ရာ၊ ခံစားမှု၊ သုခုမစသည်ဖြင့် ဆက်စပ်နေသည်ချည်းဖြစ်သည်။

အိန္ဒိယနိုင်ငံကြီး၏ သမိုင်းနှင့် ယဉ်ကျေးမှု အကြောင်းကို ကောင်းကောင်းနားလည်လိုလျှင် ပြင်ပကမ္ဘာသို့ ခဏထွက်ကြည့်လိုက်ပါဟု ၀န်ကြီးချုပ် နေရူးပြောဆိုဖူးသည်။ ထိုကဲ့သို့ ခိုင်မာသော နူးညံ့သိမ်မွေ့သော၊ အများလေးစားအားကျရသော အိန္ဒိယနိုင်ငံယဉ်ကျေးမှုကို ဗုဒ္ဓဘာသာက အဓိကကျော်ထောက်နောက်ခံပြု ထား သည် ဆိုလျှင် သမိုင်းဆရာများ မငြင်းဆိုကြပါ။

လောလောဆယ် အခြေ အနေကို ရုတ်တရက် မသုံးသပ်ပဲ၊ အတိတ် သမိုင်းတို့ကို ပြန်လှန်လိုက် လျှင် ရွှေရောင် ခေတ်သည် ဗုဒ္ဓလက်ထက်တော်နှင့် အသောကမင်းတို့ အုပ်ချုပ်ရာ ကာလများကို ညွှန်းဆိုကြသည်။

တောင်ပိုင်း၊ မြောက်ပိုင်းအားဖြင့် အိန္ဒိယနိုင်ငံကြီးကို သတ်မှတ်ပြောဆိုကြသည်။ တောင်ပိုင်း သည်ဒြာဗီဒီ ယန် တို့ဒေသဖြစ်သည်။ တမီးနာဒူးပြည်နယ်၊ ကေရလပြည်နယ်၊ ကာနာတကပြည်နယ်၊ အန္ဒရာ ပရာဒတ်ပြည်နယ် တို့ကို ဆိုလိုသည်။ လူမည်းများဟု ဆိုကြသည်။ သမိုင်းကြောင်းပြန်ရောက်ပါ လျှင် ဒြာဗီဒီယန်တို့သည် ဌာနေတိုင်းရင်းသားများဖြစ်ကြောင်းသမိုင်းရှိသည်။

မြောက်ပိုင်းအာရယန်တို့ဒေသတွင် တစ်တာကာလ နေထိုင်ပြီးနောက်၊ တောင်ပိုင်းဒေသသို့ ခရီးဆက်ခဲ့ ရသည်။ အပျော်ခရီး မဟုတ်ပါ။ ကျောင်းတက်ရန် မိုင်ပေါင်းထောင်ချီလာခဲ့ရခြင်းဖြစ်သည်။ 

 အနမလိုက် တက္ကသိုလ် အမှတ်တံဆိပ်
 ချင်းနိုင်းမြို့လေးမှ ငါးနာရီခန့်ဆက်လက်မောင်းနှင်ရသော တောင်ဘက်ပိုင်းရှိ ချစ်းဒမ်းပဒမ်း( Chidambaram city) မြို့လေးသို့ မနက်ခင်းမိုးဖွဲဖွဲတွင် ထွက်ခဲ့ရသည်။ ကားလမ်းဘေးဝဲယာ များသည် မြန်မာနိုင်ငံကဲ့သို့ပင် ရှိသည်။ မန်းကျီးပင်တန်များကို မြင်ရသည်။ 

ပင်လယ်နှင့် နီးသောကြောင့် ခိုင်ခန့်သော ရေဒဏ်ခံသစ်ပင် ပြန့်ပြန့်တောကြီးများကို မြင်ရသည်။ မနက်ကိုးနာရီခန့်တွင် လမ်းတစ်နေရာတွင် မနက်စာ စားကြသည်။ စားသောက်ဆိုင်မှ ထွက်ပြီး အပြင်သို့ ခဏထွက်ကာ လက်ဘက်ရည်( ကုလားခေါ် ချရေ) သောက်နေစဉ် လူတစ်ယောက်အနားသို့ရောက်လာ သည်။ ပြီးတော့ မြန်မာနိုင်ငံအကြောင်းများကိုမေးသည်။ လွယ်အိပ်တွင်ပါ သော မြန်မာစာလုံးများကို လက်ညှိုးထိုးပြသည်။

ရန်ကုန်မြို့ ကြည်မြင်တိုင်တွင်နေခဲ့ဖူးကြောင်း၊ သူ့အသက် ဆယ့်လေးနှစ်တွင် မြန်မာနိုင်ငံ က ပြန်လာ ခဲ့ကြောင်း ပြောပြသည်။ ပို၍ထားခြားသည်မှာ မြန်မာနိုင်ငံ ၏ နိုင်ငံတော် သီချင်း ကမ္ဘာမကြေ ကိုဆိုပြခြင်းဖြစ်သည်။ အပျော်ခရီး မဟုတ်ပေမယ့် ရင်ထဲ လှိုက်လှိုက်လှဲလှဲကြည်နူးမိသည်။

ဤသို့ဖြင့် ချစ်ဒမ်ပဒမ်းမြို့လေးရှိ အနမလိုက်( annamalai university) တွင် ကျောင်းသားဖြစ်ပြီး ကျောင်း နဲ့နီး သော နေရာတွင် တည်းခိုရန် အိမ်ရှာရပြန်သည်။ တက္ကသိုလ်နှင့်နီးသော ရပ်ကွက်တွင် အိမ်တစ် လုံးငှားလိုက်ကြ သည်။ နောက်နေ့တွင် အိမ်ရှင်မိသားစုရောက်လာသည်။ 

 ဒြာဗီဒီယန်များနှင့် အမှတ်တရ
ထူးခြားသည်မှာ အိမ်ရှင်၏ အဖေသည် မြန်မာနိုင်ငံ ဒေးဒရဲမြို့တွင် မွေဖွားသူဖြစ်ကြောင်း မိတ်ဆက်ပေး သဖြင့် ကြည်နူးရပြန်သည်။ သူ့အသက် ခုနှစ်ခန့်က အိန္ဒိယနိုင်ငံသို့ ပြန်လာခဲ့ကြောင်းပြောပြသည်။ လက်အုပ် တစ်ချီချီ ဖြင့် ဘုရားကြီးတစ်ဆူကို ပတ်ခြာလှည့်ပြီး ဘုန်းတော်ကြီးများ ဆွမ်းလောင်းသည် ကို မြင်ဖူးကြောင်း ပြောပြ သဖြင့် အတိုင်း မသိကြည်နူးရသည်။

အမိမြေကို အလွမ်းပြေပြောမိကြသည်။ 

ဘင်္ဂလားပင်လယ်ပြင်ကိုဖြတ်သန်းပြီး မြန်မာနိုင်ငံသို့ လာခဲ့ကြောင်းပြောပြသည်။ လွတ်လပ်ရေးရသော အခါ မြန်မာနိုင်ငံသား မဟုတ်သူများ ကို ပြန်ပို့ရာ တွင် ပြန်လာခဲ့ကြောင်း စကားစပ်မိတိုင်းပြောမိကြသည်။

စကားပြောတိုင်း ဘုန်းကြီး၊ ဘုန်းကြီးဟု ထည့်ထည့်ပြောတတ်သည်။ ကုလားစကားတတ်သည်။ 


Saturday, July 14, 2012

ဟိမ၀န္တာ ဂင်္ဂါ ယမုံနာနှင့် မြစ်မင်း ဧရာဝတီ

 ဟိမ၀န္တာတောင်တန်း
အိန္ဒိယနိုင်ငံတော် သီချင်းတွင် ဂင်္ဂါမြစ်၊ ယမုံနာမြစ်၊ ဟိမ၀န္တာတောင်တန်းတို့ကို ထည့်သွင်း ဖွဲ့ဆိုသည်။ ဗုဒ္ဓပိဋကတ်တော်များတွင် ဂင်္ဂါမြစ်သည် နေရာကျယ်သည်။ ယမုံနာမြစ်ကို ရံခါတွေ့နိုင်သည်။ ဂင်္ဂါ တွင် မျောပါ လာသော သစ်တုံးကြီးကို တစ်ခုကို ဥပမာပေးပြီး ခန္ဓာ၊ လောက၊ လောကုတ္တရာ တရားများနှင့် ဆက်နွှယ် ပေါင်းပြလျှက် ဒါရုက္ခန္ဓောပမာ သုတ်ကိုဟောကြားသည်။

ဂင်္ဂါကမ်းခြေက သဲစုမကပွင့်တော်မူကြသော ဘုရားရှင်တို့ ဟူသော စကားသည် ဗုဒ္ဓဘာသာဝင် မြန်မာ တိုင်း နီးပါးသိကြသည်။ ဂင်္ဂါသည် ဟိမ၀န္တာတောင်တန်းကြီးမှ စီးဆင်းသည်။ 

 ဂင်္ဂါမြစ်ကမ်းနှင့် ဗာရာဏသီ
ဂင်္ဂါမြစ်ကြီးသာမဟုတ် အာရှတိုက် တစ်တိုက်လုံး နီးပါးရှိ မြစ်အပေါင်းတို့သည် ဟိမ၀န္တာတောင်တန်းကြီး မှ ဖြာထွက် စီးဆင်းကြသည်။ မြန်မာနိုင်ငံကြီး၏ အရှည်ဆုံးနှင့် ပဓာန အကျဆုံးဖြစ်သော အသက်သွေးကြော မြစ်မင်းဧရာနှင့် အနောက်ဘက်တောင်တန်းများအကြားက ချင်းတွင်းမြစ်တို့သည် ဟိမ၀န္တာတောင်တန်းဆီမှ မြစ်ဖျားခံစီးဆင်းကြသည်။

တရုတ်နိုင်ငံကြီး၏ အရှည်ဆုံးဖြစ်သော ယန်ဇီမြစ်ကြီးသည် ဟိဝမန္တာတောင်တန်းကြီးမှ အခြေခံသည်။ အိန္ဒိယ နိုင်ငံမြောက်ဘက်တစ်ခိုရှိ တောင်ကြောကြီးသည် ဆောင်းတွင် နှင်းတို့ ဖွေးဖွေးလှုပ်လှုပ်ဖြင့် တောင်
တန်းကြီး တစ်ခုလုံး နှင်းဖုံးနေတတ်သည်။

နွေလရာသီများတွင် နေပူရှိန်ကြောင့် နှင့်ခဲတို့ အရေပျော်ကာ တောင်စောင်းတစ်လျှောက် ဖောက်ထွက်ယို စီးသွားကြသော နှင်း တို့ဖြင့် ဝေနေတတ်သည်။ မိုးလရာသီများသည် ကောင်းကင်း တစ်ခုလုံး ပြိုဆင်း လာသော တိမ်ညိုမည်းတို့မှ မိုးရေပေါက်တို့သည် နေရှိန်ဒဏ်ကြောင့် ပြိုဆင်း သွားကြသော တောင်တန်း ချိုင့်ဝှမ်းကြီး များကို ဖြည့်ဆည်းပေးနေသလိုရှိသည်။ မိုးရေသည် နှင်းကျန်တို့နှင့်ရေထွေးကာ စိမ့်စိမ့် အေးတော့သည်။

အလောင်းတော်မြတ်တော ထွက်တော်မူလာစဉ်က ဂင်္ဂါမြစ်ကို အကြိမ်ကြိမ်ဖြတ်သန်းပြီး ယမုံနာဖြစ်စီး ဆင်းရာ မဂဓတိုင်းသို့ရောက်လာသည်။ နေရဉ္ဖရာမြစ်ကမ်း အနီးတစ်ဝိုက် လှည့်လည်တော်မူလျှက် သစ္စတရားရှာ ဖွေသည်။ ဂင်္ဂါမြစ်ကို ဖြတ်သန်းပြီး မွေးရပ်ထံ ကပိလ၀တ်သို့ ပြန်ကြွသည်။ 

 ယမုံနာမြစ်ကမ်းမှ မြင်ရသော တပ်ဂ်ျမဟာ
ဘုရားရှင်နောက်ဆုံးပိုင်း ဘ၀တာကာလများကို ဂင်္ဂါမြစ်ကမ်းနှင့် ဟိမ၀န္တာတောင်တန်းကြီးတို့ကို အမှီပြုနေ ထိုင်ကြသော လူ အများအား ငြိမ်းချမ်းရေး တရားဟောကြားလျှက် ကုန်ဆုံးစေတော်မူခဲ့သည်။

မြတ်ဗုဒ္ဓသာလျှင်မဟုတ် အိန္ဒိယနိုင်ငံ ဇာတိဖွားသူတော်စင် မှန်သမျှသည် ဂင်္ဂါမြစ်ကမ်းတွင် ပူဇာတေးဖွဲ့ကြ သည်။ ဟိန္ဒူဘာသာရိုးရာအရ လူတစ်ဦးသေဆုံးလျှင် ဂင်္ဂါတွင် မျှောလိုက်ကြသည်။ မြစ်ရေယဉ် တွင် မျောပါသွားသော ခန္ဓာကိုယ်သည် ဟိမ၀န္တာတောင်ထွတ်မှသည် ဗြဟ္မပြည့်သို့ရောက်ကြောင်း ယူဆကြသည်။ ဂင်္ဂါမြစ်တွင် အပြစ်ဆေးကြောသူတို့ကို ယနေ့တိုင်တွေ့နိုင်သည်။

ဟိန္ဒူဘာသာ အတွက် မြင့်မြတ်သော မြစ် holy river ဖြစ်သည်။ ထိုဂင်္ဂါမြစ်နှင့် ယမုံနာကို တေးဖွဲ့ လိုက်သော ဘင်္ဂါလီ စာဆိုကြီး ရာဘင်ဒြာနတ်သ် ဒဂိုးသည် ဗုဒ္ဓဘုရား၏ ဇာတ်လမ်းများကို သိသည်။ မြတ်ဘုရားကို ဦးညွတ်သည်။ အိန္ဒိယနိုင်ငံမှ ပေါ်ပေါက်သမျှဇာတ်လမ်း မဟာများကို ဂင်္ဂါမြစ်ကြီး သိသည်။
 ဂင်္ဂါမြစ် အတွင်း ရေချိုးဆင်းသူများ
မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေး အတွက်လှမ်းကြွခဲ့သော ခြေတော်ရာများကို ဂင်္ဂါမြစ်ကြီးတွင် ခြေရာခံနိုင်ပါသေး သည်။

ဆောင်း၊ နွေ၊ မိုး သုံးရာသီလုံး နှင်းဖုံးနေတတ်သောကြောင့် ဟိမ၀န္တာ- နှင်းများ အမြဲတမ်း ရှိနေသော တောင်တန်းဟု ပါဠိဘာသာအားဖြင့် သိကြသည်။ 

 အမိမြေမှ မြစ်မင်းဧရာဝတီနှင့် လှေငယ်ရှင်
ဂင်္ဂါမြစ်ကို ဖြတ်သန်းရတိုင်း၊ 
ဟိမ၀န္တာတောင်တန်းကြီးကိုမြင်ရတိုင်း၊ 
အမိမြေက မြစ်မင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်၊ 
အနောက်ဘက်ကနေ အမိမြေကို ကာရံထားသော ရခိုင်တောင်တန်း၊ 
အရှေ့ဘက် ကုန်းမြေမြင့်က ရှမ်းတောင်တန်း တို့ကို ဘယ်သော အခါများမှ 
အမိမြေနိုင်ငံတော်တေး သွားတွင် နားဆင် ခွင့်ရမည် မသိနိုင်ပါ။ 


Tuesday, July 10, 2012

ချစ်တတ်ရမယ်


ဗုဒ္ဓသာသနာတော်တွင် တောင်ပိုင်း အခြေစိုက် သာသနာပြုရာ ဌာနသည် ရာဇဂြိုဟ်မြို့ဖြစ်သည်။ ဘုရင် ဗိမ္ဗိသာရမင်းသည် ဘုရားရှင်အားကျောင်း ဆောက်လှူဒါန်းသည်။ ၀ါတောကျောင်းဟု နာမည်ထင်ရှား သည်။ ထိုကျောင်းတွင် ဒုတိယ၊ တတိယ၊ စတုတ္ထ၊ တစ်ဆယ့်ခုနှစ်ဝါနှင့် နှစ်ဆယ်မြောက်ဝါ အားဖြင့် ငါးဝါတိုင်တိုင် သီတင်းသုံးတော်မူသည်။

မြောက်ပိုင်း အခြေစိုက် သာသနာပြုဌာနမှာ သာဝတ္ထိမြို့ဖြစ်သည်။ ဘုရင်ကောသလ အုပ်ချုပ်သည်။ သာဝတ္ထိမြို့ တွင် ကျောင်းနှစ်ကျောင်းရှိသည်။ အနာထပိဏ် သူဌေးကြီး၏ ဇေတ၀န်နှင့် ကျောင်းအမ ၀ိသာခါ၏ ပုဗ္ဗာရုံ ကျောင်းတိုက်တို့ဖြစ်ကြသည်။ ထိုကျောင်းတိုက်နှစ်ခုတွင် နှစ်ဆယ့်လေးဝါတိုင်တိုင် ၀ါဆို ၀ါကပ်တော်မူသည်။

ဘုရင်ကောသလမင်းသည် ရာဇကာရာမ အမည်ရသောကျောင်းကို ဆောက်လှူဒါန်းသော်လည်း ဘုရားရှင် ၀ါဆိုကပ်ကြောင်းမှတ်တမ်းမရှိပါ။ သို့သော် ကောသလမင်းကြီးသည် ဘုရားနှင့် အင်မတန်ရင်းနှီးပြီး အသက် အားဖြင့် အတူတူဖြစ်ကြောင်းသိရသည်။ ကျောင်းသို့ အ၀င်အထွက်လုပ်၍ အမေးအမြန်း ၀ါသနာထုံသည်။
 ဇေတ၀န်ကျောင်းတော်၊ ကျောင်းဒကာနှင့် ဘုရားရှင်
တစ်ခါသော် ကာသတိုင်းရဲ့ဘုရင် ကောသလမင်းသည် ဘုရား အထံတော်သို့ရောက်လာသည်။ စိတ်ထဲ မရှင်းလင်းသည်များကို မေးမြန်းသည်။

အရှင်ဘုရား၊ အရှင်ဘုရားက သဗ္ဗညုတဉာဏ်ရတယ်လို့ ၀န်ခံပါသလားဘုရား၊
ဘုရားရှင်က ဒကာတော် ငါဘုရားက သဗ္ဗညုတဉာဏ်တော်ကို ရတယ်လို့ ၀န်ခံပါတယ်။

အရှင်ဘုရား၊ တပည့်တော်နိုင်ငံအတွင်းမှာ တပည့်သာဝက အခြံအရံများတဲ့ ပုရာဏကဿပ၊ မက္ခလိဂေါ သာလတို့ရှိကြပါတယ်။ သူတို့ကိုမေးကြည့်တော့။ သဗ္ဗညုတဉာဏ်ရှင် အဖြစ်လက်မခံ၊ ၀န်မခံကြပါဘူး။ အသက် ငယ်တဲ့ ရှင်တော်ဂေါတမက ဘာကြောင့် ဘုရား အဖြစ်ဝန်ခံတာလဲလို့ သူတို့က ပြောကြပါ တယ်ဘုရား။

ဒကာတော်၊ ငယ်ရွယ်ပေမယ့် မလေးမစား မပြုသင့်တဲ့ အရာ( မင်း၊ မြွေ၊ မီး၊ ရဟန်း) လေးမျိုးရှိ တယ်ဟု မိန့် တော်မူကာ အကျင့် သီလနှင့်ပြည့်စုံသော ရသေ့၊ ရဟန်းကို အထင်မသေးရာဟု မိန့်တော်မူ သည်။

ဤကဲ့သို့လျှောက်ထားခြင်းမှာ ကာသိတိုင်းဘုရင် ကောသလမင်းသည် ပုထုဇဉ်သာဖြစ်၏။ မိမိပိုင်စိုး အုပ်ချုပ်ရာနိုင်ငံအတွင်းတွင် ဘုရား အမည်ခံသူများကိုလည်းမကြာခဏတွေ့ရ၏။ 

သူတို့ဟောပြောချက်များကို နားယောင်တတ်သည်။ ဘုရား၊ တရား၊ သံဃာကို သောတာပန် အနေမျိုးဖြင့် မယုံကြည်နိုင်သေးသော ဘုရင် ကောသလသည် ဤသို့ ထူးထူး ဆန်းဆန်လျှောက်ထားဖူးသည်။
………………………………………………………………..

 ဘုရားရှင်နှင့် ဘုရင် ကောသလမင်း
တစ်ခါသော် ဘုရင်ကောသလမင်းသည် အချစ်နှင့် ပတ်သက်ပြီး တွေးတောကြံဆနေသည်။ သူ့အတွေးမှာ ”ကိုယ့်ကိုယ်ကို ချစ်သလား၊ မချစ်ဘူးလား” ဖြစ်သည်။

အရှင်ဘုရား၊ တပည့်တော် တစ်ယောက်တည်းတွေးနေ ခဲ့ဖူးပါတယ်ဘုရား၊ လောကမှာ လူတွေက..
အပြုအမူဖြစ်သော ကာယကံအနေနဲ့ အသက်သတ်မှု၊ ခိုးမှု၊ သူများသားသမီး၊ သားမယားဖောက်ပြားမှုတွေ လွန်ကျူးကြတယ်ဘုရား။( ကာယဒုစရိုက်)

နောက်…လိမ်လည်မှု၊ တစ်ယောက်နဲ့တစ်ယောက်ရဲ့ချစ်ခြင်းကို ကွဲပြားပျက်စီးအောင် ပြောဆိုမှု၊
ကြမ်းကြမ်း တမ်းတမ်းပြောဆိုမှု၊
အနှစ်သာရကင်းမဲ့သော စကားဆိုခြင်များကို ပြောဆိုကြပါတယ်ဘုရား။( ၀စီဒုစရိုက်)

ပြီးတော့…။ မနာလိုဝန်တိုမှု၊ သူတစ်ပါး စည်းစိမ် ပျက်စီးလိုမှု၊ ကောင်းမှု၊ မကောင်းမှု စသည် မရှိစသည်ဖြင့် တွေးတောတတ်ကြပါတယ်။ ( မနောဒုစရိုက်)

အဲဒီလူတွေက ကိုယ့်ကိုယ်ကို ဘယ်လောက်ချစ်တယ်ပြောပြော၊ တပည့်တော်ကတော့ ချစ်ရာမရောက်ဖူး လို့ ထင်မိပါတယ်ဘုရား။
နောက်လူတစ်မျိုးကတော့..
အထက်ပါလူနဲ့ပြောင်းပြန်အနေအားဖြင့်..

အသက်သတ်မှုကနေ ရှောင်ကြဉ်တယ်။
ခိုးယူခြင်းကနေ ရှောင်ကြဉ်တယ်။
မတရားသော ကာမဂုဏ်ကနေ ရှောင်ကြဉ်တယ်။ (ကာယသုစရိုက်)

မှန်မှန်ကန်ကန်ပြောဆိုတယ်။
နူးနူးညံ့ညံ့ပြောဆိုတယ်။
ကွဲပြားနေသူတွေ ပြန်လည်ပေါင်းစည်းကြောင်းသာပြော ဆိုတယ်။
အနှစ်သာရပါတဲ့စကားကိုပြောဆိုတယ်။ ( ၀စီသုစရိုက်)

သူတစ်ပါးစည်းစိမ်ကို မနာလိုမဖြစ်ပဲ၊ ၀မ်းမြောက်ကြတယ်ဘုရား။
သူတစ်ပါးရဲ့ အသက်နဲ့စည်းစိမ်ကို ပျက်စီးလိုတဲ့ အလိုတရား မရှိခြင်း။
မှန်ကန်တဲ့ အယူအဆ၊ ကံ၊ ကံ၏ အကျိုးတို့ကို သက်ဝင်ယုံကြည်တယ်ဘုရား။ ( မနောသုစရိုက်)

အဲလိုလူတွေက ကိုယ့်ကိုယ်ကို မချစ်ဘူး ဘယ်လိုပြောပြော၊ သူတို့လုပ်နေတဲ့ အလုပ်တွေက ကိုယ့်ကိုယ်ကို ချစ်ကြောင်းသက်သေပြကြတယ်ဘုရား။

 ယနေ့မြင်တွေ့ရသော ဇေတ၀န်ကျောင်းတော်ရာ( လွမ်းစရာဖြစ်ရော့)

အဲလိုတပည့်တော်တွေးနေမိပါတယ်။ အရှင်ဘုရား မှန်မမှန်သိချင်လို့ပါဘုရား။

ဒကာတော်ကြီး၊ ဒကာတော်တွေးတာ မှန်တယ်။ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင် မကောင်းမှုတွေ က ရှောင်ကြဉ် ကြရတယ်။
ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင် မကောင်းမှုမလုပ်ရဘူး၊
မကောင်းမှုလုပ်တဲ့သူဆိုတာ စစ်မှန်တဲ့ချမ်းသာကို မရနိုင်ပေဘူး၊ ဒကာတော်။

ကာသိတိုင်းဘုရင်ကောသလမင်းသည် တစ်ခါတစ်ရံတွင် သူတစ်ပါး စကားနားယောင်ပြီး၊ တဆင့်စကားဖြင့် ဘုရားရှင်အား”ဘုရားဟုတ်၊ မဟုတ်”လျှောက်ထားသည်။

တစ်ခါတစ်ရံတွင် “ပိယသုတ္တံ”ကဲ့သို့ သဘာဝကျသော တွေးတောချက်လေးများဖြင့် ဘုရားရှင် အလိုတော် ကျ အတွေးကောင်းလေးများလဲ တွေးတောတတ်သည်။

ဇေတ၀န်ကျောင်းတော် ၀န်းကျင်သည် လေအေးလေး တမြမြနှင့် လှနေသည်။ ရှဉ့်နက်ကလေး များ တောင်မြောက် ခုန်ကူးဖြင့် အလှထူးနေတော့သည်။ 


Friday, July 6, 2012

ရခဲခြင်း အရာငါးမျိုး


ခင်ဗျားတို့ ဗုဒ္ဓဘာသာရဟန်းတော်တွေနေ့စဉ်နေ့တိုင်း ဗုဒ္ဓဘုရားရှင်ကို ပူဇော်တဲ့ ၀တ်ပြုကျမ်းရှိသလား၊ အဲဒီအထဲမှာရော ဘာတွေပါသလဲ၊
အစည်းအဝေးများတွင် မေးလေ့ရှိသော မေးခွန်းဖြစ်သည်။

ဘာသာတိုင်းမှာရှိကြတယ်နော်၊ ကျနော်တို့ ဟိန္ဒူတွေဆိုရင် ဘဂ၀တ်ဂီတလာ ကဗျာတွေကို ရွတ်ဖတ်ပြီး ကျနော်တို့ ဒေ၀တာတွေကို ပူဇော်ကြပါတယ်။ ခရစ်ယာန်၊ မူဆလင်တွေလဲ ရှိကြပါတယ်။ ကိုယ်ပိုင် ၀တ်ပြုကျမ်းတွေပေါ့၊  ထိုမေးခွန်းများကို ကြားရသောအခါ မြတ်ဗုဒ္ဓနေ့စဉ် ကျင့်သုံးရမည့် ရွတ်ဖတ်စရာ ကျင့်ဝတ်ပြကျမ်း ရယ်လို့ မရှိပါ။

ကိုယ်ပိုင် မြတ်နိုးရာကျမ်းဂန်လာ စကားတော်၊ ပါဠိတော်နဲ့ လျှော်သလိုရှိခိုးပူဇော်မှုပြုကြ ပါတယ်လို့ သာဖြေရသည်။ စိတ်ထဲတွင်တော့ သိပ်ပြီး ဘ၀င်မကျလှပါ။ အဘိဏှသုတ်တော်လာတရားတော် သည်လည်း နေ့စဉ် ကျင့်သုံးရမည့် ဆင်ခြင်နည်းကိုသာ ပြောသည်။ ထိုတရားတော်လာ အိုခြင်း၊ နာခြင်း၊ ကွေကွင်းရခြင်း၊ နောက်ဆုံးသေဆုံးရခြင်းများကိုလည်း ရှင်မပြလိုပြန်၊ ထို့အပြင် ဆိုပါတရားတော် ကို နေ့စဉ်ဟောဖြစ်သည်ဟု သေချာမသိရပြန်။

သို့သော် မြတ်စွာဘုရားသည် နေ့စဉ်ဟောသော တရားတော်ရှိသည်။ ရဟန်းတော်ပေါင်းခြံရံလျှက် မြို့၊ ရွာ၊ ကျေးတောအရပ်များသို့ ဆွမ်းခံကြွတော်မူသည်။

ဆွမ်းခံအပြန် ခြေဆေး အင်ပျဉ်တွင် ခြေဆေးတော်မူရင်း မိန့်ကြားလေ့ရှိသော တရားတော်မှာ ဒုလ္လဘ တရားငါးပါးဖြစ်သည်ကို သတိရမိသည်။ ထိုအသိလေးကိုပင် အမေးရှင်နားလည်အောင် ရှင်းပြရသည်။ ဘုရားရှင်သည် နေ့စဉ်ပင် မိမိ၏ တပည့်သား၊ သာဝကတို့အား ရခဲသော အဖြစ်ငါးမျိုး ကိုဟောကြား
ကြောင်း စကားပလ္လင်ခံပြောရသည်။ 

 ၁၊ ဘုရားရှင်ပွင့်ထွန်းပွင့်ပေါ်ဖို့ ခက်ခဲပါတယ်။ ပြီးတော့ ဘုရားနှစ်ဆူလည်း ပွင့်ပေါ်ရိုး မရှိပါ။ ဘုရားဖြစ် ရန် ကောင်းမှုများစွာကို ကမ္ဘာပေါင်းများစွာပြုလုပ်ပြီးမှ ဘုရားဖြစ်ရကြောင်း ဗုဒ္ဓတရားတော်များ အရ ဘုရားမပွင့် သော ကမ္ဘာများရှိကြောင်းရှင်းပြရသည်။ ဗုဒ္ဓဘုရားရှင်သည် လူသားကို အဓိက ထားပြီး လောက၏ ကောင်းကျိုးချမ်းသာ၊ ပဋိပက္ခကင်းရှင်းရေးကိုဖော်ဆောင်ကြောင်း ရှင်းပြရပါသည်။ ဗုဒ္ဓဘာသာဝင်များ အတွက် ဗုဒ္ဓဘုရားရှင် ပွင့်ထွန်းတော်မူလာခြင်းသည် ပထမ အခက်ဆုံး ဖြစ်ကြောင်းနှင့် ထိုရခဲစွာသော အခွင့်ထူးကြီးကို မမေ့မလျှော့ဆင်ခြင်ရမည်ဟု ရှင်းပြရသည်။

၂၊ ဘုရားပွင့်တဲ့ ကာလမှာ လူဖြစ်ဖို့လဲ ခက်ခဲပါတယ်။ လူဖြစ်ဦးတော့ ဘုရားမှန်းသိနိုင်တဲ့ အသိဉာဏ်ပါ သူဖြစ်ဖို့မလွယ်ကြောင်း၊ ဗုဒ္ဓဘာသာတရားတော်တွင် လူ့အဖြစ်ကိုရခြင်းသည် အကြီးမားဆုံး ကံကောင်းခြင်း ဖြစ်ကြောင်းရှင်းပြရသည်။ 
ဗုဒ္ဓဘုရားရှင်ကလူ့ဘ၀သည် အထက်လမ်းသို့တက်လှမ်း ရောက်နိုင်ရန် အစပျိုးရာဌာနဖြစ်ကြောင်း
ပြောပြရသည်။

ထို့ကြောင့် လူ့အဖြစ်ရနေခြင်းသည် နေ့တိုင်းဆင်ခြင် စရာဖြစ် ကြောင်းနှင့် မိမိတို့ရရှိထားသော ဘ၀ကို အချည်းနှည်းမဖြစ်စေဖို့ ဘုရားဆုံးမပါတယ်။

ဗုဒ္ဓသာဝက များအနေနှင့် ဒုတိယမြောက်ဖြစ်သော လူ့အဖြစ်ကို နေ့စဉ်နေ့တိုင်း ဆင်ခြင်ရကြောင်း ရှင်းပြရသည်။


၃။ ဗုဒ္ဓဘာသာလမ်းစဉ်တွင် လူအများရှိသော်လည်း အိမ်ရာတည်ထောင်လူ့ဘောင်မှ ထွက်ခွာပြီး ရဟန်းပြုဖို့ ခက်ခဲကြောင်း၊ ကမ္ဘာ့ဗုဒ္ဓဘာသာဦးရေနှင့်ပြောလျှင် တစ်ရာတစ်ယောက် ရဟန်းတော် မဖြစ်နိုင်ကြောင်းရှင်း ပြရသည်။ မြန်မာနိုင်ငံတွင် လူဦးရေသန်းခြောက်ဆယ်ရှိကြောင်း၊ ထိုတွင် ငါးသိန်းလောက်သာ ရဟန်းတော် ဖြစ်ကြောင်း၊ ဘုရားပွင့်ထွန်းရာဤအိန္ဒိယနိုင်ငံတွင် ရဟန်းတော်ဦးရေ လူဦးရေနှင့် စာသော် မရှိသလောက် နည်းပါးကြောင်းရှင်းရသည်။

ရဟန်းတော်ဖြစ်လာခြင်းဖြင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို အထောက် အကူပြုကြောင်းရှင်းပြရသည်။ 
အများ အကျိုး ဆောင်များပေါ်ထွန်းလာခြင်းဖြစ်ကြောင်းရှင်းပြရသည်။

၎။ ဗုဒ္ဓ အဆုံးအမများပြန့်ပွားပြီး၊ အများအကျိုးဆောင်လိုသော စိတ်( သဒ္ဓါ) ရှိရန်ခက်ခဲကြောင်း သည် လေးခုမြောက်ရခဲခြင်းဖြစ်ကြောင်းရှင်းပြရသည်။ ဗုဒ္ဓဘာသာသည် အိန္ဒိယနိုင်ငံ၏ ယဉ်ကျေး မှုနှင့်ခွဲခြားမရ ကြောင်းရှင်းပြရသည်။

ဗုဒ္ဓဘာသာသည် အသွင်အပြင်အားဖြင့် ပျောက်ကွယ်ခဲ့ရသော်လည်း အနုလက်ရာ၊ စာပေ၊ စိတ်ပိုင်းဆိုင်ရာ အလှ၊ လူသားစာနာမှု၊ ညီညွတ်ခြင်းစသည့်စွမ်အားများပျောက်ကွယ်ခဲ့ခြင်းမရှိကြောင်း၊ ထိုအကြောင်းအရာ များသည် သဒ္ဓါတရားအားကောင်းသော ဗုဒ္ဓသာဝကများဖြစ်ကြသည့် ရဟန်းတော်၊ ရှင်ဘုရင်၊ လူဥပါသကာ များ၏ ခိုင်မြဲသော ယုံကြည်ခြင်း၏ အကျိုးရလဒ်ဖြစ်ကြောင်းရှင်းပြရသည်။

အများဆောင်လိုသော စိတ်ရှိခြင်းသည် နေ့စဉ်ဆင်ခြင်ရမည့် ရခဲသော အရာတစ်ခုဖြစ်ကြောင်းပြော ရသည်။ ဤသို့ဆင်ခြင်လိုက်ခြင်းဖြင့် မရသေးသောသဒ္ဓါတရားများဖြစ်ပေါ် လာနိုင်ကြောင်းလည်းရှင်းပြရ သည်။

၅။ လောကီလူ့ဘ၀အရှုပ် အထွေးများထဲမှ လွတ်မြောက်လိုသော ဆန္ဒသည်လည်း ရခဲသော တရား ပင်ဖြစ်ကြောင်းရှင်းရပြန်သည်။ လွတ်မြောက်ရေးတရားကိုလိုက်နာလိုသော အသိသည် ထူးခြားကြောင်း၊ ဗုဒ္ဓဘုရားရှင် နှင့်ခေတ်ပြိုင် ဘုရား အမည်ခံများရှိကြောင်း၊ ခပ်ဆင်ဆင်ဖြစ်သောလမ်းမှား တရားတော် များ နောက်သို့ မလိုက်မိရန် ကြီးမားသော အသိဖြင့် သတိထားရသည်။

ဘုရားရှင်တရားတော်သို့ လိုက်ပါကျင့်ဆောင်လိုသော စိတ်ဓာတ်သည် အလွန်ခက်ခဲပြီး လိုက်နာကျင့် သုံး နိုင်ပါကလည်း ဗုဒ္ဓဘာသာဝင် များ၏ ပန်းတိုင်ဖြစ်သော အငြိမ်းဓာတ်(နိဗ္ဗာန်)ကိုရရှိနိုင်ကြောင်း၊

အခြား ဘာသာဝင်များ နည်းတူ ဗုဒ္ဓဘာသာ အများစုသည် ဤရခဲသော အရာငါးမျိုးကို နေ့စဉ် ဆင်ခြင်ကြကြောင်း ရှင်းပြရသည်။
ပါဠိဘာသာအားဖြင့်

၁။ ဗုဒ္ဓပ္ပါဒေါ ဒုလ္လဘော၊
၂၊ မနုဿတ္တဘာဝေါ ဒုလ္လဘော၊
၃၊ ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော၊
၎၊ သဒ္ဓါသမ္ပတ္တိဘာဝေါ ဒုလ္လဘော၊
၅၊ သဒ္ဓမ္မသ၀နံ ဒုလ္လဘံ၊

ဟုဆင်ခြင်ရကြောင်းရှင်းပြရသည်။
ဤသို့ဆင်ခြင်ခြင်းသည် အခြားဘာသာများကဲ့သို့ ဆုလဒ်တစ်ခုရလို၍ မဟုတ်ကြောင်း၊ 

နတ်ဒေ၀တာ၊ ဖန်ဆင်းရှင်တို့၏ အထောက်အပံ့ကို မျှော်လင့်ခြင်း မရှိကြောင်းနှင့် ဗုဒ္ဓဘုရားရှင်က 

မိမိကိုယ်ကိုယ်ကို အားကိုးဖို့သာ ညွှန်ကြားသဖြင့် ဗုဒ္ဓလမ်းစဉ်များသည် လူသားများနှင့် ပိုမိုနီးစပ်ကြောင်း ရှင်းပြရသည်။